Tuesday, January 7, 2014

ယနေ့ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်တွင်းရေး အခြေအနေ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)
နာဂစ်မုန်တိုင်းပြီးနောက် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေနဲ့အတူ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

ပြည်သူလူထုမှ ရွေးချယ် တင်မြှောက်ခြင်းအားဖြင့် ပေါ်ပေါက်လာသော ပြည်သူ့အစိုးရပါ ဟူသည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၏ (၃နှစ်) သက်တမ်း ကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် ပြည်တွင်းရေး အခြေအနေအချို့ကို ပြန်လည်၍ သုံးသပ်လိုပါသည်။ မကောင်းမြင်ခြင်း၊ အကောင်းမြင်ခြင်း ဟူသော အစွန်းနှစ်ဘက် လမ်းကြောင်းပေါ်မှ မဟုတ်ပဲ ပကတိ အခြေအနေအတိုင်း စာရေးသူ၏ အမြင်အတိုင်းသာ ရိုးသားစွာ သုံးသပ် တင်ပြထားပါသည်။


သမ္မတဦးသိန်းစိန်သည် တြိဂံဒေသတိုင်းစစ်ဌာနချူပ် တိုင်းမှူးတစ်ဦး ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တစ်ဦး ဖြစ်သူ ဗိုလ်ချူပ်မှူးကြီးသန်းရွှေ၏ နအဖအဖွဲ့တွင် အတွင်းရေးမှူး (၁) အဖြစ်၎င်း၊ ဝန်ကြီးချူပ်အဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်ချူပ်ကြီးဟောင်းတစ်ဦး ဖြစ်ပါသည်။ ရိုးသားပြီး အေးဆေးတည်ငြိမ်မူ ရှိသည်။ တက်ကြွသော စစ်ခေါင်းဆောင်တစ်ဦး မဟုတ်ပဲ စစ်ရေးစစ်ရာတွင် ထူးချွန်သူ မဟုတ်ပေ။ သို့သော် Staff Duty ဟုခေါ်သော ရုံးလုပ်ငန်းပိုင်း ဆိုင်ရာတွင်မူ စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်သူ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး (ဟောင်း) သိန်းစိန်
 
ရန်ကုန်မြို့ အလံပြဘုရားလမ်းတွင် ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိခဲ့စဉ်က စခန်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ၏ ဆွဲတင်မြှောက်စားခြင်းဖြင့် စစ်ဦးစီး (ဗိုလ်မှူးချူပ်) စစ်ဆင်ရေး၊ ခြေလျင်မဆင်းရသော အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမူဌာနချူပ်၊ စကခမှူး၊ တိုင်းမှူးဘဝများကို အဆင့်ဆင့်တက်လှမ်းကာ ချောမွေ့သောလမ်းပေါ်တွင် လျှောက်လှမ်း လာခဲ့ရသူ ဖြစ်၏။ ကက(ကြည်း) စစ်ဦးစီး ဗိုလ်မှူးချူပ်ဘဝတွင် စစ်ဆင်ရေးအချို့၌ မြေပြင်အခြေအနေအား ကောင်းစွာမသိပဲ တပ်တည် တပ်လှုပ်များကို မြေပုံပေါ်တွင် မိမိသဘောဖြင့် လုပ်ကိုင်ခဲ့သဖြင့် မြေပြင်မှ တပ်မှူးကြီးငယ်များ အကြပ်အတည်း ဖြစ်ခဲ့ရဖူးသည်။ 

ထိုအချိန်က စစ်ရေး၊ နိုင်ငံရေးတွင် ထူးချွန်ထက်မြက်သောသူ အများအပြားအကြား ၎င်းကိုဆွဲတင်လာခဲ့သည်မှာ တွေးတောစရာ ကောင်းသော အချက်တစ်ခုဖြစ်၏။ ဦးသိန်းစိန်သည် အမိန့်ကို ကောင်းစွာ နာခံတတ်သော်လည်း အကြပ်အတည်းကာလများတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပြတ်သားစွာ မလုပ်ကိုင်နိုင်ပဲ အမိန့်ကိုသာ စောင့်ဆိုင်း လုပ်ကိုင်တတ်၏။

ဝန်ကြီးချူပ်ဘဝတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဥက္ကဌဖြစ်ပြီး နာဂစ်မုန်တိုင်းကြီး တိုက်ခတ်၍ အကြီးအကျယ် ပျက်စီးဆုံးရှူံးနေခဲ့ရသော အခြေအနေတွင်ပင် နယ်မြေအခြေအနေကို သွားရောက်စစ်ဆေးရာ၌ ရှူးဖိနပ်အား ပြောင်အောင်တိုက်ထားပြီး လတ်တလော လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်သည့်အပြင် “အခုတော့ သိသွားပြီ အိုးခွက်ပန်းကန်ကအစ လိုတယ်၊ အစည်းအဝေး ကျရင် ပြန်လည်တင်ပြပေးမယ်” ဟူ၍ မုန်တိုင်းဒဏ်ခံ ပြည်သူလူထုကို နှုတ်အားဖြင့် အားပေး သွားသော တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ တြိဂံဒေသတိုင်းစစ်ဌာချူပ် တိုင်းမှူးဘဝတွင် မြန်မာ - ထိုင်း နယ်စပ်မျဉ်းအနီးမှ အက်စ်အက်စ်အေ စခန်းများကို စစ်ဆင်ရေးလုပ်ခဲ့ရာ မအောင်မြင်ခဲ့ပဲ ထိုင်းစစ်တပ်နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မူ ဖြစ်ပွားခဲ့ရ၏။ ဤစစ်ဆင်ရေးသည် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေက တိုင်းမှူး ဗိုလ်ချူပ်သိန်းစိန်ကို ဆွဲတင်နိုင်ရန်နှင့် အခြားသောတိုင်းမှူးများကို ပုခုံးချင်းယှဉ်နိုင်ရန် လမ်းခင်းပေးသော စစ်ဆင်ရေးလား ဟူသော ပဟေဠိတစ်ခုဖြစ်၏။

ဗိုလ်ချုပ်ကြီး (ဟောင်း) သိန်းစိန်နဲ့အတူ ဗိုလ်ချုပ်ကြီး (ဟောင်း) ရွှေမန်း
 
ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေတို့ တပ်မမှူးဖြစ်ခဲ့စဉ် မဆလ ခေတ်ကာလများတွင် ထပ်မံ ရာထူးတိုးပေးတော့မည်ဆိုလျှင် စစ်ဆင်ရေးတစ်ခုကို ဝင်စေခြင်းနှင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများတွင် စစ်ရေးပြမှူးကြီး အဖြစ် ခန့်အပ် တာဝန်ပေးစေသော အလေ့အထ ရှိခဲ့သည်။ မည်သို့ဆိုစေ ဗိုလ်ချူပ်သိန်းစိန်သည် တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီးသုံးရပ် ရှိရာ၌ အရေးပါသော စစ်ရေးချူပ်တာဝန်ကို တိုးမြှင့် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့လေသည်။ တြိဂံဒေသတိုင်း မြန်မာနှင့်ထိုင်း နယ်စပ်ပစ်ခတ်မှု ကာလအတွင်း စစ်ရေးထူးချွန်ပြီး တပ်မတော်အတွင်း ချစ်ခင်လေးစားမူ အထူးခံရသော စစ်သားပီသသည့် စိတ်ဓါတ်ရှိသူ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဖြစ်လာနိုင်သူအဖြစ် ခန့်မှန်းထားသော ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချူပ်မှ အရှေ့တောင်တိုင်းစစ်ဌာချူပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်နေသော ဗိုလ်ချူပ် စစ်မောင် (သီဟသူရ သူရစစ်မောင်) ရဟတ်ယာဉ်ပျက်ကျကာ ကျဆုံးသွားခဲ့ရ၏။ အချို့က ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ၏ လုပ်ကြံမူကို ခံရသည်ဟု သံသယဖြစ်ပွားနေခဲ့ပြီး စာရေးသူ သိရသလောက်တော့ သက်ဆိုင်သူအချို့က မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။

မြေပြင်သတင်းအဆိုအရ မြန်မာဘက်မှ ထိုင်းစခန်းကို ထိုးစစ်ဆင်ခြင်း မဟုတ်ပဲ ထိုင်းစခန်းနှင့် ကပ်လျက် စခန်းတည်ထားသော အက်စ်အက်စ်အေစခန်းကို သိမ်းပိုက်ရန် စစ်ဆင်ရာမှ မြန်မာစစ်တပ်နှင့် ထိုင်းစစ်တပ်တို့အကြား အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ အချို့က ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗိုလ်ချူပ်သိန်းစိန်ကို စစ်သူရဲကောင်း တစ်ဦးသဖွယ် မြှောက်ပင့်ရေးသား ဝါဒဖြန့်ချိကြသည်။ မြန်မာနှင့်ထိုင်းတို့ လေကြောင်းတိုက်ပွဲကြီးများပင် ဆင်နွှဲ တိုက်ခိုက်ခဲ့ကြသည် ဆိုကာပင် ဖြစ်စဉ်မှန်ထက် ချဲ့ကားရေးသား၍ နေကြသည်လည်း တွေ့ရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။