Friday, May 24, 2013

ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ

(မိုးမခ)
ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ
ကိုထွဋ် ။ မေ ၂၃ ၊ ၂၀၁၃၊ မိုးမခသို့ပေးစာကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအိပ်မက်
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ မှာ သမ္မတဖြစ်ချင်ကြောင်း၊ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အလျဉ်း သင့်သလို တွင်တွင် ထုတ်ပြောနေတယ်။ ဘယ်အကွက်ကိုကြည့်ပြီး၊ ဘယ်နည်းနဲ့ တွက်ကာ ပြောနေ တာ လည်းတော့ မသိပါ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးအပါဆုံးဖြစ်သော သမ္မတဖြစ်ခွင့်၊ စစ်တပ်မှရယူထားသော ၂၅ ရာခိုင်နူန်း.. အစရှိသည်ဖြင့်တို့အား စစ်တပ်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့မှ လာမည့် ဆယ်နှစ်အတွင်း ပြင်ဆင်ပေး မည်ဟု မိမိမထင်ပါ။ ဖွဲ့စည်းပုံပါ ထိုအရေးပါသော အချက်တို့အား လုံးဝ ပြင်ဆင်ပေးမည် မဟုတ်ဟု မိမိမှ ရဲဝံ့စွာ အတတ်ပြောလိုပါသည်။ 


ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၄င်း၏နိုင်ငံရေး သက်တမ်းတွင် သမ္မတ ရာထူးကို မျှော်မှန်း၍မရနိုင်ပါ။ စစ်မှန် သောဒီမိုကရေစီအပြောင်းအလဲသည် ဤမျှ လွယ်လွယ်ကူကူ ဖြစ်မည်မဟုတ်ပါ။ ၄င်းကို နားလည်ထား ရန်လိုအပ်သလို၊ သမ္မတ ဖြစ်ချင်သည်ဟု ထပ်ပြီး ပြောမနေပဲ၊ လုပ်သင့်လုပ်ထိုက် သည်တို့ကို လက်တွေ့လုပ် ကိုင်ရန်သာ လိုအပ်လှပါသည်။
စစ်အစိုးရ လမ်းပြမြေပုံအရ ခရီးဆက်နေသော၊ ဤလမ်းပြမြေပုံအား အခြေအနေအရပ်ရပ်အရ အခြားရွေး ချယ်စရာ မရှိ၍ ကျွနင်္ုပ်တို့ ရွေးချယ်ခဲ့သည်လည်းဖြစ်သော မြန်မာ့နိုင်ငံရေး လမ်းကြောင်း ဘောင် အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျှော်လင့်နိုင်ဆုံးသော ရာထူးမှာ ဒုတိယ သမ္မတသာ ဖြစ်သည်။ (အစိုးရအနေဖြင့် ၄င်းတို့ ကစားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယသမ္မတ နေရာအထိ ပေးအပ်မည်ဟု မျှော်လင့်ရသည်။) ထို့ထက်ပို၍ မဖြစ်နိုင်ပါ။ ၂၀၁၅ အပါအ၀င် လာမည့် ရွေးကောက်ပွဲများ၌ လူထုက NLD ပါတီအား မဲအသာစီး ပေးခဲ့လျှင်တောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်ကသာ သမ္မတရာထူးကို ဆက်လက်ရယူမည်ဖြစ်သည်။ ဤကား ဗေဒင်မေးကြည့်ရန် မလိုအပ်သော သေချာမှု ဖြစ်သည်။

စစ်တပ်ကို စည်းရုံးရေးဆင်းနေသော ဒေါ်အောင်ဆန်းစုကြည်၊
၂၀၁၀ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က တတိယအကြိမ် လွတ်လာပြီး တဲ့နောက် သူမအနေနဲ့ ဒုတိယပင်လုံညီလာခံ ပေါ်ပေါက်လာအောင် လုပ်မယ်လို့ ကြွေး ကြော်ခဲ့တယ်။ တကယ့်လက်တွေ့မှာတော့ ပါးစပ်ပြောသက်သက်ပဲ။ ကချင်တိုင်းရင်းသားတွေက ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်း ကမကထပြုတဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို လက်တွေ့ ပြသခဲ့တယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ ပြီးတော့ ကိုယ်တိုင်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားလှပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရနဲ့ စစ်တပ်က ငြိုငြင်မှာစိုးသဖြင့် ကေအိုင်အို-အစိုးရ စစ်ပွဲမှာ ငြိမ်းချမ်းရေးစကားမှ မပြောခဲ့ပါ။ အရပ်သားဒုက္ခသည်တွေ အိုးအိမ်မဲ့ပြီး ဒုက္ခကြီးစွာ တွေ့နေရ ပေမဲ့ ရေငုံနူတ်ဆိတ် နေခဲ့ပါတယ်။ စစ်ပွဲကြောင့် ကချင်ဒေသက ကလေးငယ်များစွာ စာသင်ကြားခွင့်တွေ ဆုံးရုံးခဲ့ပေမဲ့ ပညာရေးဟာ အဓိကကျပါတယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်ဟာ မသိကျိုးကျွန် ပြုနေခဲ့တယ်။

ဒီထက်ပိုဆိုးတာက လက်ပတောင်းစုံစမ်းရေးကော်မရှင်မှာ အစိုး ရအလိုကျ သမ္မတက ခန့်အပ်တဲ့အတိုင်း၊ စုံစမ်းရေးကော်မရှင် ဥက္ကဌတာဝန် ၀င်ယူပြီး၊ လူထု ဘ၀မှန် လူထုဆန္ဒ မှန်ကို ဗြောင်ကျကျ ဆန့်ကျင်ကျောခိုင်း လိုက်တာပဲ ဖြစ်တယ်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ဖက်က ပြောင်ပြောင်တင်းတင်း ဘက် လိုက်ခဲ့ ပြီး၊ ဆင်းရဲသားလယ်သမားတွေရဲ့ ဆန္ဒနဲ့ဘ၀ကို ရက်ရက်စက်စက် ကျောခိုင်းခဲ့တယ်။ ဒီလို လုပ်ရင် အစိုးရနဲ့ စစ်တပ်က သူမကို ယုံကြည်လာမယ်၊ ဒီလိုယုံကြည်လာရင် အခြေခံ ဥပဒေကို ပြင် ဆင်ပေးလိမ့်မယ်၊ ဒါဆိုရင် ၂၀၁၅ မှာ သူမဟာ မြန်မာပြည်ရဲ့ သမ္မတ ဖြစ်လာမယ်လို့ ခပ်လွယ်လွယ် တွက်ခဲ့တာလားလို့ သူမ စကားတွေအရ ကောက်ချက်ဆွဲရမလို ဖြစ်နေတယ်။

ဒူးထောက်အညံ့ခံပြီး ကျနော်တို့ ကျမတို့ ကြောက်ပါတယ်၊ မှားပါတယ် နောက်မလုပ်တော့ပါဘူး ပြော လည်း လှံစွပ်နဲ့ မသေမချင်းထိုးတာ ဗမာစစ်တပ်ပဲ။ ကိုယ်ချင်းစာစိတ်တွေ၊ ချစ်ခင်ကြင်နာခြင်းတွေ၊ မေတ္တာတရားတွေ၊ လူသားဆန်မှုတွေ ဗမာစစ်တပ်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါ့အပြင် စစ်တပ်က အရပ်သားတွေကို အရင်ကမယုံကြည်ခဲ့သလို၊ နောင်လည်းယုံကြည်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက သူမကို ယုံကြည်လာအောင် ဘယ်လိုပဲ ကြိုးစား ကြိုးစား အရာထင်မှာ မဟုတ်ဘူး။ စစ်တပ်နဲ့ အစိုးရဟာ သူတို့စီမံကိန်းနဲ့ လျှောက်လှမ်းနေတဲ့ လမ်းပြမြေပုံ ပေါ်ကနေ ဘေးကို အတိမ်းအစောင်းခံမှာ မဟုတ်ဘူး။ အစိုးရနဲ့ စစ်တပ်က သူတို့ အလုပ် သူတို့လုပ် နေတာ ဖြစ်တယ်။ သူတို့ စီမံကိန်းကို သူတို့ အကောင်အထည် ဖော်နေတာဖြစ်တယ်။ မိမိတို့ အနေနဲ့ လည်း ကိုယ့်အလုပ် ကိုယ်လုပ်ရမှာ ဖြစ်တယ်။

ပြီးတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံအုပ်စုလို အခြေအနေ ကြည့်ပြီး မီးစင်ကြည့်ကနေတာ မဟုတ်ဘူး။ ဘာဗြူဟာ ဘာစီမံကိန်းမှမရှိပဲ ရမ်းသမ်းလုပ်နေတာ မဟုတ်ဘူး။ အနှစ် ၂၀ ကျော် နိုင်ငံရေး ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ စစ်တပ်နဲ့ စစ်ဗိုလ်တွေအကြောင်း ဒီလောက်တော့ သိသင့်ပါ ပြီ။
တကယ့်အမှန်တရားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်တည်မှုဆိုတာ လူထုပခုံးပေါ်မှာ ရှိတယ်။ လူထု နှလုံး သားကလာတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ ဖြစ်လာတာ ယုတ်မာ ရိုင်းစိုင်း ရက် စက် ကြမ်း ကြုတ် လိမ်ညာ လှည့်ဖျား ကတိမတည်၊ မာယာများတဲ့ စစ်အစိုးရကို အဖိနှိပ်ခံ ပြည်သူ တွေဘက်က ရပ်တည် တိုက်ပွဲဝင်ခဲ့လို့ ဖြစ်တယ်။ လူထု ဆန္ဒကို စကြ၀တေးမင်းတွေတောင် ဆန့်ကျင်လို့ မရဘူး။ လူထုနဲ့ ဆန့်ကျင်တဲ့ ဘယ်နိုင်ငံရေး သမားမဆို၊ အနှေးနဲ့အမြန် ကျဆုံးရစမြဲပဲ။

သို့သော်လည်း၊ ယခု လက်ရှိ ဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ အစိုးရကို စည်းရုံးလို့ ရမယ် လို့ ထင်နေတယ်။ အပျော့ဆွဲဆွဲပြီး စည်းရုံးနေတယ်။ မစည်းရုံးနဲ့လို့ မဆိုလိုပါ။ သို့သော် မိမိ အင်အားအမှန် ဖြစ် တဲ့ လူထုရင်ငွေ့ကို ခိုလှုံပြီး၊ လူထုအားနဲ့ အာဏာတည်ဆောက်ရမဲ့ အစား၊ ယင်းမျက်နှာစာကိုပိတ်ပြီး၊ စစ်အစိုးရ တဖြစ်လဲ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ဘက် တစ်ဖက်တည်းကိုပဲ မျက်နှာမူထားတယ်။ 

ပါတီ တည်ဆောက်ရေး၊ စည်းရုံးရေး
မတ်လ (၉ ရက်နဲ့ ၁၀) ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ လုပ်သွားသလဲ။

၁) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ညီလာခံကိုတက်လာတဲ့ တိုင်းနဲ့ပြည်နယ် ညီလာခံကိုယ်စားလှယ် တွေက မဲပေးရွေးချယ်ခွင့်ရခဲ့တာ မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်က သူမစိတ် ကြိုက် သူမဖာသာ ရွေးချယ် ခဲ့တယ်။
၂) အရံဗဟိုအလုပ်အမှုဆောင်ဆိုပြီး၊ တခါမှ မကြားဖူးတဲ့ အဖွဲ့ကို သူမသဘောနဲ့ ဖွဲ့ခဲ့တယ်။ အဲဒီ အဖွဲ့မှာ ပါတဲ့ သူတွေ အားလုံးဟာလည်း ညီလာခံက ရွေးလိုက်တာ မဟုတ်ပဲ သူမဖာသာ နာမည်တပ် ရွေးချယ်လိုက်တဲ့ သူတွေပဲ ဖြစ်တယ်။
၃) ကြားဖြတ်ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေ အားလုံးကို သူမသဘောနဲ့ အလိုအလျှောက် ဗဟိုကော်မတီ ဖြစ်စေခဲ့တယ်။ (အဲဒီကိုယ်စားလှယ်တွေအားလုံးဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူမ ရွေးချယ်ခဲ့သူတွေ ဖြစ် တယ်။)
၎) ညီလာခံ ကိုယ်စားလှယ် ၅ ယောက်ကို ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌနေရာမှ ဖယ်ရှားရန် ကြံဆောင်သူများ၊ ပါတီတွင်း ညီညွတ်ရေးကို ပြိုကွဲအောင် ဖန်တီးသူများဟု စွပ်စွဲပြီး ဗဟိုအမိန့်နဲ့ တဖက်သတ် အနိုင်ကျင့်ပြီး ညီလာခံ ကိုယ်စားလှယ် အဖြစ်ကနေ ဖယ်ရှားခဲ့တယ်။ 

ကိုယ်တိုင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စတဲ့ စကားလုံးကို တွင်တွင်ပြောပြီး၊ ဒီမိုကရေစီလိုလားသူ အတိုက်အခံ ခေါင်းဆောင်အဖြစ် ကမ္ဘာက သိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်တိုင် ဒီမိုက ရေစီ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ မေ့နေခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌနေရာမှ ဖယ်ရှားရန် ကြံဆောင်သူဟု စွပ်စွဲခံရသူတွေက ဒီမိုကရေစီ ကျင့်စဉ်ကို ချိုးဖောက်တာ မဟုတ်ပဲ၊ ၄င်းတို့ ဒီမိုကရေစီ ရပိုင်ခွင့်ကို ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်၊ ၄င်းတို့ ကသာ ဒီမိုက ရေစီ အခွင့်အလန်းကို အနိုင်ကျင့်ပြီး ရုပ်သိမ်းတာ ခံခဲ့ရသူတွေ ဖြစ်တယ်။ ဒေါ်အောင် ဆန်းစု ကြည် ညီလာခံမှာလုပ်ခဲ့တဲ့လုပ်ရပ်တွေကသာ ဒီမိုကရေစီကို အဆိုးရွားဆုံးချိုး ဖောက်ခဲ့တာဖြစ်ပြီး၊ ပါတီတွင်း စည်းရုံးရေး၊ ညီညွတ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့တာဖြစ် တယ်။

လက်ရှိ အခြေအနေဟာ နောက်တနေ့မှာ ဗမာပြည်မှာ ဘာဖြစ်မယ်ဆိုတာ ပြောဆိုလို့ ရလောက် အောင် ခိုင်မာတဲ့ အခြေအနေ မဟုတ်ဘူး၊ NLD ပါတီအနာဂတ်ဟာလည်းေ၀၀ါးနေဆဲရှိတယ်။ သို့ သော်လည်း ယနေ့ ကာလဟာ ပါတီသက်တမ်း ၂၅ နှစ်အတွင်းမှာ အလွတ်လပ်ဆုံး ကာလဖြစ်တယ်။ လုပ်ချင်တာ လုပ်လို့ရတဲ့ အခြေအနေဖြစ်တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါ။ လုပ်ခွင့်ရတုန်း မှာ ပါတီကို ကျစ်လစ်စွာ တည် ဆောက်ရေးနဲ့၊ ဒီမိုကရေစီ ကျင့်ဝတ်၊ ဒီမိုကရေစီ ကျင့်စဉ်တွေကို ပါတီ တွင်းမှာ စတင်အုတ်မြစ်ချဖို့ အကောင်း ဆုံး ကာလဖြစ်တယ်။ မရေရာတဲ့ အနာဂတ်နဲ့ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေအတွက် အရေးအကြီးဆုံး လုပ်ရမဲ့အလုပ်က ပါတီကိုကျစ်လစ်စွာ ပြန်လည်တည် ဆောက်ဖို့ ဖြစ်တယ်။

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ လုပ်နေသလဲ? ပါတီကို ဘယ်လို ဦးဆောင်နေသလဲ? ဒီမေးခွန်း တွေကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီဝင် တဦးခြင်းက ဖြေဆိုဖို့ လိုအပ်တယ်။ ညီလာခံ အပြီးမှာ ပြည် တွင်း ဂျာနယ် တစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်က “NLD မှာ အနှစ် ၂၀ လောက် လုပ်လာပြီး နေရာ မရ လိုက်တဲ့ သူတွေအတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိ အမှတ်ပြုပါတယ်။ ဒါပေမဲ့ သစ္စာ ရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။ သူတို့က အဖွဲ့ အစည်းနဲ့ လုပ်ရတဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မကျွမ်း ကျင်လို့ပါ။ သူတို့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်” ဟု ပြောဆိုခဲ့ခြင်းမှာ အဖွဲ့ဝင်တွေအား အမောမပြေ စေပဲ၊ အမောဖောက်စေတယ်။

လုပ်ဖော်ကိုင်ဖက် ရဲဖော်ရဲဖက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား
နိုင်ငံရေးလုပ်ရာမှာ အညှိုးအတေးတွေ မထားဖို့၊ အာဃာတနဲ့ နိုင်ငံရေး မလုပ်ကြဖို့ ပြောဆိုနေပြီး၊ ယခင်က ရန်သူတွေအဖြစ် ရှိခဲ့တဲ့ စစ်အစိုးရနဲ့ ဖက်လဲတကင်းဆက်ဆံနိုင်တဲ့၊ တနည်းအားဖြင့် ရန်သူ ကို မိတ်ဆွေအဖြစ် ပြောင်းလဲဆက်ဆံ နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိနဲ့ သေအတူ ရှင်မကွာ လုပ်ကိုင်ခဲ့တဲ့ မိမိပါတီဝင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တွေနဲ့ကျတော့ သဘောထား မပျော့ပြောင်းနိုင် တာ အံ့သြစရာပါ။

၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ ၀င်ဖို့ လုပ်ခဲ့ တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့် စသူတို့နဲ့ နိုင်ငံရေးမှာ သဘောမတူ နိုင်လောက်အောင် ဘယ်လိုမူဝါဒတွေ ကွဲပြားခြားနားနေလို့လဲ။ တကယ်ကဘာမူဝါဒမှ ကွဲပြားမှု မရှိပါ။ အရင်လုပ်တာနဲ့ နောက်ကျ ပြီး လုပ်တာပဲ ကွာတယ်။ ဖဲစကားနဲ့ ပြောရရင် ဒီအဆင်နဲ့ ဒီအဆင်ပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းဖြစ်သူ၊ လွှတ်တော်ထဲမှာ အတက်ကြွဆုံး မေးခွန်း အထုတ်ဆုံး အဆိုအတင်ဆုံးနဲ့၊ လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က မကြာ သေးခင်က ဒေါ်အောင်ဆန်းစုကြည်ကို အောက်ပါအတိုင်း ဝေဖန်လိုက်ပါတယ်။ 

“၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်တာကို မှားတယ်လို့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေ အခု ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အခြေခံဥပဒေကို မပြင်ဆင်ဘဲနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တာပဲ။ ဒါ တွေကို ပြန်ကြည့် လိုက်ရင် ၂၀၁၀ ရွေးကောက်ပွဲ ၀င်တုန်းကမှားတယ်၊ ငါဝင်တဲ့အခါကျတော့ မှန်တယ်ဆိုတဲ့ ကျိုးကြောင်းဖော်ပြ ချက်တွေကိုတော့ နိုင်ငံရေး သမားတွေက ပြောတယ်ဆိုရင် ပြောတဲ့သူ အပေါ်မှာ ဒီနေ့ ပြည်သူလူထုကရော နိုင်ငံရေးခေါင်းဆောင် တွေရဲ့ စကားကို ကျကျနန လေ့လာနေတဲ့ သူတွေကရော မေးခွန်းထုတ်ကြမှာပေါ့”၊ တဲ့။

မိတ်ဟောင်းဆွေဟောင်းတွေ ကြားမှာ ဒီလောက်အထိ ပြောစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြောစရာတွေ ဖြစ် အောင် ဆက်ဆံရေးတွေ ကျဲခဲ့တယ်။ ပါတီဝင်ဟောင်းတွေနဲ့ ယခင်ထက် နွေးထွေးတဲ့ ဆက်ဆံရေး၊ ဒါမှ မဟုတ် ပူးပေါင်းဆောင်ရွက်ရေး၊ ထို့ထက်ပိုပြီး တသားတည်းကျရေး ရှိသင့်တယ်။ တလှေတည်းစီး တခရီးတည်းသွား တွေခြင်းပဲ မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်ခါစက ဦးခင်မောင် ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ကြိမ် သွားတွေ့တာ ကြားလိုက်ရတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက် ကတော့ ခပ်စိမ်းစိမ်းပဲ နေပါ့မယ် လုပ်ခဲ့တယ်။ ဒါ ဘာကြောင့်လဲ..။

ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့၊ ဦးသိန်းညွန့်တို့ အပါအ၀င် ပါတီဝင်ဟောင်းတွေက သူမ နောက်က မလိုက်ပဲ ရှေ့က သွားလို့လား။ ဒါမှမဟုတ် သူတို့ကို အဖက်လုပ်စရာ မလိုဘူး၊ တွဲလုပ် စရာလည်း မလိုဘူး၊ ငါ့နောက်မှာ တနိုင်ငံလုံး ထောက်ခံမှု ရှိတယ်လို့ တွက်ဆထားလို့လား။ ဒါမှ မဟုတ် ငါလုပ်တာမှ ဟုတ်တာ၊ ငါနဲ့ ဆန့်ကျင်ရင် ငါ့နောက်မလိုက်ရင် မှားတယ်၊ မဆက်ဆံဘူးဆိုတဲ့ သဘောထားလား။ ဒါမှ မဟုတ် အစိုးရနဲ့ စစ်တပ်ကို အပေါ်ယံသာ ဟန်လုပ်ဆက်ဆံနေပြီး၊ စိတ်ရင်း မှန်က ဒီကောင်တွေကို လွယ်လွယ်ကူကူ အနိုင်ရ ပါတယ် ဘယ်သူ့အားမှ မလိုပါဘူးလို့ တွက်ထားလို့ လား။

ဒါတွေ ဖြစ်နေတာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်။ အမေစု အမေစုနဲ့ တစုတည်း စုနေတဲ့ မူကိုမကြည့် လူကိုပဲကြည့်ပြီး၊ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး မကွဲပြားပဲ မြှောက်ထိုးပင့်ကော် လုပ်ပေးနေသူတွေ အားလုံးမှာလည်း တာဝန်ရှိတယ်။…။

ကိုထွဋ်
၀၅၊ ၂၀၊ ၂၀၁၃။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။