Monday, May 20, 2013

ကြံ့ခိုင်ရေးပါတီ နဲ့ သိမ်းထားတဲ့ပန်းခြံ

(ဧရာဝတီ)

ရန်ကုန်မြို့ ဝေဇယန္တာလမ်း နဲ့ သစ္စာလမ်းထောင့်မှာ ရှိတဲ့ အများပြည်သူ ကစားကွင်းနေရာကို ကြံ့ခိုင်ရေးအသင်းက သိမ်းတယ်၊ အသင်းကို ပါတီအဖြစ် အသွင်ပြောင်းပြီးတော့လည်း ဆက်သိမ်းထားတယ်၊ အခု အဲဒီနေရာမှာ အဆောက်အအုံကြီးတခု ဆောက်မယ် ဆိုတဲ့ သတင်းတွေ စာနယ်ဇင်းတွေက ရေးနေကြပါပြီ။

ဒီကနေ့ ရက်စွဲနဲ့ထုတ်တဲ့  Messenger ဂျာနယ်မှာလည်း ဒီသတင်း ရေးထားပါတယ်။

ထောက်ပြစရာအချက် ၂ ခု ရှိပါတယ်။

၁။ ကြံ့ခိုင်ရေးအသင်း/ပါတီက ဒီလို အပိုင်သိမ်းထားတာ တခြားမြို့တွေမှာလည်း ရှိတာပဲ။ ဘာကြောင့် ဒီတနေရာပဲ စာနယ်ဇင်းတွေမှာ ရေးနေကြတာလဲ။
ဒီအချက်ကို ပြောရရင် ...  အာဏာရကြံ့ခိုင်ရေးပါတီရဲ့ ယခင် သိမ်းပိုက်ခဲ့တာတွေကို ဖွင့်ချတာတွေ မကြာခင် ပေါ်လာမယ်လို့ ယူဆပါတယ်။
စာနယ်ဇင်း ပွင့်လင်းလာပြီမို့ ဖော်ပြကြတော့မှာပါ။

ဘယ်သူမှ ဖွင့်မချ၊ တရားမစွဲခင်မှာ ကြံ့ခ
ိုင်ရေးပါတီက သူတို့ပါတီပိုင် အဆောက်အအုံများ မြေနေရာများရဲ့ နောက်ခံသမိုင်းကို ပြန်စစ်ဆေးပြီး မူလပိုင်ရှင်တွေကို ပြန်လွဲအပ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ မူလပိုင်ရှင်တွေက အများအားဖြင့် ဌာနဆိုင်ရာတွေ ဖြစ်ပါလိမ့်မယ်။

ကြံ့ခိုင်ရေးအသင်း ဆိုပြီး တည်ထောင်ကတည်းက နယ်မြို့တွေမှာ ပေါ်ပေါက်လာတဲ့ အသင်းရုံးတွေဟာ ဌာနဆိုင်ရာကပိုင်တဲ့ မြေနေရာ၊ အဆောက်အအုံတွေကို သိမ်းပိုက်ပြီး ဖွင့်ထားတာပါ။ အဲဒီရုံးတွေက အခုတော့ ကြံ့ခိုင်ရေးပါတီရုံးတွေ ဖြစ်နေပါပြီ။
ကန့်ကွက်သူ မရှိခဲ့ဘူးဆိုပေမယ့် ဒါဟာ တရားမ၀င်တဲ့လုပ်ရပ်ပါ။

ရေရှည် ရပ်တည်ချင်တဲ့ ပါတီကြီးတခုက ဒီလို တရားမ၀င်တဲ့လုပ်ရပ်တွေကို ဆက်လုပ်မှာလား ဆိုတာကတော့ ပါတီထဲမှာ ချက်ချင်း ဆုံးဖြတ်သင့်ပါပြီ။

တခြားပါတီတွေက ထောက်ပြချိန်အထိ မစောင့်သင့်ပါဘူး။

၂။ ကစားကွင်းတွေ၊ ပန်းခြံတွေမှာ တိုက်ဆောက်လိုက်တော့ ကလေးတွေ ဘယ်မှာ သွားဆော့ရမလဲ၊ အားကစား ဘယ်မှာလုပ်ရမလဲ၊ အနားယူ အပန်းဖြေ လည်ပတ်ဖို့ ကွင်းတွေ ပန်းခြံတွေ လိုအပ်တာ အစိုးရက မသိဘူးလား။

အစိုးရက ဒီပြဿနာကို သိမှာပါ။ သို့သော်လည်း ကစားကွင်း/ပန်းခြံထက် အဆောက်အအုံမြင့်မြင့်တွေ ဆောက်မှ ပိုသင့်တော်မယ်လို့ ထင်တာမျိုး၊ အမြတ်ပိုထွက်တာမျိုးကလည်း ရှိနေပါတယ်။
ပြီးတော့ အစိုးရမှာက ပြဿနာပေါင်း များပြားစွာ ရင်ဆိုင်နေရတာကြောင့် ကစားကွင်းပျောက်/ပန်းခြံပျောက်တာမျိုးလောက်က ဘာမှမဖြစ်ပါဘူးလို့ ယူဆနေတာလည်း ဖြစ်နိုင်ပါတယ်။

သိမ်းထားတဲ့သူတွေက နောက်ပြန်မဆုတ်ဘူး ဆိုရင် ဖော်ထုတ် ဖွင့်ချရမှာက အကြောင်းစုံသိတဲ့ ဒေသခံများရဲ့ တာဝန်၊ စာနယ်ဇင်းများရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

အများပြည်သူရဲ့ ပန်းခြံ/ကစားကွင်းတွေဟာ လူတစုနေထိုင်ဖို့၊ လူတချို့ အကျိုးအမြတ်ရဖို့မဟုတ်ဘူး၊ မလုပ်သင့်ဘူး ဆိုတာ သိမ်းပိုက်သူရော၊ သိမ်းနိုင်အောင် စီစဉ်ပေးသူတွေရော ပိုပြီး သဘောပေါက် လက်ခံလာအောင် ၀ိုင်းဝန်း ဖိအားပေးကြ၊ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

မတရားလုပ်တဲ့သူကို၊ မတရားလုပ်တဲ့ ပါတီကို မဲမပေးဘူး၊ မထောက်ခံဘူး ဆိုတဲ့အသံတွေ ကျယ်ကျယ်ထွက်လာအောင် ၂၀၁၅ အထိ မစောင့်ဘဲ အခုကတည်းက လုပ်ကြဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။