Tuesday, May 21, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၅)

(စည်းလုံးခြင်းရဲ့အင်အား)

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် အနေနဲ့ ပြည်တွင်းက တပ်ပိုင်းဆိုင်ရာ သတင်းများ ရောက်ရှိလာတဲ့ အခြေအနေပေါ် မူတည်ပြီး စည်းလုံးခြင်းရဲ့ အင်အားအဖွဲ့မှ မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်းများကို အလှည့်ကျ တင်ပြနိုင်အောင် စီစဉ်ထားပါတယ်။ ယနေ့မှာတော့ ဆွေးနွေးခန်း ဆက်လက် ဖေါ်ပြမှာ ဖြစ်ပြီး ဆက်စပ် ပြန်လည် လေ့လာနိုင်ရန် အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ကြည့်ရှုနိုင်ပါတယ်။

အင်ဒိုဗိုလ်ချုပ်ကြီးကို အင်ဒိုနီးရှားတပ်မတော်မှာ ပြုပြင်ပြောင်းလဲရေး အပိုင်းအား ထိပ်ပိုင်းက ဗိုလ်ချုပ်တွေက စတင်လိုက်ပြီ ဆိုတာနဲ့ အရာရှိငယ် အခြားအဆင့် စစ်သည်များက ဘယ်လိုများ တုန့်ပြန် ကြသလဲဆိုတာ သိချင်ပါတယ်လို့ စည်းလုံးခြင်းရဲ့အင်အားအဖွဲ့မှ မေးမြန်းခဲ့ပါတယ်။



အင်ဒိုနီးရှား စစ်တပ်ကို သုံးသပ်မယ်ဆိုရင် အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးမှာ ပတ်သက်နေသလား။ တကယ်တမ်းကျတော့ ပြန်ကြည့်မယ်ဆိုရင် ၁၉၄၅ လွတ်လပ်ရေးလုပ်ခဲ့တဲ့ မျိုးဆက်တွေ မြန်မာနိုင်ငံ လိုဆိုရင် ရဲဘော်သုံးကျိပ်နဲ့ စထောင်ခဲ့တဲ့ ပထမပတ်ဗိုလ်သင်တန်းကျောင်းဆင်း ဒုတိယ ဗိုလ်သင်တန်းကျောင်းဆင်း စတဲ့ old generation လိုမျိုးပေါ့။ ဒီလူတွေကပဲ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်တယ်။ ကျန်တဲ့နောက်ပေါက်တွေက ဒီလောက်ကြီး နိုင်ငံရေး မဟုတ်တော့ဘူး။ သူတို့က တကယ့် professional soldier ဆိုတဲ့ စစ်ရေးအမြင်ပိုဆန်တဲ့ ပုံစံမျိုးတွေဘဲရှိတယ်။

အင်ဒိုနီးရှားမှာဆိုရင် သုံးလွှာရှိတယ်။ ပထမအလွှာကတော့ old generation ဖြစ်ပြီး၊ နောက်တစ်လွှာကတော့ ကိုလိုနီလုပ်ခဲ့တဲ့ နယ်သာလန်နိုင်ငံ (ဒတ်ခ်ျ) တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ကျန်တဲ့အလွှာကတော့ နိုင်ငံရေးပါတီတွေကလာတဲ့ စစ်ဗိုလ်ချုပ်တွေ ရှိတယ်။ အဲဒီနိုင်ငံရေးကလာတဲ့ ဗိုလ်ချုပ်တွေဟာ  နိုင်ငံရေးပါတီတွေက လာတာရှိသလို socialism တို့ communism တို့လို သူတို့ပါတီထဲကလာတာ။ ပါတီထဲက လာတဲ့အခါကျတော့ အဲဒီပါတီရဲ့ နောက်ခံနဲ့ အဲဒီပါတီတွေအပေါ်မှာ သိမ်းသွင်းမှုတွေ ရှိတယ်။

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးရာမှာ မြန်မာပြည်မှာလည်း ဒီအတိုင်းပါပဲ။ မြန်မာတပ်မတော်မှာ ကွန်မြူနစ်ပါတီကနေ၊ ဆိုရှယ်လစ် ပါတီကနေ လာတာရှိတယ်။ နောက်ပိုင်းကျတော့ ကွန်မြူနစ်ပါတီဘက်ကို ယိုင်သွားတာရှိတယ်။ အမှန်မှာတော့ ဗိုလ်နေ၀င်းက နိုင်ငံရေး အရောင်သွေးတာတော့ မရှိဘူး။ ဒါပေမယ့်လို့ ဗိုလ်အောင်ကြီးတို့ ဗိုလ်ချုပ်မောင်မောင်တို့ ဗိုလ်ချုပ်တင်ဖေတို့ အုပ်စုတွေနဲ့ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ ဆိုရှယ်လစ်အုပ်စု ဖြစ်နေတော့ ဗိုလ်နေ၀င်းကို ဆရာမွေးတာ ရှိခဲ့ပါတယ်။


ဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေးရာမှာ ဆူကာနိုအကြောင်း ပြောမယ်ဆိုလို့ရှိရင် ဆူကာနိုကတော့ Nationalism ပေါ့။ တကယ့်အမျိုးသားရေးစိတ်ဓါတ် ရှိတဲ့သူ။ ဒါပေမယ့်လို့ အာရ်မီဝင်းဆိုတဲ့ တပ်မတော်တောင်ပံက နောက်ပိုင်းတွေမှာ အင်ဒိုနီးရှားရဲ့ သဘောတရားတွေ ပြောရရင် အင်ဒိုနီးရှားတပ်မတော်မှာက National Family ပေါ့။ အားလုံးက  Family တစ်ခုထဲကိုပဲ။ ဒီ် family ထဲမှာ အားလုံးသဘောတူတဲ့ဟာနဲ့ လုပ်ကြတယ်။ western ဒီမိုကရေစီဆိုတဲ့ဟာနဲ့ မဲနဲ့ ဆုံးဖြတ်ပြီးတော့ ပါလီမန်စနစ်ပုံစံနဲ့ concept ကို အကုန်လုံးညှိယူပြီးတော့ လုပ်ကြတယ်။ အဲလို concept နဲ့သွားတော့ အင်ဒိုနီးရှား စစ်တပ်မှာ ဆူဟာတိုကတော့ အာဏာရှင်ဆိုပေမယ့်လို့ သူက တစိတ်တပိုင်းအားဖြင့် ဆန့်ကျင်ဘက်ပါတီတွေကို သူက ရပ်တည်မှု ပေးထားတယ်။ ကွန်မြူနစ်ကိုဘဲ အမြစ်ဖြုတ်တယ်။ ဆူဟာတို လက်ထက်မှာ တပ်မတော်ကို ထောက်ခံတဲ့ ဂိုလ်ကာပါတီလို၊ PDI တို့ ဘာသာရေးကို အခြေခံ အစွန်းမရောက်တဲ့ အစ္စလာမ်မစ် ပါတီမျိုးကို ရပ်တည်ခွင့်ပေးတယ်။ စစ်တပ်က အထူးသဖြင့် ထောက်လှမ်းရေးကိုင်တဲ့  ဗိုလ်ချုပ်တွေက အလုပ်သဘောအရ အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှုရှိတယ်။ အဲလိုနဲ့ စစ်တပ်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အပြန်အလှန်ဆက်စပ်မှုက ပျောက်မသွားဘူး။ ဒါကြောင့်နောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံရေးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ စစ်တပ်က နိုင်ငံရေးသမားတွေရဲ့  အားကိုယူပြီးတော့ လုပ်သွားရတာ အများကြီးရှိတယ်လို့ ရှင်းပြသွားပါတယ်။

ဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေး ရှင်းလင်းရာမှာ အဓိက စစ်တပ်ထဲမှာ အပြောင်းအလဲဆိုတာကို ဖန်တီးခဲ့တာဟာ တကယ့် strategy ကိုင်တဲ့ အပေါ်ဘက်ကနေ အဓိကလိုတယ်။ commanding general ကဲ့သို့ အမိန့်ပေးနိုင်တဲ့ စစ်ဌာနချုပ်လိုမျိုးကို ဆိုလိုတာပါ။ အင်ဒိုနီးရှားကိစ္စမှာ commanding general ရယ် commanding general ဘေးနားမှာရှိတဲ့ Staffs စစ်ဦးစီးအရာရှိတွေ P.A ကိုယ်ရေးအရာရှိတွေ ဆက်သွယ်ရေးအရာရှိတွေ အမြောက်တပ်ဖွဲ့ကဲ့သို့ ပညာသည်လက်ရုံးတပ်ဖွဲ့ အရာရှိတွေ လုံခြုံရေးတပ်ခွဲမှူး တပ်စုမှူး စတဲ့ အရာရှိတွေ  ဒါတွေဟာ အဓိကဘဲလို့ ဆိုပါတယ်။  သာမန်အရာရှိတွေကတော့ အထက်က ပေးလာတဲ့အမိန့် order ကို အကောင်အထည် ဖေါ်ရတာဘဲ ဖြစ်တယ်။ အပေါ်က ပေးလိုက်တဲ့ order က ဒီမိုကရေစီဘက်ယိုင်တဲ့ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေးဘက်ကို ယိုင်တဲ့ ပေါ်လစီကို အပေါ်ကလာရင် အောက်ကလိုက်လုပ်ရတာဘဲ ဖြစ်တယ်။ တချို့က အောက်ခြေ အရာရှိ စစ်သည်တွေကို စည်းရုံးရမယ်လို့ပြောတာ မဖြစ်နိုင်ပါဘူး။ စစ်သားတွေ ၁၀၀ ရမယ်၊ ၂၀၀ ရမယ်ဆိုတဲ့ target မျိုးတွေ သွားလုပ်ပေမဲ့ သာမန်စစ်သားတွေ ၁၀၀ ထွက်လာထွက်လာ ၂၀၀ ထွက်လာ ထွက်လာ သိပ်အရာမရောက်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရက ထပ်ဖြည့်မယ်။ နောက်တစ်ရာ ထွက်လာရင် နောက်တစ်ရာ ထပ်ဖြည့်လာမယ်ဆိုတာ သိထားရမယ်။


ဒါကြောင့် ကောက်ချက်ချရမယ်ဆိုရင် အရာရှိကြီးကြီးတော့ ရချင်မှရမယ်။ ဒါပေမယ့်လို့ စစ်ဌာနချုပ် general commanding တွေမှာ  စစ်ဦးစီးအရာရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးလောက်ဘဲ ဖြစ်ချင်ဖြစ်မယ်၊ ဗိုလ်မှူးလောက်ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် အဲဒါမျိုးက သိပ်အရေးပါတယ်။ သူတို့ဟာ လူကြီးဘေးနားမှာ ရှိနေတဲ့အခါကျတော့ အတွင်းရေးကိစ္စတွေကိုသိပြီး ပေါ်လစီအပြောင်းအလဲတွေ သိသလို လူကြီးနဲ့ဆက်ဆံနေရတော့ ဖြစ်လာတဲ့ အခြေအနေ ရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီး လူကြီးရဲ့ စိတ်နေသဘောထားတွေ ဘယ်လိုယိုင်လာသလဲ ဆိုတာတွေ သူတို့ လူကြီးတွေရဲ့ အသွင်လက္ခဏာကို ခန့်မှန်းတတ်တာမို့ သူတို့သိတယ်။ သူတို့ သိတဲ့ အခါကျတော့ အဲဒီအနေအထားမှာ သူတို့က မသိမသာ သဘောတရား ထည့်ပေးလိုက်တယ်။ ဥပမာ ကျနော်ရတဲ့ information က target က  ဒီလိုဖြစ်တယ်လို့ ထည့်ပေးလိုက်ရုံဘဲ။ နောက်အပိုင်း (၆) မှာတော့ စစ်တပ် အတွေးအခေါ် မြင့်မားအောင် ဘယ်လို ဖွင့်ပေးမလဲ ဆိုတာတွေ၊ နိုင်ငံခြားရောက် မြန်မာတပ်မတော် အရာရှိများ အတွေ့အကြုံကို ဆက်လက် တင်ပြပေးသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။