Friday, May 17, 2013

ရှေ့တန်းလား နောက်တန်းလား မှုန်ဝါးဝါး ဖြစ်နေရတဲ့ တပ်မတော်သားများ

(စည်းလုံးခြင်းရဲ့အင်အား)

စစ်တွေမြို့အတွင်း ကင်းလှည့်လုံခြုံရေး ယူနေတဲ့ စစ်သည်ရဲဘော်များ

မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရာ ဒေသများတွင် ရဲတပ်ဖွဲ့ဝင် အင်အားနှင့် မလုံလောက်ရာ တပ်မတော်မှ ဝင်ရောက် ထိန်းသိမ်း နေရတဲ့အပိုင်း ဖြစ်နေပါတယ်။ စစ်တပ်ထုံးစံအရ နောက်တန်းလို့ သတ်မှတ်ထားတဲ့ မြန်မာပြည် မြို့ကြီးပြကြီးများမှာ အဲဒီလို လုံခြုံရေးတာဝန် ယူရတာကြောင့် အနားမရတဲ့ တပ်မတော်သားများရဲ့ သတင်းကို စစ်ဖက်နီးစပ်သူများက တင်ပြလာပါတယ်။


မိတ္ထီလာမြို့နယ်တွင် စကခ (၆) တပ်မနဲ့ စကခ (၄) တပ်မမှ တစ်ဗျူဟာနဲ့ တပ်ရင်း (၃) ရင်း ဝင်ရောက်နေရသလို ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များမှာ ပြည်မှတိုက်ကြီးအထိ ကားလမ်းတလျှောက် ရှေ့တန်းမှ ပြန်လာတဲ့ တပ်မ (၆၆) မှ တပ်ရင်းများနဲ့ စကခ (၄) မှ တပ်ရင်းများ ဝင်ရောက် ထိန်းသိမ်း နေရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ စကခ (၅)၊ စကခ (၉)၊ စကခ (၁၅) တပ်မများဟာ မူလက ကက (ကြည်း) အရံ ဖြစ်ခဲ့ပြီး ယခင် ရှေ့တန်း စစ်ဆင်ရေး အနက်ရောင် နယ်မြေများ ဖြစ်ကြတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် ပဲခူးတိုင်း အရှေ့ခြမ်း သံတောင်၊ ရွှေကျင်၊ ကျောက်ကြီး နယ်မြေများသို့ ဝင်ရောက်ခဲ့ရပါတယ်။ ယခုအခါ ရခိုင် - ဘင်္ဂလီ အရေးအခင်းကြီး ဖြစ်ပွားခဲ့တဲ့အပြင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ လုံခြုံရေး (၂) ဆ တိုးဖို့ အကြံပြုထားသဖြင့် အဲဒီ တပ်မ (၃) ခုဟာလည်း ရခိုင်ပြည်နယ်မှာ ကျောက်ချရမဲ့ကိန်း ဆိုက်နေပါတယ်။


မိတ္ထီလာမြို့အတွင်း ပြိုကျဖျက်ဆီးခံ အဆောက်အဦးများအား ရှင်းလင်းသန့်ရှင်းရေး လုပ်ပေးနေရတဲ့ စစ်သည်ရဲဘော်များ

တဖန် ရန်ကုန်တိုင်းအတွင်း ၄၈ လမ်း ဗလီ မီးလောင်မှုကြောင့် တပ်မ (၇၇) ဟာ နောက်တန်း ပြန်နားနေရာမှ ကျောပိုးအိတ်ပြင်ပြီး အသင့်အနေအထား ပြုလုပ်ခဲ့ရပါသေးတယ်။ မကြာသေးမီက ကချင်ပြည်နယ် ရှေ့တန်း စစ်ဆင်ရေးမှာ စံချိန်ချိုးလောက်အောင် တစ်နှစ်ကျော် နေခဲ့ရပြီး စခန်းကုန်းများ၊ တိုက်ပွဲကြီးများစွာကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရကာ အကျအဆုံးများစွာဖြင့် စစ်ပန်း ပြန်လာခဲ့ရတဲ့ တပ်မ (၈၈) တပ်မ တစ်ခုလုံး မကွေး ဧရိယာတဝိုက် နောက်တန်းသို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ တပ်မကိုတောင် ကက (ကြည်း) မှ စစ်ဆင်ရေး Stand By ပြုလုပ်ခဲ့ဟန် တူတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

မိတ္ထီလာမြို့အတွင်း သန့်ရှင်းရေး လုပ်ပေးပြီးနောက် အနားယူနေကြတဲ့ စစ်သည်ရဲဘော်များ

အဓိကရုဏ်း ဖြစ်ပွားရာ နယ်မြေဒေသများမှာ လုံခြုံရေး ယူနေရတဲ့ တပ်မတော်သားများ အနေနဲ့ ချက်ပြုတ်စားသောက်ရေးမှာ ထင်း၊ အစားအစာ၊ ရေ၊ အိပ်ရန်နေရာကအစ ခက်ခဲတာကြောင့် ရှေ့တန်းထက် ပိုဆိုးနေတယ်လို့ ဆိုပါတယ်။ တပ်မတော် ဖွဲ့စည်းပုံနဲ့ တာဝန်အရ စစ်ဆင်ရေး အဓိက လှုပ်ရှားရတဲ့ တပ်မများကို မငြိမ်မသက် ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပို့ထားရသလို အဓိကရုဏ်း ဖြစ်ပွားနေတဲ့ မြန်မာပြည် အလယ်ပိုင်း၊ အနောက်ပိုင်း ဒေသတော်တော်များများမှာလည်း တပ်မများ ဝင်ရောက် နေရာယူရတဲ့အတွက် အခုဆိုရင် အလှည့်ကျ တပ်မ နားတဲ့စနစ် ပြုလုပ်ဖို့ ကက (ကြည်း) အနေနဲ့ အခက်အခဲ ရှိနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ တပ်မတော်သားများဟာ ရှေ့တန်းမှာလည်း ပင်ပန်းရသလို နောက်တန်းမှာ နားသင့်တဲ့အချိန် အပြည့်အဝ အနားယူရခြင်း မရှိတာကြောင့် Stand By ဆိုတဲ့ စကားလုံးဟာ နားခါးလှပြီး ခွင့်မဲ့ပျက်ကွက်များ ဖြစ်ပွားကာ တပ်အင်အား ပြုန်းတီးမှု ဖြစ်ပေါ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။