Tuesday, May 28, 2013

အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ လမ်းကြောင်းဖြတ်ခွင့် ပိတ်

(ဧရာဝတီ)

ပုဂ္ဂလိက သတင်းတစောင်ရဲ့ အယ်ဒီတာ့ အာဘော်ကြောင့် အဆိုပါ သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ် သန်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းဟာ မီဒီယာလွတ်လပ်ခွင့်တွေ တစုံတရာ ရလာနေပြီဆိုတဲ့ ဒီကနေ့အချိန်အခါမှာ အတွေးများစွာဖြစ်စေခဲ့ပါတယ်။ 


ဖြစ်ပုံကတော့ The Daily Eleven ပုဂ္ဂလိက သတင်းစာက မေလ ၂၆ ရက်နေ့ ထုတ် သတင်းစာမှာ အမြန် လမ်းနဲ့ ပတ်သက်တဲ့ အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ်သန်းခွင့် ပိတ်လိုက် တယ်လို့ အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောလိုက်တာ ကို Eleven Media Group က ရေးသားဖော်ပြထားပါတယ်။ 



" မေလ ၂၇ ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှ တဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်း ခွင့်ပြုခြင်းဖြစ် ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအား ဖြတ် သန်း ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်" လို့ Eleven Media Group က ဆိုထားပါတယ်။
 ဒီသတင်းကြောင့် မြန်မာ့ မီဒီယာလွတ်လပ်ခွင့် တစုံတရာ တိုးတက်လာပြီလို့ ပြောနေတဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ အစိုးရတွေရဲ့ ပြောဆိုတာကို မေးခွန်းထုတ်ရမှာလား၊ အမြန်လမ်း ဖြတ်သန်းခွင့် မပေးတဲ့ အင်ဂျင်နီယာတွေကို မေးခွန်းထုတ်ရမှာလား၊ စသဖြင့် မေးခွန်း ထုတ်ဖို့ စဉ်းစားရ ကြပ်သွားစေခဲ့တာ အမှန်ပါ။ 

သတင်းစာ အယ်ဒီတာ့ အာဘော်ကြောင့် ဖြတ်သန်းသွားခွင့် ပိတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်း သမားတွေကို သတိပေးလိုက်သလို ဖြစ်နေပါတယ်။ 
ဒီအတွက် မြန်မာ သတင်းမီဒီယာလောကအတွက် ရင်လေးဖွယ်ဖြစ်ရပ်တခုလို့ ပြောရမယ် ထင်ပါတယ်။

တကယ်ဆိုရင် နှစ်ပေါင်းများစွာ နိုင်ငံပိုင် အစိုးရသတင်းစာတွေသာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ မကြာသေးမီကာလကမှ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်တွေကို တရားဝင်ချမှတ်ပေးခဲ့တာပါ။  


ELEVEN MEDIA GROUP မှ တင်ပြခဲ့သော သတင်း

The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့် ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့် ပိတ်ပင်

မေလ ၂၆ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့်ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီးဦးမျိုးမြင့်က ပြောကြားခဲ့ပါသည်။

မေလ ၂၇ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအားဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Eleven Media Group သည် The Daily Eleven သတင်းစာ စတင်ထုတ်ဝေသည့်အချိန်ဖြစ်သည့် မေလ ၃ရက်နေ့မှစ၍ အမြန်လမ်းမကြီးအား ပုံမှန်အသုံးပြုခဲ့ခြင်းဖြစ်ပြီးယခုအချိန်ကျမှ ဖြတ်သန်းခွင့် တားမြစ်ခံရခြင်းဖြစ်သည်။

အဆိုပါအယ်ဒီတာ့အာဘော်သည် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ၁၁ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ်အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းအယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီးဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ The Daily Eleven သတင်းစာပို့သည့် ကားများအား ပိတ်ပင်ခံရမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ Eleven Media Group မှ မန်းနေးဂျင်းဒါရိုက်တာဒေါက်တာသိန်းမြင့်က “ဒီကိစ္စဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ၊ နစ်နာသူတွေက သမ္မတကြီးကို လူမှန်၊ လူကောင်းအဖြစ် အားထားလို့တိုင်တယ်။ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်ကိစ္စမှာလည်း သမ္မတကြီးကိုတိုင်တယ်။ ဘာမှအရေးမယူဘူး၊ မစစ်ဆေးဘူး။ တိုင်တဲ့သူကိုတရားပြန်စွဲတယ်။ အခုလည်းဒီလိုအခွင့်အာဏာအလွဲသုံးတဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့တိုင်မယ်။ သမ္မတကြီးဘယ်လိုအရေးယူမလဲ” ဟုပြောကြားခဲ့သည်။

ထို့နောက် “အကြောင်းအရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ တပြေးညီဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ကိုခွင့်မပြုဘူးဆိုရင် မြ၀တီသတင်းစာတိုက်နဲ့ အစိုးရသတင်းစာတိုက်က အသုံးပြုတဲ့ကားတွေကိုလည်း တစ်သဘောတည်း ထားသင့်ပါတယ်။ 

အခုကျွန်တော်တို့ကားတွေ ဖြတ်သန်းခွင့်ကို ဘယ်လိုစံနှုန်းတွေကြောင့် တားမြစ်ခံရတယ်ဆိုတာကို သိချင်ပါတယ်” ဟုဒေါက်တာသိန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကလည်း "ကျွန်တော်တို့ကို အခုလိုဖိအားပေးတာမျိုးတွေလုပ်လို့အယ်ဒီတာအဖွဲ့ရဲ့ ပေါ်လစီကိုလုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပြည်သူမတရားခံရတာတွေ၊ ထောက်ပြစရာရှိတာတွေကိုရေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲရေးခဲ့တယ်။ ဒီအမြန်လမ်းမကြီးဟာ တကယ်တော့ လူအများကြီးသေကြေပျက်ဆီးစေတယ်။ 

စံချိန်စံညွှန်းလိုအပ်နေတယ်။ နောက်၆လအကြာမှာ နေပြည်တော်မှာ ကျင်းပမယ့်ဆီးဂိမ်း ရှိနေတယ်။ နိုင်ငံတကာက အားကစားသမားတွေ ဒီလမ်းကိုအသုံးပြုလို့ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် တိုင်းပြည်သိက္ခာကျနိုင်တယ်။ ဒါကြောင့်ဒီလမ်းရဲ့ လိုအပ်ချက်ကို အချိန်မီပြင်ဆင်နိုင်အောင် ထောက်ပြတာပါ။ ဒီလမ်းက အမှန်တကယ်ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီရင် နိုင်ငံတကာကျွမ်းကျင်သူတွေကို ခေါ်စစ်ဆေးလိုက်ရင် အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။

The Daily Eleven သတင်းစာကို နေ့စဉ်အမြန်လမ်းမမှတဆင့် နေပြည်တော်နှင့် ၀န်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဖြတ်သန်းပို့ဆောင်နေခြင်း ဖြစ်သည်။ယခုမှ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိပါးသော ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိသည့် လုပ်ဆောင်မှုများအတွက် The Daily Eleven သတင်းစာအနေဖြင့် သမ္မတထံ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။