Tuesday, May 14, 2013

မြန်မာမှာ အတိုက်အခံ လိုတယ်...

(Kachin Duwa)

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တိုးတက်ဖို့အတွက် နိုင်ငံရေး အတိုက်အခံပါတီ ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ အမြဲတမ်း ထောက်ပြ ဝေဖန် နေရမှာပါ။ မြန်မာ့ကရေစီမှာတော့ အတိုက်အခံ ဆိုတာ မရှိပဲ အဲဒီ အတိုက်အခံလို့ ယူဆ ထားသူတွေကို ဆက်တိုက်လို တိုက်ခိုက်နေတာပဲ တွေ့နေရတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ထဲ ရောက်သွားတာနဲ့ လွတ်တော်အထဲမှ တရားဝင် အတိုက်အခံလုပ်လိမ့်မယ် လို့ နိုင်ငံတကာက ယူဆထားကြပေမယ့် ဘာသံမှ ထွက်မလာပဲ အစိုးရ ကို ကူညီသူအဖြစ်သာ တွေ့လာရပါတယ်။ လွတ်တော်ထဲ ရောက်သွားတာနဲ့ အားလုံး တဂိုဏ်းထဲ ဖြစ်သွားတာဟာ ပြည်သူ နဲ့ နိုင်ငံအတွက် နစ်နာမှုတခုပါ။



ကူညီတာဟာ အရပ်စကား နဲ့ အရပ်ထဲက အလုပ်မှာသာ ကောင်းမှုတခုပါ။ နိုင်ငံရေးလောကမှာက ဒီလိုမရဘူး။ အတိုက်အခံဆိုတာ တဖက်သား (ပါတီ) ရဲ့ ကောင်းကွက်အတွက် ချီးမွှမ်းစရာလဲ မလိုသလို ကူညီစရာလဲ မလိုပါ။ သူ့တာဝန်ဟာ ပြည်သူအတွက် လက်ရှိအစိုးရ နဲ့ ပြိုင်ဖက်ပါတီတွေရဲ့ ပေါ်လစီ အမှားများကို ထောက်ပြဝေဖန်ဖို့ ပါ။ အမှားများများတွေ့လေ အမှန်ပြင်နိုင်လေ ဖြစ်ပါတယ်။ ပြည်သူအတွက် အပြိုင်အဆိုင် အလုပ်လုပ်တဲ့ ပါတီတွေ ထွက်လာမှာပါ။

လူတိုင်းလူတိုင်းဟာ ကိုယ့်ဟာကိုယ် အမှားမတွေ့တတ်ပါဘူး။ ဘယ်သူမဆို ကိုယ်မှန်တယ် ထင်တဲ့ဟာကို လုပ်တာချည်းပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လည်းပဲ သူမှန်တယ်ထင်တဲ့ လမ်းကြောင်းပေါ် သူရပ်ခဲ့တယ်။ သူမှန်တယ် ထင်တဲ့ဟာကို လုပ်ခဲ့တယ်။ ဒါပေမယ့် မြန်မာ့အတိုက်အခံ နိုင်ငံရေး လောက နဲ့ နိုင်ငံတကာက လက်မခံဘူး။ ခက်တာက အဲဒီ ထောက်ပြ ဝေဖန်ရေးသမားများကို ရန်သူလို သတ်မှတ်လိုက်တဲ့ ရောဂါ တခုထဲပါပဲ။ အခုထိလဲ သန်းရွှေ နောက်လိုက်တွေက ဒီအကျင့်စရိုက်တွေ ရှိနေသေးတာပဲ။ အဲဒီ သူ့နောက်လိုက်တွေ ကြောင့်ပဲ ဦး သန်းရွှေ ဟာ သူ့အမှားများကို မတွေ့တော့ပဲ သူ့နောက်လိုက်တွေရဲ့ ချီးမွှမ်းစကားတွေပဲ ကြားရင်းနဲ့ ပြည်သူ့ အချဉ်ဖတ် ဖြစ်လာခဲ့ရပါတယ်။


အခု ဦးသိန်းစိန် ကို သူ့နောက်လိုက်တွေက ထပ်ချီးမွှမ်းပြန်ပြီ။ အဲလေ အရင်ထက်စာရင် ကောင်းတာပဲ ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် နိုင်ငံဟာ နစ်နာနေဆဲပဲ ဆိုတာ သိသူရှားပါသေးတယ်။ ဂျပန်မှာ တစ်နှစ်ထဲနဲ့ အတိုက်အခံတွေကြောင့် ၀န်ကြီးချုပ် ၅ ယောက် အပြောင်းအလဲ ရှိခဲ့ဖူးပါတယ်။ ဦးသိန်းစိန် ကတော့ အခု ၃ နှစ်ထဲကို ချီးမွမ်းစကားတွေနဲ့ လျှောက်နေဆဲပဲ။ နိုင်ငံကတော့ ဒုံရင်းက ဒုံရင်း....


အမှန်ဆိုရင် ဦးသိန်းစိန်ဟာ အချိန်တိုအတွင်း လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေ ပြတ်ပြတ်သားသား မလုပ်သေးဘူး။ ဒီလို လုပ်နိုင်ဖို့လဲအခွင့်အလမ်းတွေ သူ့မှာ အများကြီး ရှိတယ်။ သို့သော် သူ့ အာဏာ အရှိန်အ၀ါ အတွက် သူ့အလိုမကျတဲ့ ၀န်ကြီး ၀န်လေး ဖြုတ်တာလောက်ပဲ တွေ့နေသေးတယ်။ ဒါဟာ ပြတ်သားတဲ့ လုပ်ရပ်မဟုတ်ဘူး၊ အာဏာစက်အလွန်အကျွံသုံးတာ။ ရှိနေသေးတဲ့ ၀န်ကြီး ၀န်လေးတွေ ကြောက်သွားတာပေါ့။ လွတ်လွတ်လပ်လပ် ဘာမှ မလုပ်ရဲတော့ဘူး။ ၀န်ကြီး ၀န်လေး ဖြုတ်တဲ့ သတင်းကို ကောင်းသတင်း အနေနဲ့ ရေးကြတာများပါတယ်။ ဒူဝါက တမျိုးမြင်တယ်။ နိုင်ငံတကာမှာ အာဏာရှင် နိုင်ငံတွေကလွဲပြီး ဘယ်နိုင်ငံမှ ဒီလောက် ရာထူးအပြောင်းအလဲ အများကြီး လွယ်လွယ် နဲ့ မလုပ်ဘူး။ အဲဒီ ၀န်ကြီး ၀န်လေးတွေရဲ့ လုပ်ရပ်ကို ထောက်ခံတာတော့ မဟုတ်... ဒါပေမယ့် သူတို့ကို အလုပ်ဖြုတ်မယ်ဆိုရင် ပြည်သူသိအောင် ပွင့်ပွင့်လင်းလင်း အကြောင်းပြချက် ပေးဖို့လိုတယ်။ ၀န်ကြီးအဆင့်တောင် ဘ၀အာမခံချက် မရှိဘူး ဆိုရင် သာမာန်ပြည်သူတွေအတွက် ဝေးပေါ့။ နိုင်ငံတကာ ဒီမိုကရေစီ နိုင်ငံတွေမှာက ၀န်ကြီး တစ်ယောက်ယောက်က နှုတ်ထွက်သင့်တဲ့ အကြောင်းပြချက်ကို မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်ပြီးမှ နှုတ်ထွက်သွားတယ် ဆိုတာလောက်ပါ။ အနောက် နိုင်ငံတွေမှာက ၀န်ကြီး အဆင့် မပြောနဲ့ သာမန် လုပ်သား တစ်ယောက်ကိုတောင် အကြောင်းပြချက် မခိုင်လုံပဲ အလုပ်ဖြုတ်လို့ မရဘူး။


လက်ရှိအစိုးရ ကို အတိုက်အခံ သမားတွေက နှုတ်စိပ် နေတော့ ဒူဝါ အနေနဲ့ ဝေဖန်ကြည့်တာပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။