Sunday, May 26, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ရှေးခေတ်မြန်မာစစ်သူကြီး တစ်ဦး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေပုံ ပန်းချီကား

ဤတွင် တရုတ်ဧကရာဇ်သည် ယူနန် ဘုရင်ခံအသစ် ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ယန်ယင်းကျူသည် ပွဲဦးထွက်တွင် စစ်ပွဲငယ် ကလေးများ၌ မြန်မာတို့ကို နိုင်လိုက်သည့်အတွက် မြန်မာတို့ကို မန်ချူးလက်အောက်သို့ အပြီးတိုင် သိမ်းသွင်းရန် သဘောပေါက် လာလေသည်။
သို့မှသာလျှင် မြန်မာတို့သည် မန်ချူးတို့ကို နှောင့်ယှက်နိုင်မည် မဟုတ်တော့ဟု အထင် ရောက်လေသည်။ ဘုရင်ခံသစ်သည် တရုတ်ဧကရာဇ်ထံ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းများသည် တရုတ်တို့၏ သြဇာခံရန် လွန်စွာ လိုလားနေကြောင်း၊ ထိုကြောင့် မိမိအား ကျယ်ပြန့်သော အစီအစဉ်များပြုရန် အမိန့် ချပေးပါမည့်အကြောင်း လျှောက်ထားလေသည်။ တရုတ်ဧကရာဇ် ချင်းလုံက မြန်မာနိုင်ငံကို အလွယ်တကူ အောင်နိုင်လိမ့်မည်ဟု ယူဆမိသည်။ သို့သော် ယူနန်ဘုရင်ခံကို သတိဝိရိယနှင့် စီမံ ဆောင်ရွက်ရန် သတိပေးပြီးလျှင် မြန်မာနိုင်ငံသို့ စစ်ချီတက်ရန် ခွင့်ပြုလိုက်သည်။ ဧကရာဇ် အမိန့်ပြန်တမ်းများတွင် မြန်မာနိုင်ငံကို သိမ်းသွင်းပြီးလျှင် မြန်မာ့နန်း၌ မိမိတို့ အလိုရှိသည့် နန်းလျာကိုတင်ရန် ရည်ရွယ်ချက်ရှိကြောင်း တွေ့မြင်ရလေသည်။

ဆင်ဖြူရှင်မင်းက နောင်တရုတ်အရေးကို မျှော်တွေး၍ ဗလမင်းထင်ကို ဗန်းမော်တောင်ဖက် ကောင်းတုံသို့ စေလွှတ်ကာ အခိုင်အလုံ နေစေသည်။ တရုတ်တပ်များကို မြန်မာနိုင်ငံအတွင်းပိုင်းသို့ ဆွဲသွင်းပြီး ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းရန် ဆင်ဖြူရှင်မင်းက စီမံခဲ့သည်။

မြန်မာ - တရုတ် ဒုတိယအကြိမ် စစ်ပွဲ

၁၇၆၆ ခုနှစ် ဒီဇင်ဘာလ မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်စစ်သည် နှစ်သိန်း ငါးသောင်း၊ မြင်းသည် နှစ်သောင်း ငါးထောင်ဖြင့် ဗန်းမော်ကြောင်း ချီလာပြန်၏။ ဗလမင်းထင်အား ဗန်းမော်ကို စွန့်လွှတ်ရန် အမိန့်ပေးထားသောကြောင့် တရုတ်တို့က ဗန်းမော်မြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ဆင်ဖြူရှင်မင်းကြားလျှင် နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီတက်တိုက်ခိုက်စေ၍ မဟာစည်သူကို ဧရာဝတီမြစ်၏ အနောက်ဘက်မှ မိုးကောင်း၊ မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ လူးတစ်ဆယ့်နှစ်ပနား (ကျိုင်းရုံးကြီး သို့မဟုတ် ကျင်းဟုံ) တွင် ချရပ်ထားသော မဟာသီဟသူရ၏ တပ်ကိုလည်း ရှမ်းပြည်မြောက်ပိုင်းကိုဖြတ်၍ ဗန်းမော်နယ်သို့ ချီစေသည်။ 


တရုတ်တပ်များသည် ကောင်းတုံမြို့ကို ဝန်းရံတိုက်ခိုက်သော်လည်း ဗလမင်းထင်၏ အစီအမံကောင်းသဖြင့် မြို့ပြခိုင်လုံသောကြောင့် မအောင်မြင်ချေ။ ကောင်းတုံခံတပ်တွင် အလောင်းဘုရားလက်ထက် သံလျင်တိုက်ပွဲမှ ဖမ်းမိခဲ့သော ပြင်သစ်အမြောက်သမားများဖြင့် အားဖြည့်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် နေမျိုးစည်သူ၏ စစ်ကူများ ရောက်လာပြီး ဗန်းမော်ကို ပြန်လည် သိမ်းပိုက်လိုက်သည်။ ဗန်းမော်တွင် တရုတ်တို့အတွက် စားနပ်ရိက္ခာအပြည့် သိုလှောင်ထားသော်လည်း အစောင့်အကြပ်အဖြစ် တရုတ်လူနာစစ်သည်များသာ ရှိသဖြင့် အလွယ်တကူ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Red Cliff ရုပ်ရှင်ဇာတ်ကားအတွင်း တရုတ် မြင်းစစ်သည်တော်များ

ဗန်းမော်မြို့ကို သိမ်းပိုက်ပြီးနောက် တရုတ်စစ်တပ်ကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်ရန် ရက်သတ်မှတ်၍ ကောင်းတုံခံတပ်မှ မြန်မာတို့က ရှေ့မှထွက်တိုက်ကာ နေမျိုးစည်သူတပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ရန် အစီအစဉ် ပြုကြသည်။ တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု မှတ်တမ်းများတွင် ဝန်ခံထားသည်။ တရုတ်စစ်သည် ထောင်ပေါင်းများစွာတို့မှာ မြန်မာနိုင်ငံ၏ အပူပိုင်းရာသီဥတုဒဏ်ကို မခံနိုင်ဘဲ ကာလဝမ်း၊ သွေးဝမ်း၊ ငှက်ဖျားရောဂါများဖြစ်၍ ကျဆုံးကြရသည်။ တရုတ်တပ် တစ်တပ်မှ စစ်သည် ၁၀၀၀ အနက် ၈၀၀ ရောဂါဘယဖြင့် ကျဆုံးရသည်ဟုဆိုသည်။ တရုတ်စစ်မှူး ချိုဟန်ပိုင်သည် ကြွင်းကျန်သော စားနပ်ရိက္ခာများကို ဖျက်ဆီးပြီးလျှင် တပ်ပြန်ဆုတ်လေသည်။ ထိုအချိန်တွင် ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက်လာသော မြန်မာတပ်ကြီးသည် ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ပြီးနောက် ဆီမာမြောက်ဘက် ယောယင်တောင်တန်းများ အနီးတွင် စခန်းချနေသော တရုတ်စစ်တပ်ကို အောင်နိုင်ကြလေသည်။ မြန်မာတို့သည် တရုတ် စစ်တပ်ကို ဖိနင်းတိုက်ခိုက်ရင်း နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီးလျှင် ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြသည်။ ထိုနေရာတွင် လူးတစ်ဆယ့်နှစ်ပနားမှ ချီတက်လာသော မဟာသီဟသူရ၏ စစ်တပ်ကြီးနှင့် ပူးပေါင်းမိကြပြန်သည်။ ဤသို့ဖြင့် ဆုတ်ခွာလာသော တရုတ်စစ်တပ် တစ်ခုလုံးကို ညက်ညက်ကြေအောင် ချေမှုန်းနိုင်ခဲ့သည်။ နယ်စပ်ရှိ တရုတ်တို့၏ ခံတပ်များကို မြန်မာစစ်တပ်ကြီးသည် သိမ်းပိုက်ပြီးလျှင် ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိကြသည်။ ယုန်ချန်းနှင့် တိန်ချုံးတိုင်အောင် လမ်းတလျှောက်မှ ရွာများကို ဖျက်ဆီးကြသည်။

တရုတ် မြှားစစ်သည်တော်

တရုတ်မှတ်တမ်းတွင် ယူနန်ဘုရင်ခံယန်သည် ထိုအချိန်၌ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုသည်။ တရုတ်ဧကရာဇ် ချင်းလုံသည် သမားတော်တစ်ဦးကို စေလွှတ်၍ ဟန်ဆောင်ခြင်း ဟုတ် မဟုတ်နှင့် အခြေအနေ အရပ်ရပ် အားလုံးကို လျှို့ဝှက် အစီရင်ခံစာတင်ရန် စေလွှတ်လိုက်သည်။ ယူနန်ဘုရင်ခံသည် ကြောက်ရွံ့လှသောကြောင့် လိမ်လည် လှည့်ဖျား၍ ဧကရာဇ်ထံ အစီရင်ခံသည်။ ဗန်းမော်တွင် မြန်မာစစ်သည် တစ်သောင်း ကျဆုံးသောကြောင့် နေမျိုးစည်သူကိုယ်တိုင် လာရောက်၍ အညံ့ခံပါမည်ဟု စကားကမ်းလှမ်းလာကြောင်း၊ ဗန်းမော် မြို့သူ မြို့သားတို့သည် တရုတ်တို့ထုံးစံကို လိုက်၍ ကျစ်ဆံမြီးများပင် ထားကြပြီဖြစ်ကြောင်း၊ သို့သော် မြန်မာတို့နှင့် စစ်ပြေငြိမ်း၍ ဗန်းမော်ကို အပ်နှင်းပြီးလျှင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို အစီအစဉ်ပြုရန်သင့်ကြောင်း မဟုတ်မမှန် ရေးသား အစီရင်ခံ လိုက်သည်။ သို့ရာတွင် အစီရင်ခံစာကို ဖတ်ပြီးသည်နှင့် တပြိုင်နက်တည်း ဧကရာဇ်သည် အဖြစ်မှန်ကို သိမြင်လေသည်။ အကယ်၍ မြန်မာတို့သာ နေရာတကာတွင် စစ်ရေးရှုံးနိမ့်သည် မှန်လျှင် တရုတ်မြန်မာ စစ်ပွဲသည် တရုတ်နိုင်ငံတွင်း၌ ပေါ်ပေါက်ရန် အကြောင်းမရှိသည်ကို သဘောပေါက်သဖြင့် ယူနန်ဘုရင်ခံကို ပီကင်းသို့လာရန် ဆင့်ခေါ်လိုက်သည်။ ပီကင်းရောက်သောအခါ ယူနန်ဘုရင်ခံကို မိမိကိုယ်မိမိ အဆုံးစီရင်ခိုင်းလေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။