Friday, May 17, 2013

ဂိတ်ကြေးကောက်နေတဲ့ ရွှေကျင်မြို့က တပ်စခန်း

(စည်းလုံးခြင်းရဲ့အင်အား)

ရွှေကျင်မြို့အတွင်းရှိ ညောင်ဝိုင်း၊ တရုတ္တန်းရပ်မှ မူလတန်းကျောင်း ပတ်ဝန်းကျင် ရေလွှမ်းမိုးခဲ့စဉ်

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဂိတ်ကြေးများ ပေးနေရဆဲ ဖြစ်သလို ကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေရတဲ့ အကြောင်းမှာ ဂိတ်ကြေးပေးရတာက အကြောင်းရင်း တစ်ချက်အဖြစ် ပါဝင်တယ်လို့ စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဆွေးနွေးပွဲများမှ သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရွှေကျင်စစ်ဗျူဟာကို အလုပ်အကြွေး ပြုနေတဲ့ တပ်စခန်းဟာ မေးတင်ကုန်းစခန်း ဖြစ်ပါတယ်။ အဲဒီစခန်းမှူးဟာ ရွှေကျင် စစ်ဗျူဟာအတွက် ဂုမ္ဏာန်ဂိတ်မှာ ဂိတ်ကြေးဖွင့် ကောက်ခံပြီး လုပ်ပေးနေရကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ရွှေကျင်မြို့ခံများက သတင်းပို့လာပါတယ်။ အဲဒီဂိတ်ဟာ ရွှေကျင်မြို့မှ ချောင်းဝ၊ ခလိန်၊ ငြိမ်းချမ်းသီတာ၊ နဘောဝ စသည့် နေရာများထံ သွားရာ လမ်းခရီးပေါ်မှာ ရှိပါတယ်။


ဂိတ်ကြေး ကောက်ခံရာမှာ ဆိုင်ကယ်တစ်စီးကို (၅၀၀) ကျပ်၊ ကားတစ်စီးကို (၅,၀၀၀) ကျပ်နဲ့ ဘတ်ဟိုးတစ်စီးကို (၂၀၀,၀၀၀) ကျပ် နှုန်းထားဖြင့် ကောက်ခံတယ်လို့ သိရပါတယ်။ စခန်းမှူးကတော့ ခလရ (၅၇) မှ တပ်ကြပ်ကြီး စိုးတင့်ဖြစ်ပြီး သူ့ရဲ့သား ဖြစ်သူကို ဂိတ်ကြေးကောက်ဖို့ တာဝန်ပေးတယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြည့်ရင် တပ်က မကောက်ဘဲ စည်ပင်လမ်းတံတားက ကောက်သလိုလိုနဲ့ အရပ်သားအသွင် ပုံဖျက်ထားပါတယ်။ အဲဒီတပ်ကြပ်ကြီး စိုးတင့်ဟာ မေးတင်ကုန်းစခန်းမှာ (၄) (၅) နှစ်ခန့် ရှိနေပြီး မည်သည့်တာဝန်ကိုမျှ လဲလှယ်ချိန်းဆိုခြင်း မပြုရဘဲ စစ်ဗျူဟာရဲ့ ထမင်းအိုးကြီး ဖြစ်နေပါတယ်။ တပ်ကြပ်ကြီး စိုးတင့်ရဲ့ အဖားတော်မှုကြောင့် သူ့အနေနဲ့ ရှေ့တန်း စစ်ဆင်ရေးကို လုံးဝမသွားရဘဲ ကျည်လွတ်မြေမှာ သက်တောင့်သက်သာ နေရတဲ့ဘ၀မို့ ခလရ (၅၇) မှ စစ်သည်များက ဘဝင်မကျ ဖြစ်နေတယ်လို့ သိရပါတယ်။ တပ်ကြပ်ကြီး စိုးတင့်အနေနဲ့ စစ်ဗျူဟာ တစ်ခုတည်းကိုသာ ဂိတ်ကြေးငွေ ပေးနေဟန် မတူဘဲ တပ်ရင်းမှူး အပါအဝင် အာဏာပိုင် အဖွဲ့အစည်းတို့ထံလည်း အချိုးကျ ခွဲပေးရနိုင်တယ်လို့ မြို့ခံများက သုံးသပ်ပါတယ်။

အဲဒီဂိတ်ကြေးကြောင့် ခရီးသွား ပြည်သူလူထုမှာ သတ်မှတ်တဲ့ ယာဉ်စီးခထက် ပိုမိုပေးဆောင် ကုန်ကျနေရလို့ ကျေးရွာလူထုနဲ့ မြို့ခံလူထု မရှိဆင်းရဲသားများမှာ အလွန်ကြပ်တည်း ခက်ခဲလျက်ရှိကြောင်း၊ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများကလည်း ရွှေကျင် စစ်ဗျူဟာ အရှိန်အဝါကြောင့် အဲဒီဂိတ်ကို လက်ညှိးထိုးရန် မဝံ့မရဲ ဖြစ်နေကြောင်း မြို့ခံများက သုံးသပ် တင်ပြသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။