Tuesday, May 21, 2013

၉၀ ခု ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက် ထုတ်ရခြင်းမှာ ဆက်လက် အလိမ်ခံရမည်ကို သတိပေးလို၍ ဖြစ်ကြောင်း မင်းပြားအမတ်ပြော

(နိရဉ္စရာ)
 
အုပ်ချုပ်သူများသည် ရခိုင်အမျိုးသားများအား နည်းလမ်း အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက် လိမ်ညာနေ၍ ဆက်လက် အလိမ်မခံရစေရန် ရည်ရွယ်ပြီး ၂၃ နှစ်မြှောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ ကျေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် မင်းပြားမြို့နယ် အမတ် ဦးထွန်းဝင်းက ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ၂၃ နှစ် မြောက် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ကျေညာချက် ထုတ်ပြန်သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းစဉ် အမေရိကန် နိုင်ငံတွင် နေထိုင်နေသူ မင်းပြား အမတ် ဦးထွန်းဝင်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။


ရခိုင်အမျိုးသားများသည် ကိုယ့်မင်းကိုယ်ချင်းနှင့် လွှတ်လပ်သော တိုင်းပြည် တစ်ပြည် အဖြစ် နေထိုင်ခဲ့သော်လည်း ဗမာအမျိုးသားများနှင့် အင်္ဂလိပ်၊ ဂျပန်တို့အား အတူတကွ လက်တွဲ တိုက်ပွဲ ၀င်ခဲ့ပြီး လွှတ်လပ်ရေးကို သဘောထားကြီးစွာဖြင့် သူတို့နှင့် အတူ ယူခဲ့ကြသူများ ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရရှိလာသော်လည်း လွတ်လပ်ရေးမှာ ရခိုင်များ ရရှိခြင်း မဟုတ်ဘဲ ဗမာများသာ ရရှိသွားခဲ့ကြောင်း သူက ပြောဆိုသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအရ ရခိုင်တိုင်းအား အတုအယောင် ပြည်နယ် အဆင့် တိုးမြှင့် ပေးခဲ့သော်လည်း ရခိုင်အမျိုးသားများမှာ တစ်စုံတစ်ရာ ရခိုင်ပြည်နယ်အား အုပ်ချုပ်ပိုင်ခွင့် မရကြောင်း၊ အတုအယောင် ပြည်နယ်ကိုလည်း စစ်တပ်၏ တပည့်တပန်းများက ကြိုက်သလို ချယ်လှယ် အုပ်ချုပ်နေကြောင်း သူက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ရေးဆွဲ၍ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လွှတ်တော်များ ပေါ်ပေါက်လာသော်လည်း လွှတ်တော် ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်များကို အလေးပြုနေကြရကြောင်း၊ ဗိုလ်ချုပ်များကို ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောဆိုမည်ကို ကြောက်နေရသဖြင့် လွှတ်တော်မှာလည်း အဓိပ္ပါယ်မဲ့နေသော လွှတ်တော် ဖြစ်နေကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်သူများသာမက ဗမာပြည်သူများလည်း အလွန်ဆင်းရဲ ကျပ်တည်းနေရကြောင်း၊ လယ်သိမ်း မြေသိမ်းသည့် ကိစ္စများ ဆက်လက် ပေါ်ပေါက်နေကြောင်း၊ သို့အတွက် မြန်မာနိုင်ငံ တိုးတက် ပြောင်းလဲ လာသည်ဆိုသည်မှာ ပြည်သူ လူထု အတွက် မဟုတ်ပါကြောင်း၊  စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် နောက်ပါ လက်တစ်ဆုတ်စာတို့ အတွက် ပြောင်းလဲနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် ဂတ်စ်ကို တူးဖေါ်ပြီး တရုတ်သို့ ရောင်းစားထားကြောင်း၊ ဂတ်စ်ထွက်သော ရခိုင်ပြည်တွင် လျှပ်စစ်မီး မရကြောင်း၊ ရခိုင်ပြည်သူများကို အစိုးရက စီစဉ်ပေးသော လျှပ်စစ်မီး ရရှိပြီလားဟု မေးလိုကြောင်း၊ ၎င်းပြင် ကျောက်ဖြူ သဘာဝ ဓါတ်ငွေ့ကို ရောင်းချသဖြင့် မည်မျှထိ ၀င်ငွေရသည်ကို ရခိုင်တစ်ဦး တစ်ယောက် သိရှိခွင့် မရကြောင်း၊ ထိုကဲ့သို့ ပွင့်လင်း မြင်သာမူ မရှိဘဲ ကိုယ်လုပ်ချင်သလို လုပ်နေသော အစိုးရကို နောက်ထပ်လည်း ယုံကြည်နေကြလျှင် ရခိုင်လူမျိုးများမှာ ပိုမို၍ ဖိနှိပ်ခံကြရမည်မှာ မြေကြီး လက်ခတ် မလွှဲပါကြောင်း သူက ဆက်ပြောသည်။

ယနေ့ ရခိုင်သားများသည် မြေလည်း မပိုင်၊ လယ်ကိုလည်း မပိုင်၊ မည်သည့် အခွင့်အရေးမှ မရှိဘဲ စစ်အာဏာရှင်များ လက်အောက်တွင် ကျွန်သာသာ အဆင့်ဖြင့် နေထိုင်နေကြရကြောင်း၊ ရခိုင်ပြည်တွင် ယနေ့ ပေါ်ပေါက်နေသော ပြဿနာကို ဘယ်သူက ဖန်တီးနေသလဲ ဆိုသည်ကို မေးလိုကြောင်း၊ ကျောက်တော်၊ မြောက်ဦး၊ ပန်းမြောင်းတို့တွင် ရခိုင် အရေးအခင်းတုန်းက စစ်တပ်ထံတွင် အသတ်ခံရသူများကို မည်သူက လျော်ကြေးပေးမည်ကို သိလိုကြောင်း၊ မည်သူက ဤကဲ့သို့ မတော်မတရား အသတ်ခံရသည်ကို လွတ်တော်တွင် မေးရဲသလဲဟု မိမိ သိလိုကြောင်း ဦးထွန်းဝင်းက ပြောသည်။

ရခိုင်ဒီမိုကရေ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် မဲအများဆုံး နိုင်ထားသော ပါတီ ဖြစ်ကြောင်း၊ ရွှေးကောက်ပွဲကို အနိုင်ရရှိခဲ့သော်လည်း နှစ်ပေါင်း ၂၃ နှစ် အလိမ်ခံထားရကြောင်း၊ တချို့က ၂၀၁၅ ခုနှစ် ရွှေးကော်ပွဲကို မျှော်လင့်နေကြောင်း၊ ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ လုပ်လျှင်လည်း ထူးခြားနားမည် မဟုတ်ကြောင်း၊ တနည်းနည်းဖြင့် စစ်ဗိုလ်များ အနိုင်ရရန် ပြုလုပ်ကြမည် ဖြစ်ကြောင်း၊ သို့အတွက် စစ်အာဏာရှင် တစ်စု လွှမ်းမိုးထားသော အတု အယောင် ဒီမိုကရေစီကို ယုံကြည်၍ မရကြောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်သားများ အုပ်ချုပ်ခွင့်ရသော တန်းတူညီတူ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

ယခု လက်ရှိ အစိုးရသည် အတု အယောင် ဒီမိုကရေစီကို ပြပြီး တိုင်းပြည်ကိုလည်း လိမ်နေကြောင်း၊ ကမ္ဘာကိုလည်း လိမ်နေကြောင်း၊ သို့အတွက် မိမိ အနေဖြင့် ထိုကဲ့သို့ အလိမ်မခံကြစေရန် ရည်ရွယ်၍ ၂၃ နှစ်မြောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက်အား ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) မှ ထုတ်ပြန်သော ကျေညာချက်ထဲတွင်လည်း ၁၉၉၀ ခုနှစ်နိုင် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၃ နှစ်တိုင်တိုင် အလိမ် လှည့်စားမူတို့ကို မတရားခံနေကြရကြောင်း၊ သို့အတွက် စစ်အာဏာရှင် လူတစ်စုကို ယုံကြည်ရန် မဖြစ်နိုင်ဘဲ ဆက်လက် ညီညွှတ်စွာဖြင့် တိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်းဖေါ်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။