Friday, May 10, 2013

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ယန်းဖရိုးလစ်။

မိသားစု မျိုးနွယ်စုများ

ပည်ထဲရေး ဝန်ကြီး ဌာနရဲ့ နေ့စဉ် ဘဝ လုပ်ငန်း လည်ပတ် လှုပ်ရှားမှုတွေနဲ့ အကျွမ်းတဝင် ဖြစ်လာချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ နောက်ထပ် အနုတ်လက္ခဏာဆောင်တဲ့ သွင်ပြင် တစ်ခုကတော့ ပြည်ထဲရေး ဝန်ကြီးဌာနရော ရဲအဖွဲ့ရောဟာ တရားဝင် အဆင့်ဆင့် ရာထူးဆက်ဆံတဲ့ စနစ်နဲ့အညီ တည်ဆောက်ထားရုံသာမက (လှုပ်ရှား လည်ပတ်နိုင်စွမ်း အထူး မြင့်မား အားကောင်းတာ မှန်ပေမဲ့) ပုံမှန် မဟုတ်တဲ့ မိသားစု မျိုးနွယ်စုများ လုပ်နည်းလုပ်ဟန်နဲ့ လည်ပတ် လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ ၁၉၇၀ အလယ်ပိုင်းနှစ်တွေလောက်ကစပြီး အရာရှိ မျိုးဆက်သစ် တစ်ခုဟာ ရဲတပ်ဖွဲ့ကို စတင် ဝင်ရောက်လာခဲ့ကြပါတယ်။ အဲဒီထဲက ငါးပုံတစ်ပုံဟာ ရဲအရာရှိဟောင်းတွေရဲ့ မိသားစု တွေကလည်း ဝင်ရောက်လာကြတဲ့ လူငယ်တွေ ဖြစ်တယ်ဆိုတာကို တရားဝင် စာရင်းအင်း ကိန်းဂဏာန်းတွေကတောင် ပြသနေပါတယ်။ အဲဒီရဲအရာရှိငယ်တွေ အိမ်ထောင်ပြုပြီးကြတဲ့နောက်မှာ သူတို့ရဲ့ ဇနီးတွေဟာလည်း ပြည်ထဲရေး ဝန်ကြီးဌာနမှာ အလုပ်တွေ ရှာတွေ့ သွားခဲ့ကြပါတယ်။ သူတို့ အိမ်ထောင် ကွာရှင်းပြတ်စဲပြီး (ဆိုရှယ်လစ် ချက်ကိုစလိုဗေးကီးယားမှာ အိမ်ထောင်ကွာရှင်း ပြတ်စဲမှု နှုန်းက ၃၀% လောက် ရှိပါတယ်) အိမ်ထောင်သစ် ထူထောင်ကြမယ် ဆိုရင် (မကြာခဏ ဆိုသလို ပြည်ထဲရေး ဝန်ကြီးဌာနက တစ်ခုလပ် အမျိုးသမီးတွေနဲ့ ဖြစ်လေ့ ရှိပါတယ်) သူတို့ဟာ မိသားစု အဆက်အသွယ် ကွန်ယက်ကြီးတစ်ခုကို စတင်ဖန်တီးခဲ့ကြပါတယ်။ ဖွဲ့စည်းထားတဲ့ သူမရဲ့ ခင်ပွန်းဟောင်း အပါအဝင် သူမရဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်ပါတယ်။ အဲဒီမိသားစု မျိုးနွယ်စုတွေဟာ အပေါ်ယံကြည့်ရင် သိပ်အရေးမပါဘူးလို့ ထင်ရတဲ့ ရာထူးအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီရာထူးတွေဟာ သတင်း အချက်အလက် ရရှိနိုင်မှု ရှုထောင့်ကနေ ကြည့်ရင် အင်မတန်ကို တန်ဖိုးကြီးပါတယ်။


အဲဒီ မိသားစု မျိုးနွယ်စုတွေဟာ ပြည်ထဲရေး ဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းက အသစ်လှမ်းမဲ့ ခြေလှမ်း သစ်တွေကို ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိကြပြီး မကြာခဏ ဆိုသလို အဲဒီ ခြေလှမ်းသစ်တွေကို ကြိုတင် တုံ့ပြန်လေ့ ရှိကြပါတယ်။ ၁၉၉၀ စက်တင်ဘာမှာ ကျွန်တော် ပြည်ထဲရေး ဝန်ကြီးဌာန မော်ကွန်းဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံရတော့ ဘယ်သူ့ကို ဌာနမှာ ဆက်ထားရမယ်၊ ဘယ်သူ့ကို ဖယ်ရှားပစ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ရှင်းလင်းတဲ့ စိတ်ကူး စိတ်သန် တစ်ခု ရှိထားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အငိုက်မိသွားတာက ကျွန်တော် အလုပ် စဝင်တဲ့အချိန်မှာ ထုတ်ပယ် ဖယ်ရှားရမဲ့သူ တစ်ယောက်မှ မကျန်တော့တဲ့ အခြေအနေကို တွေ့လိုက်ရတော့တာပါပဲ။ ကျွန်တော့် အတွေးထဲမှာ မဖြစ်မနေ အနားပေးရမယ်လို့ စဉ်းစားထားသူတွေရဲ့ နုတ်ထွက်လွှာတွေက ကျွန်တော့် စားပွဲပေါ် ရောက်နှင့်နေပြီးသား ဖြစ်နေကြပါပြီ။ သူတို့ဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို သူတို့ရဲ့ မျိုးနွယ်စု တွေကတဆင့် ကြိုတင် သိရှိထားကြတာကြောင့် သူတို့ရဲ့ လုပ်သက်ခံစားခွင့် မဆုံးရှုံးစေဖို့အတွက် သူတို့ သဘောနဲ့ သူတို့ အလုပ်က နုတ်ထွက်ခွင့် တောင်းထားကြတာ ဖြစ်ပါတယ်။ 


အဲဒီကွန်ယက်ကို ဖေါ်ထုတ်ဖို့ အင်မတန် ခက်ခဲပြီး ဖြစ်ရပ် တစ်ခုချင်း အခြေခံပေါ်သာ ဖေါ်ထုတ်ဖို့ ဖြစ်နိုင်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့ ဆက်စပ်နေတဲ့ မိသားစု ဆယ်နွယ်မှုတွေကို ဖေါ်ထုတ်ဖွင့်ချဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျိုးနွယ်စု အဖွဲ့အစည်းတွေ ကျိုးပျက် သွားနိုင်စေဖို့အတွက် လက်ခံနိုင်လောက်တဲ့ အချိန်ကာလ အကန့်အသတ်အတွင်း ကျယ်ပြန့်တဲ့ လေ့လာသုံးသပ်မှု တစ်ခုလုပ်ဖို့ ဘာနည်းလမ်းမှ မရှိပါဘူး။ ဒါ့အပြင် မျိုးနွယ်စုတွေဟာ လုံခြုံရေး ယန္တရား အတွင်းထဲမှာသာမက တရားစီရင်ရေး ယန္တရားနဲ့ တရားဥပဒေဆိုင်ရာ အသက်မွေးဝမ်းကြောင်း နယ်ပယ် (တကယ်တော့ ခြုံပြောရရင် အုပ်ချုပ် စီမံခန့်ခွဲရေး ယန္တရား တစ်ခုလုံး) မှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ဒီနည်းနဲ့ မိသားစုတွေရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေရဲ့ မိတ်ဆွေတွေဟာ ပြုပြင်ပြောင်းလဲရေး၊ ကြိုးပမ်းမှုတွေကို ကြီးကြီးမားမား ဆိုးဆိုးရွားရွား ဟန့်တား နှောင့်ယှက်ခဲ့ကြပါတယ်။ ဒါ့အပြင့် ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ဟာ အခုလည်း အဲဒါမျိုးကို ဆက်လုပ်နေကြတုန်းပါပဲ။

လျှို့ဝှက် နိုင်ငံရေးရဲ တပ်ဖွဲ့ 

လျှို့ဝှက် နိုင်ငံရေးရဲ အဖွဲ့ကို အဆင့်အတန်းမှီတဲ့ တန်ပြန် ထောက်လှမ်းရေး ဌာနအဖြစ်သို့ အသွင် ကူးပြောင်းရေး လုပ်ငန်းဟာ လုံးဝကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အတွေ့အကြုံကို အခြား အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းပေးဖို့ကတော့ ခက်ခဲပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ (ဟန်ဂေရီသားတွေ၊ ပိုလန်သားတွေလို မဟုတ်ဘဲ) ထူးထူးခြားခြားကြီးကို အခွင့်သာတဲ့ အခြေအနေမှာ ရောက်နေတာကို တွေ့ရှိခဲ့ကြ ရပါတယ်။ အလယ်ပိုင်းတိုင်းက ဆိုဗီယက်တပ်ဖွဲ့တွေဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံထဲက ထွက်ခွာ သွားနိုင်ခဲ့ကြပါတယ်။ သူတို့ ထွက်ခွာ ပုံဟာ ဝရုန်းသုန်းကား ကသုတ်ကရက် နိုင်လွန်းလှတဲ့အတွက် ၁၉၄၁ နွေရာသီမှာ တပ်နီတော် ဆုတ်ခွာခဲ့ပုံကို ပြန်လည် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ နယ်မြေပိုက်နက်ထဲမှာ ထောက်လှမ်းရေး၊ ယန္တရား တစ်ခု တည်ထောင်နေတဲ့ ဆိုဗီယက်ရဲ့ ကြိုးပမ်းမှုတွေကို စောင့်ကြည့် လေ့လာ အကဲခတ်ဖို့ ကိစ္စဟာ ဦးစားပေး လုပ်ငန်း တစ်ခု မဟုတ်တော့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ရရှိခဲ့သမျှ သတင်းအချက်အလက်တွေ အားလုံးက ဘာကို အတည်ပြု ရပေးနေသလဲ ဆိုရင် ထိပ်ပိုင်းက အမိန့်ပေး ယန္တရားတွေရဲ့ ရုတ်ရုတ်သဲသဲ ကသောင်းကနင်း ဖြစ်နေတဲ့ အနေအထားတွေကြောင့် ဆိုဗီယက် ထောက်လှမ်းရေး လုပ်ငန်းတွေဟာ ဆိုဗီယက် တပ်ဖွဲ့တွေ ရုတ်သိမ်း ဆုတ်ခွာရေးအတွက် ထောက်လှမ်းပေးနိုင်ရုံလောက်သာ တတ်နိုင်ပြီး အဲဒီထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အချိန်လည်း မရှိ၊ ရန်ပုံငွေလည်း မရှိ၊ ဆန္ဒလည်း မရှိ၊ စွမ်းရည်လည်း မရှိ ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ ဒီအချိန်မှာ နိုင်ငံတော် လုံခြုံရေးအဖွဲ့ကို ဖျက်သိမ်းပြီး လူသစ်တွေနဲ့ အဖွဲ့သစ် စတင် တည်ထောင်ဖို့ ကိစ္စဟာ ဖြစ်နိုင်ခဲ့ပါတယ်။ အမြစ်ကစလို့ ဖြုတ်ထုတ်ရှင်း တဲ့ စီမံကိန်းက လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော ဌာနဆိုလို့ အာရပ်ရေးရာ ဌာန ပဲ ရှိခဲ့တာကို အလွယ်တကူ နားလည်နိုင်စရာ အကြောင်းရင်းတွေ ရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။