Wednesday, May 1, 2013
ဒီနေ့  မြန်မာ့တပ်မတော်ကြီး ထဲမှာ ဒီလိုတွေတော့ ဖြစ်နေပါတယ်
မူရင်းလင့် http://www.ex-absdf.net/2013/02/blog-post_8991.html
ဒီအကြောင်းတွေကိုပြောရတာ  အမနာပပြောဆိုတိုက်ခိုက်ခြင်း မဟုတ်တာကတော့ သေချာပါတယ် ။ မတော်မတည့်တာတွေကိုအမြင်မတော် အကြားမတော်လွန်းလှတာတွေကို ပြင်လိုပြင်ငြား ပြောပြချင်ရုံပါ ။ ကျွန်တော်ရေးတာ မှန်ကန်တဲ့အကြောင်းအရာဖြစ်မဖြစ်ဆိုတာ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ် ။
မပြင်တော့လည်း သိပ်တော့ ပြသနာ မရှိလှပါဘူးလေ ။ ပျက်အစဉ် ပြင်ခဏ ဆိုတာကို တပ်မတော် နဲ့ ပတ်သက်လာတဲ့အခါ ကျွန်တော်တို့  ပြောင်းပြန်အနက် မှတ်ယူလိုက်ကြရရုံပါ ။        
                                     မြန်မာ့တပ်မတော်ရဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့  မှာ ယနေ့ လက်ရှိ ဖြစ်နေတဲ့ အကြောင်းအရာတစ်ခု ပါ ။ မဆရ ( ၁၂ ) ဆိုတဲ့ တပ်မတော် ဆေးတပ်ရင်းမှာ တာဝန်ကျ တပ်ရင်းမှုးက OG  ပါ ။ ဒုတိယ ဗိုလ်မှုးကြီး အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ် ။ ဒီအထိကတော့ ပြသနာမရှိဘူးပဲ ထားပါတော့။   မြန်မာ့တပ်မတော်ရဲ့ အူကြောင်ကြား အစဉ်အလာလိုလို မူဝါဒလိုလိုဘာမှန်းမရေရာတဲ့ ညွှန်ကြားချက် တစ်ခုက ဒီနေ့ ဖြစ်နေတဲ့ ပြသနာကို အစပျိုးပေးခဲ့တာပါ ။    
                                          အနည်းငယ်ကြီးတဲ့ ရာထူးတွေကိုရောက်လာခဲ့ရင် တပ်မတော်သားတွေမှာ မိန်းမ မရှိလို့ မဖြစ်ပါဘူး တဲ့ ။ မယူမနေရပါတဲ့ ။ မယူခဲ့ရင် ရာထူးတိုးပေးဖို့ ကို မစဉ်းစားတော့ပါဘူးတဲ့ ။ အဲဒီလို ဖြစ်စဉ်ကြောင့် အသက် ၄၅ ခန့် ရှိနေပြီဖြစ်တဲ့ OG ဒုတိယဗိုလ်မှုးကြီး လူပျိုကြီးဟာ မိန်းမတစ်ယောက်ကို မဖြစ်မနေယူခဲ့ပါတော့ တယ် ။ ထိုင်နေအကောင်းသားထသွားတော့မှ ကျိုးမှန်းသိခဲ့ရတာက အဲဒီဒုတိယ ဗိုလ်မှုးကြီးဟာ လိင်တူ စိတ်ဝင်စားသူ တစ်ယောက် ဖြစ်နေခဲ့တာပါ ။ 
                                              အကျိုးစီးပွားအတွက် လပ်ထပ်ကြသည်ပဲဖြစ်ပါစေ တစ်ခါတစ်လေ လည်း ဒီလိုပဲ လိုအပ်ချက်တွေပေးထားချက်တွေ ညှိုလို့ နှိုင်းလို့ ရကြပြုကြ ဟန်ကိုယ့်ဖို့  နဲ့ နေထိုင်သွားကြ တာမျိုးလည်း လူ့ လောက ဇာတ်ခုံမှာ ရှိနေတတ်ကြတာမျိုးပါ ။ 
ယခုအခါမှာတော့ နောက်ထပ်ရာထူးတစ်ဆင့် ထပ်မံမြင့်တက်ဖို့  စစ်ဦးစီးတက္ကသိုလ် တက်နေဆဲမှာ အရှုပ်ထုပ်ကဇာတ်စုံခင်းလာခဲ့ကြတော့တာပါ ။ ဇနီးသည်က တိုင်ပါပြီ ။ လူမဆန်စွာ ထိုးနှက်ကန်ကျောက် ရိုက်နှက်နှိပ်စက်ထားသည် များကို အရှက်ကွဲခံ ရိုက်ယူထားသည့် ဓာတ်ပုံသက်သေများနှင့်တကွ အရေးယူပေးပါရန် တပ်ချုပ်ထံ လိပ်မူတိုင်ကြားပါတယ် ။    
                                            အဲဒီမှာပြောစရာရှိလာတာက ဇနီးခင်ပွန်း နှစ်ယောက်တည်းရဲ့ ပြသနာ မဟုတ်တော့ပဲနဲ့ မြန်မာ့တပ်မတော် ရဲ့ ဂုဏ်သိက္ခာ ရပ်တည်မှု တွေနဲ့ ပတ်သက်တဲ့ အသားထဲကလောက်ထွက်နေတဲ့ မကြားဝံ့မနာသာ ကိစ္စ ရပ်တွေပါပါဝင်နေခဲ့တာပါ။ တစ်ကယ်တော့ အဲဒီဒုဗိုလ်မှုးကြီးက အခွင့်အာဏာကိုအလွဲသုံးပြီး အမိန့်ပေးလို့  လိင်တူဆက်ဆံခြင်းအမှုကို မိန်ရည်ရှက်ရည်ကျူးလွန်နေခဲ့တာ ကြာလွန်းနေလျပါပြီတဲ့လေ ။                                        
        အမျိုးကောင်းသားလေးတွေ မိကောင်းဖခင်သားသမီးလေးတွေ မငြင်းနိုင် မရှောင်နိုင်နိုင်ထက်စီးနင်း အပြုခံနေကြရတာပါတဲ့ ။ တပ်မတော်တပ်ရင်းတစ်ခုက လူအများကြီးကို မသိအောင်မမြင်အောင် သတင်း မထွက်နိုင်အောင် ဘယ်လိုများ ဖုံးကွယ်သိုဝှက်ခဲ့ပါလိမ့်လို့  အံ့အားသင့်ရတဲ့ အခါ ငြင်းရဲရင် ငြင်းကြည့် အသံထွက်ရဲရင်ထွက်ကြည့်လို့ တစ်သွေးတစ်သံတစ်မိန့် အောက်မှာ ပြားပြားဝပ်နေခဲ့ကြရတာပါတဲ့ ။   
                                             အဲဒါဆိုရင် သူတို့ကပါ အဲဒီအမှုကြီးကို အလိုတူအလိုပါ ကျုးလွန်ခဲ့ကြ တာရော မဖြစ်နိုင်ဘူးလား။ မင်းတို့ တစ်ခဏနဲ့  တစ်ဘ၀ကို မလဲနဲ့ လို့ ပြောလေ့ရှိတဲ့ အရေပြား တစ်ထောက်စာကိစ္စအတွက် မင်းတို့ ဘ၀ကို အနာမခံနဲ့  ငါ့အလိုကိုလိုက်ရလို့  မင်းတို့ ဘ၀ပဲ့ပါ မသွားဘူး ဆိုတဲ့ စကားတွေအောက်မှာ တတ်စွမ်းသမျှ ငြင်းဆန်ကြတဲ့အခါ ထိုးနှက်ကန်ကျောက်တာတာတွေ ကလည်း ရှိကြသေးတာပါတဲ့ ။ 
                                               ဒီလိုနဲ့ ဘ၀မပျက်ရင်တောင်မှ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ကို သေရာပါမယ့် ဒဏ်ရာတွေအဖြစ်လက်ခံယူကြရတဲ့သူတွေက တပ်မတော်ဆေးတက္ကသိုလ် ဆင်းကာစ တပ်ရင်းရောက်ကာစ လူငယ်ကလေးတွေ ဘရာသာ လေးတွေပါ။နောက်တော့ တစ်ချို့ က လူငယ်ပီပီ မခံမရပ်နိုင်ကြတဲ့ အဆုံးမှာ ဘာဖြစ်ဖြစ်ကွာ ဆိုပြီးတော့ ကိုယ်ထိလက်ရောက် ပြန်လည်တုန့် ပြန်တာမျိုး သာမက ရွှေတြိဂံစစ်တိုင်းမှုး ထံအရောက် ကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ကြပါတယ် ။
                                                အဲဒီမှာ စိတ်ဝင်စားစရာ နောက်ထပ်ဇာတ်ကွက် တစ်ခုပေါ်လာ တာက အားကိုးတကြီးပြေးလာခဲ့တဲ့ အဲဒီ စစ်ဗိုလ်ပေါက်စကလေးတွေ စစ်တိုင်းမှုးနဲ့  တွေ့ ခွင့်မရခဲ့ပါဘူး ။ မရတဲ့အပြင် PSO နဲ့  G 1 တို့ က ဂိတ်ဝမှာပဲတားဆီးပြီး ထပ်မံခြိမ်းခြောက်ပြီး အရေးယူခံရမယ် မင်းတို့ ပဲ ဘ၀ပျက်မယ်နဲ့  ရာထူးကြီးတဲ့ သူတစ်ယောက် မထိခိုက်ဖို့ နဲ့ တစ်ကယ်လို့ အဲဒီပြသနာသာ အပေါ် ကို ပေါက်ကြားသွားရင် တိုင်းမှုးကို အထက်အဆင့်ဆင့်က ငြိုငြင်မယ် ။ ကိုယ့်တိုင်းသိက္ခာထိခိုက်မယ်နဲ့  ထိခိုက်နစ်နာတဲ့ ကလေးတွေရဲ့ ပြသနာကို ဘယ်တပ်မတော်အမိ ဘယ်တပ်မတော်အဘကမှ ၀င်ရောက် ကူညီမပေးခဲ့ကြပါဘူး ။   
                                                 အဲဒီမှာပဲ နောက်ထပ်ထူးဆန်းတဲ့ တပ်မတော်ရဲ့ စစ်စည်းကမ်း တစ်ခုကိုလည်း ကြားသိခဲ့ရတာက တပ်မတော်မှာ လိင်တူဆက်ဆံခြင်းအမှုကို ကျူးလွန်ရင် ထောင်ဒဏ် ၃ နှစ် ။ ကျူးလွန်တာခံရရင်တော့ ထောင်ဒဏ် ၅နှစ်ပါတဲ့ ။ အဲဒီတော့ ကျူးလွန်ခံရတဲ့ကလေးတွေက မခံနိုင် လို့ တိုင်ခဲ့ရင် အာဏာဖီဆန်မှုရော လက်ခံမှုနဲ့ ပါ ထောင်ဒဏ်နှစ်အတော်များများကျကြရဖို့ ရှိနေတာပါ ။ အခုထိ အဲဒီမြို့ မှာ ကျူးလွန်ခံကြရတဲ့ ကလေးတွေ ရှိနေဆဲပေမယ့် ဘယ်သူမှ ၀န်မခံရဲပါဘူးတဲ့။ အခုတော့ ဇနီးဖြစ်သူက တိုင်ပါပြီ ။ သက်သေတွေလည်းရှိပါပြီ ။ ဘယ်လိုအရေးယူပါလိမ့်မလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ တပ်မတော်က အမှန်တရားကိုဖြစ်စေချင်မှာလား  အရှက်ကိုပဲ ဖုံးကွယ်လိမ့်မလား ဆိုတာပေါ်ပေါက်လာတော့မှာပါ ။                     
                                                   တပ်မတော်ဟာ ဒီကိစ္စမှာ အမှန်တရားကို ရင်ဆိုင်မှာလား ၊ အဆက်ဆက်တုန်းကလိုပဲ လိမ်ညာဖုံးကွယ်ပေးနေကြဦးမှာလား ဆိုတာ  ကျွန်တော်တို့ စိတ်ဝင်တ စားစောင့်ကြည့်ကြရဦးမယ့် အဖြေဖြစ်မှာပါ ။     
ပြည်ချစ်သူ
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။