Friday, May 24, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စ ရပ်ကွက်ပြည်သူတွေ မီဒီယာကို ဖွင့်ချမယ်

(ဧရာဝတီ)

ရန်ကုန်တိုင်းအတွင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရပ်ကွက် နေ ပြည်သူတွေက စုပေါင်း လက်မှတ်ထိုး တိုင်ကြားမှုတွေကို အခုထိ အရေးမယူသေးလို့ သတင်းစာမီဒီယာ ကို ဖွင့်ချဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 

မကြာသေးခင်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တင်မြှောက်ကြတာမှာ မဲ မသမာမှုတွေနဲ့ ရပ်ကွက် ပြည်သူတွေနဲ့ ပြဿနာပေါင်းများစွာ  မြန်မာပြည်အနှံ့ ဖြစ်ခဲ့တာမှာ အခု ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် လည်း အပါအ၀င်ဖြစ်ပါတယ်။



ဖြစ်ပုံကတော့ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် ဆ/ ကရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဦးဟာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များတွင် ဥပဒေချိုးဖေါက်မှုများပြုလုပ်ခဲ့တယ်ဆိုတာနဲ့ ရပ်ကွက် အတွင်း အများပိုင်မြေနေရာတွေ ကန်ထရိုက်တိုက်လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သတ် ဥပဒေ ချိုးဖေါက်မှု တွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရပ်ကွက်နေ ပြည်သူ ၅၀၀ ကျော်က လက်မှတ်ထိုး တိုင်ကြားမှုတွေ လုပ်ခဲ့ တာပါ။

ဒီအပြင် ရပ်ကွက်ပြည်သူတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဦးကို ကန့်ကွက်ဖို့အတွက် ဥပဒေနဲ့အညီ ခွင့်ပြုချက်ယူပြီး ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့လို့ ဦးသန်းဦးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဘာမှ အရေးယူဆောင်ရွက်မှုတွေမရှိသေးလို့ ရပ်ကွက်နေပြည်သူတွေက သူတို့ရဲ့ တိုင်ကြားမှုအပေါ် အုပ်ချုပ်ရေး အာဏာပိုင်တွေက မျက်ကွယ်ပြုထားတယ်လို့ ယူဆပြီး ဒီကိစ္စတွေကို ဖွင့်ချဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတော့မယ်။ 
 
ရပ်ကွက်ပြည်သူတွေရဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းမှာ မေလ ၂၇ ရက်နေ နံနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်တယ်လို့ ၈၈ မျိုး ဆက် အဖွဲ့ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောပါတယ်။ 

 "စိတ်ဝင်စားတဲ့ သတင်းမီဒီယာအားလုံးကို ဖိတ်ခေါ်ပါတယ်" လို့ သူက ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။