Thursday, May 9, 2013

အပျော်လွန်ပြီး ဝန်ထမ်းနဲ့ ငြိမ်းချမ်းရေးအဖွဲ့ ခိုက်ရန်ဖြစ်

(စည်းလုံးခြင်းရဲ့အင်အား)

အခင်းဖြစ်ပွားရာ ရေအားလျှပ်စစ်ဝန်းရှေ့

ယခုနှစ် သင်္ကြန်ကာလတုန်းက ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်း KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရွှေကျင် ရေအားလျှပ်စစ်က ၀န်ထမ်းအချို့ အပျော်လွန်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း ရွှေကျင်မြို့ခံများထံမှ သိရှိရပါတယ်။ အဲဒီရန်ပွဲမှာ ငြိမ်းချမ်းရေး အဖွဲ့ဝင်တစ်ယောက် ခေါင်းကွဲသွားတာကြောင့် ငြိမ်းချမ်းရေး အဖွဲ့တွေက မကျေနပ်ဘဲ ရေအားလျှပ်စစ်ရုံးဝင်းသို့ သွားရောက်ကာ သောင်းကျန်းခဲ့ကြတယ်လို့ ပြောပါတယ်။


ရေအားလျှပ်စစ် ၀င်းတံခါးက ပိတ်ထားတော့ အပြင်ကနေဘဲ တောင်းဆိုခဲ့ရာ တာဝန်ရှိတဲ့  ၀န်ထမ်းလူကြီးတွေကလည်း ပဉ္ဇင်းဘောင် တက်နေကြတာကြောင့် ကျန်ရှိတဲ့ အကြီးအကဲ တချို့မှ ငြိမ်းချမ်းရေးအဖွဲ့ထံ ပဉ္ဇင်းဝတ်က လူထွက်ပြီးရင် လူကြီးများ အနေနဲ့ လာရောက် တောင်းပန်ပါမယ်အကြောင်း ပြောကြားပြီး ဖြန်ဖြေလိုက်ရတယ်လို့ သိရပါတယ်။ 

သင်္ကြန်ကာလအပြီး နောက်ပိုင်းမှာ ရေအားလျှပ်စစ်ရုံးက လူကြီးတွေက သွားရောက်ညှိနှိုင်း တောင်းပန်လိုက်ရာ ပြေလည်သွားတယ်လို့ ဆိုပါတယ်။  ပြဿနာဖြစ်ပွားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရွှေကျင်မြို့၊ ခြေတော်ကျေးရွာမှာ အခြေပြုနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့လို့ သိရပါတယ်။ ဒါတောင် သင်္ကြန်ကာလတုန်းက လုံခြုံရေးအတွက် စိတ်ပူလို့ တပ်ရင်း - ၇  က KNU အဖွဲ့ဟာ ယူနီဖောင်း အပြည့်အစုံနဲ့ ရွှေကျင်မြို့လယ်မှာ လုံခြုံရေး လာလုပ်ပေးသွား တယ်လို့လဲ သိရပါသေးတယ်။ တပ်ရင်း - ၇ က လုံခြုံရေး ယူမဲ့ကိစ္စကို ရွှေကျင် စစ်ဗျူဟာနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က ညှိနှိုင်းပြီး ဆောင်ရွက်ပေးကြောင်း မြို့ခံများက ပြောပါတယ်။

ရွှေကျင်မှာ စစ်ဗျူဟာရုံးအဆင့် ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦးက ရုံးထိုင်နေသလို ကျောက်ကြီးတွင်လည်း KNU ဆက်ဆံရေးရုံး ရှိနေတဲ့အပြင် မြို့ထဲမှာ KNU နှင့် လုံခြုံရေးအရ အတူပူးတွဲ လုပ်ကိုင်နေတဲ့ အထဲက အဲဒီလိုဖြစ်စဉ် ဖြစ်ပွားရတာကတော့ မဖြစ်သင့်ဘူးလို့ မြို့ခံများက ဆိုပါတယ်။ အာဏာပိုင် အဖွဲ့အစည်းများ အနေနဲ့ မလိုလားအပ်ဘဲ ပြဿနာများ မဖြစ်ပွားစေရန် ပေါင်းစပ်ညှိနှိုင်း ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်သင့်ကြောင်း မြို့ခံများက သုံးသပ် ပြောဆိုသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။