Tuesday, May 28, 2013

အစိုးရသစ် တက်လာပြီးနောက် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု ပိုမိုဆိုးရွားခဲ့ပြီး အချို့နေရာများတွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်သည်ဟု ကြားသိရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Eleven Media Group)

အစိုးရသစ် တက်လာပြီး သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်မှု ပိုမိုဆိုးရွားခဲ့ပြီး အချို့နေရာများတွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်သည်ဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီဝင်များ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုအစည်းအဝေးကို မေ ၂၇ ရက်က တော်ဝင်နှင်းဆီခန်းမတွင် မနက် ၉ နာရီမှ စတင်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။


အစည်းအဝေး အပိတ်အမှာစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''ပြည်သူပြည်သားတွေ စိတ်ပူနေရတဲ့ကိစ္စက မူးယစ်ဆေးဝါး ကိစ္စလို့ နားလည်တယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုက လွန်ခဲ့တဲ့ ၃ နှစ်ကထက်စာရင် အခုပိုပြီး ဆိုးရွားနေတယ်လို့ သိရတယ်။ ကျွန်မတို့ မေးခွန်းထုတ်ရမှာက ဒီသုံးနှစ်အတွင်း ဘာဖြစ်လို့ မူးယစ်ဆေးဝါးကိစ္စ ဆိုးဝါးလာရတာလဲ။ အုပ်ချုပ်ရေးပိုင်းက ဒီကိစ္စကို ထိထိမိမိ မလုပ်နိုင်တာလား၊ ထိထိမိမိ မချည်းကပ်၊ မကိုင်တွယ်တာလားလို့ မေးရမှာဖြစ်ပါတယ်'' ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ကူညီရန် အင်မတန်မှ စိတ်ဝင်စားနေသော နိုင်ငံများ၊ အဖွဲ့အစည်းများအား အစိုးရသစ် တက်လာပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အခြေအနေ ဆိုးရွားလာမှုအား သတိမူမိရဲ့လား၊ သတိမှုမိသည် ဆိုလျှင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ယင်းကိစ္စအတွက် တိုက်တွန်းခြင်း၊ မီးမောင်းထိုးပြခြင်းတို့အား လုပ်ဆောင်ပြီးပြီလားဟု ထပ်မံမေးခွန်း ထုတ်ခဲ့သည်။

ထပ်မံ၍ ဒေါ်အောင်ဆန်းစုကြည်က ''မူးယစ်ဆေးဝါးဆိုတာ ကျွန်မတို့နိုင်ငံမှာ ပစ္စုပန်အတွက်တင်မကပဲ အနာဂတ်အတွက်ပါ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ရဲ့လူငယ်များကို ဖျက်ဆီးတဲ့ ကိစ္စပဲဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးနဲ့လည်း အင်မတန်မှ ဆက်စပ်ပါတယ်။ ကျွန်မနားလည် သလောက်ကတော့ အုပ်ချုပ်ရေးပိုင်းကနေ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေမှန်းသိရက်နဲ့ လျစ်လှူရှုပြီး အရေးမယူဘူးလို့ နားလည်ထားပါတယ်။ အချို့နေရာတွေမှာ မူးယစ်ဆေးဝါး လုပ်ကိုင်နေသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ် လို့တောင်မှ ကြားရပါ တယ်'' ဟု ပြောကြားခဲ့သည်။

အစိုးရအနေနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို လိုချင်ပါက မူးယစ်ဆေးဝါးကိစ္စကို လျစ်လျူရှုထား၍ မရကြောင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့်လည်း မူးယစ်ဆေးဝါးကိစ္စအား အင်မတန်မှ အရေးကြီးသည်ဟု သတ်မှတ်ထားကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စသည် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများနှင့်ပါ ဆက်စပ်ကြောင်းကိုလည်း အလေးအနက်ထား ပြောကြားခဲ့သည်။

ထိုပွဲသို့ မီဒီယာများအား ဖိတ်ခေါ်ကာ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိုမိန့်ခွန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ များလာခြင်းကို ပြည်သူလူထု အနေနှင့် သဘောကျ ကျေနပ်ကြကြောင်းနှင့် မီဒီယာများကလည်း တာဝန်ကျေကြရန် တိုက်တွန်းခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ပြည်သူများ၏ လိုအပ်ချက်များအား သိရှိရန်နှင့် နိုင်ငံသားများ တိုးတက်ရေးကို မည်သို့လုပ်ဆောင်ရန်အတွက် အကြံပြုရန် ရည်ရွယ်ပြီး ယခုအစည်းအဝေးကို ပြုလုပ်ကြောင်းလည်း သိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။