Friday, May 17, 2013

ဦးသိန်းစိန်နှင့် အိုဘားမား တွေ့ဆုံ ဆွေးနွေးမည့်အပေါ် သုံးသပ်ချက်အမြင်အချို့

(Mizzima)

သမ္မတဦးသိန်းစိန်သည် မကြာမီ ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။

ဦးသိန်းစိန်နှင့် အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် တကြိမ်၊
မြန်မာနိုင်ငံတွင်တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြဖူးပြီး ဖြစ်သည်။

ယခုတကြိမ် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေး လှုပ်ရှားနေသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ထင်မြင်ယူဆချက်များကို မဇ္စျိမက မေးမြန်း ဖော်ပြပေးထားသည်။



 မင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသား)

“အကျိုးသက်ရောက်မှုက အင်မတန် များပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက်ဆိုရင် အရေးယူ ပိတ်ဆို့မှုတွေ ကျန်ရှိနေသေးပမယ့် ဒီမှာ ထိရောက်တဲ့ အကူအညီတွေကို ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရးတွေမှာ အမေရိကန်လို နိုင်ငံမျိုးကဘယ်
လောက် ကူညီနိုင်မလဲဆိုတာ ပြည်သူတွေက လက်တွေ့ကျကျ တုန့်ပြန်ထားတယ်။

ကျန်တဲ့ နိုင်ငံရေး အတိုးအဆုတ်တွေ၊ ဗျုဟာတွေကို ပြည်သူတွေက အားလုံး သဘောပေါက်နိုင်မှာ မဟုတ်ဘူး။ တယောက်တမျိုး
ဖြစ်နေကြတယ်။ နိုင်ငံရေးနဲ့ သိပ်ရင်းနှီးတဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေ ကတော့ နိုင်ငံရေးဗျုဟာတွေ၊ အတက်အကျတွေကို စိတ်ဝင်စား
ကြတာ။ ပြည်သူတွေကတော့ လက်ငင်း တိုင်းပြည် ထင်သာမြင်သာ ဘာအကျိုး ခံစားရလဲဆိုတာ တိုင်းတာကြပါတယ်။

ကျနော်တို့က မျှော်လင့်ချက်နဲ့ အလုပ်လုပ်တာမျိုး မဟုတ်ဘူး။ ယုံကြည်ချက်နဲ့ ချီတက်ရတဲ့ လူတွေပါ။
လောကကြီးမှာ မှန်မှန်ကန်ကန် ပြောင်းလဲတယ်ဆိုရင် ဒီလူတွေကို လက်တွေ့ ကူညီရမယ်။ အပေါ်ယံ ဗန်းပြပြီတော့ ပြောင်းလဲရေးပုံစံပြပြီး တကယ်အနှစ်သာရမှာ နှိပ်ကွပ်ဖိနှိပ်မယ် ဆိုရင်တော့ ကျနော်တို့ သဘောတူလို့ မရဘူး။ အားပေးလို့လည်း ရမှာ မဟုတ်ဘူး”

ဟံသာဝတီ ဦးဝင်းတင်


“ဗမာပြည်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြဿနာပေါင်း
သောင်းခြောက်ထောင် ဖြစ်နေတယ်။ အစိုးရက နေပြီးတော့ ဘယ်လောက်ပဲ ဖုံးဖိ ဒါတွေက ရှေ့ဖုံးနောက်ဖိ ဖြစ်နေတယ်။
နိုင်ငံရေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ တိုင်းရင်းသားအရေးလို ကိစ္စတွေဟာ ဒီနေ့ ဗမာပြည်မှာ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့
ပြဿနာတွေ ဖြစ်တယ်။ ဖုံးဖိထားလို့ မရဘူး။ ပြောသင့်သလာက်
ပြောရလိမ့်မယ်။ အမေရိကန်ကို ဒီနေ့ မပြောဘဲနေရင် ဆက်စပ်ပြီးတော့ သိလာမှာပဲ။ သူတို့သံအမတ်တို့ဘာတို့ဆို မြန်မာနိုင်ငံအရေးမှာ ထဲထဲဝင်ဝင်ကို ပါနေတယ်။  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး စပ်ဆက်ထိတွေ့တာတွေ ပါနေတယ်။ ဒါတွေကို ဖုံးဖိထားလို့ မရဘူး။ ရင်ဆိုင်ရမှာပဲ။

ရေရှည်အကျိုးသက်ရောက်မှု ရှိအောင် လုပ်သွားရမှာပဲလို့ ကျနော် ယူဆတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ အမေရိကန်တို့နဲ့ ဆက်စပ်ပြောဆိုတဲ့အခါ ဒီအချက်တွေ ပါဖို့ လိုအပ်တယ်လို့ ယူဆပါတယ်”

ဦးမြတ်သင်းအောင် (လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ)


“အမေရိကန်က အခွန်တွေ လျှော့ချပေးလို့တာကိုလည်း သူတို့ လွှတ်တော်က အတည်ပြုပေးဖို့ လိုပါတယ်။ တကယ်တမ်း ပို့ကြမယ်၊ အခွန်လျှော့မယ်ဆိုရင် လုပ်ငန်းရှင်တွေ ပိုမြတ်တာပေါ့။ အခု နိုင်ငံမှာ စက်မှုဇုန်တွေမှာ မီးမပေးနိုင်ဘူး။ လျှပ်စစ်က
တော်တော်လိုအပ်နေပြီ။ အမေရိကန်လို နိုင်ငံကသာ ရင်းနှီးမြုပ်နှံမှု
တွေ လုပ်မယ်ဆိုရင် ဒီမှာ အလုပ်သမားတွေ အလုပ်အကိုင်တွေ ရလာမှာ။ အခုက အမေရိကန်က အရောင်းအဝယ် အခွန်တွေ
လျှော့ချပေးလိုက်ပေမယ့် အားလုံးက အဆက်အသွယ်တွေ ပြတ်တောက်နေတယ်။ Sanction (စီးပွားရေး ပိတ်ဆို့မှု) အကြာကြီး ပိတ်ထားလိုက်တဲ့အတွက်ပါ။ ခေါင်းဆောင် ထိပ်သီးချင်း ဆွေးနွေးမယ်ဆိုတော့ ပိုပြီး ထိရောက်တာပေါ့။ ဝန်ကြီးအဆင့်ဆို ပိုအချိန်ယူနေရတယ်”

ဦးဘိုဘိုကျော်ငြိမ်း (နိုင်ငံရေး လေ့လာသူ)

“အမေရိကန်နဲ့ မြန်မာက သံသယတွေ ရှိခဲ့ကြတယ်။ ဆက်ဆံရေးတွေ ကောင်းဖို့အတွက် ပြည်သူတွေက
မျှော်လင့်ချက်တွေ အများကြီး ရှိနေကြတယ်။ သမ္မတ နှစ်ယောက် နားလည်မှုရရင် အောက်မှာရှိတဲ့
ပေါ်လစီတွေကို ဖော်ဆောင်တဲ့ နေရာမှာ ပိုပြီး အောင်မြင်လာမှာပါ။ ပထမ သံသယပျောက်ပြီး ပူးတွဲ
ဆောင်ရွက်တဲ့အဆင့် ရောက်သွားရင် ဒါ ကောင်းတဲ့အချက်လို့ မြင်ပါတယ်။

အမေရိကန်က ဖိအားပေးတဲ့အခါ ကျနော်တို့ တရုတ်ကို အားကိုးနေရတော့ တရုတ်ဘက် ရောက်သွားတာပေါ့။ တရုတ်က လွှမ်းမိုးနေတယ်လို့ ဒီအချိန်မှာ ယူဆနေကြချိန်မှာ အမေရိကန်က ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ အချိန်ကို လူတိုင်းက မျှော်လင့်ချက်တွေ ရှိနေတယ်။ အားလုံးက အလယ် ကြားမှာ နေပြီး နိုင်ငံတိုင်းက ကိုယ်အကျိုးအတွက် ကိုယ်လုပ်ရမှာပဲ။ မြန်မာနိုင်ငံ အခင်းအကျင်းထဲက စီးပွားရေးတွေမှာ တရုတ်ကိုပဲ အားကိုးနေမယ်ဆိုရင် မကောင်းဘူး။ ဒီကြားထဲမှာ မြန်မာနိုင်ငံရဲ့Foreign policy (နိုင်ငံခြားရေး မူဝါဒ) ကို သုံးပြီး မြန်မာနိုင်ငံ အကျိုးအတွက်ကို ဆောင်ရွက်ရမှာပါ” 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။