Tuesday, May 21, 2013

အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ အုပ်ချုပ်ရေး စနစ် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပုံများ

(စည်းလုံးခြင်းရဲ့အင်အား)

အယ်ဒီတာအဖွဲ့၏ သုံးသပ်တင်ပြချက်။    ။ ယနေ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းကာလမှာ သမ္မတနှင့် လွှတ်တော်အကြား ဥပဒေအရ အငြင်းပွားမှုများ၊ အားပြိုင်မှုများ ရှိနေဆဲ ဖြစ်ပါတယ်။ အတွေ့အကြုံ နုနယ်သေးသဖြင့် မဖြစ်သင့်သည်များ မဖြစ်ရလေအောင် မိဘပြည်သူလူထုက ထိန်းကြောင်း ပေးလိုတဲ့ ဆန္ဒများ ရှိကြောင်း သိရှိရပါတယ်။ အမျိုးသား ညီလာခံတွင် အခြေခံ ဥပဒေ ရေးဆွဲစဉ်ကပင် ယခင် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက အင်ဒိုနီးရှားနိုင်ငံရဲ့ တိုးတက် ဖြစ်ပေါ် ပြောင်းလဲမှုများကို အားကျပြီး ကိုးကားခဲ့သည်ဟု စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်တွင် တပ်မတော်က ယူနီဖောင်းဝတ် ဝင်ရောက်နေရာယူခဲ့ပြီးမှ တဖြေးဖြေး လျော့လာကာ စစ်တန်းလျား ပြန်သွားသည့်စနစ် ဖြစ်ပါတယ်။

ဆောင်းပါးရှင် - အာကာ


သတင်းထောက်ဟောင်းကြီး သြဂတ်ဆူဟာနာဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတ အုပ်ချုပ်ရေး စနစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်ခဲ့ပုံ ဇာတ်ကြောင်းကို ရှေ့တန်းကျကျ မြင်တွေ့ သိရှိခဲ့ရသူ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အသက် (၅၇) နှစ်အရွယ်ရှိ သတင်းထောက်ကြီးဟာ သမ္မတ နန်းတော်ကို နေ့စဉ် ရောက်ရှိပြီး အစိုးရ အဖွဲ့ အစည်းအဝေး သတင်းတွေကို ရယူခဲ့ရသလို အစိုးရရဲ့ ကြေညာချက်တွေကိုလည်း သတင်းဌာနတွေကို ဖြန့်ဝေပေးခဲ့ရသူ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာ နိဂုံးချုပ်ခဲ့တဲ့ သမ္မတ ဆူဟာတိုရဲ့ နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အဲဒီ သတင်းထောက်ကြီးက “ဆူဟာတိုဟာ ဆုံးဖြတ်ချက် မြန်ဆန်တယ်။ သူ့ရဲ့ စကားဟာ ဥပဒေပဲ ဖြစ်တယ်။ သူဟာ ဘယ်တော့မှ အစည်းအဝေးတွေကို ရွေ့ဆိုင်းတာ၊ ဖျက်သိမ်းတာမျိုး မလုပ်ခဲ့ဖူးဘူး” လို့ သူ့ကိုယ်တွေ့ကို ပြောပြတယ်။ သူဆက်ပြီး ပြောတာက “ဆူဟာတို နောက်ပိုင်း တက်လာတဲ့ ဘယ်သမ္မတ တစ်ယောက်မှ သူ့လို မစီမံနိုင်ခဲ့ကြဘူး။ ဒီနေ့ဆိုရင် ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန် အကြာကြီး ယူနေတာ တွေ့ရတယ်။ ဆုံးဖြတ်နေတယ်။ နောက်ဆုံးအဆင့် ရောက်နေပြီဆိုတာချည်းပဲ ဖြစ်နေတယ်” တဲ့။

အမှန်တကယ်တော့ အင်ဒိုနီးရှား သမ္မတရဲ့ အခရာကျမှုဟာ ဆူဟာတိုခေတ် ကုန်ဆုံးသွားတဲ့ နောက်ပိုင်းမှစပြီး ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်။ အင်ဒိုနီးရှား နိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၅ ခုနှစ်ကနဲ့ စာရင် ပိုပြီး အလှမ်းကွာလာခဲ့တယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အစောပိုင်းနှစ်တွေမှာ ဆိုရင် သမ္မတရဲ့ အခန်းကဏ္ဍဟာ မင်းပွဲစိုးပွဲ အခမ်းအနား တက်ရောက်ရုံလောက်ပဲ ရှိခဲ့တယ်။ တိုင်းပြည်ကို တကယ်တမ်း ကိုင်တွယ်နေတဲ့ သူက ဝန်ကြီးချုပ်သာ ဖြစ်ပြီး သူနဲ့အတူ ပါလီမန်က ပါဝင်လှုပ်ရှားခဲ့တယ်။


ဒါပေမဲ့ ၁၉၅၉ ခုနှစ်အရောက်မှာ ပထမဆုံး သမ္မတ ဖြစ်လာတဲ့ ဆူကာနိုက ပါလီမန် ဒီမိုကရေစီ အပေါ် ဆန့်ကျင်တဲ့ လူထုသဘောထား ဆန္ဒကို ဆုပ်ကိုင်ပြီး တိုင်းပြည်ရဲ့ ဟောင်းနွမ်း နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမိန့် ဒီကရီ ထုတ်ပြန်ပြီး ပြင်ဆင်ခဲ့တယ်။ ပြင်ဆင်မှု အများအပြားထဲမှာ နောက်ထပ် ရွေးကောက်ပွဲဆိုတာ မရှိတော့ဘူး။ ဆူကာနိုကပဲ သူ့ဘဝ သက်တမ်း တစ်လျှောက်လုံးမှာ အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်ထားခဲ့တယ်။

၁၉၆၅ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ဆူဟာတို ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေဟာ ပုံမှန်ပြန် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲတွေကိုတော့ ထိန်းချုပ် ထားခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သမ္မတ ဆူဟာတိုရဲ့ လက်ကိုင် နိုင်ငံရေး ပါတီ ဖြစ်တဲ့ ဂိုလ်က ပါတီအပြင် အခြား နိုင်ငံရေး ပါတီ နှစ်ခုကို ဖွဲ့စည်းခွင့်ပြုခဲ့တယ်။ မဲဆန္ဒရှင်တွေဟာ ဂိုလ်ကာပါတီကိုပဲ ရွေးချယ်တင်မြှောက် ခဲ့ကြရတယ်။ ဆူဟာတိုက သူ့မှာ သူ့သြဇာနာခံရတဲ့ ပါလီမန် လွှတ်တော်ရှိတယ်ဆိုတာကို သေချာအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ လူထုဆူပူအုံကြွမှုတွေ ဖြစ်လို့ ဆူဟာတို နုတ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ သမ္မတရဲ့ အခန်းကဏ္ဍလည်း လျှော့ချတာ ခံခဲ့ရတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာ သက်ရောက်မှုဟာ ကျဉ်းမြောင်းသွားပြန်တယ်။ အင်ဒိုနီးရှား နိုင်ငံ သမ္မတဟာ တန်ခိုးကြီးထွားသူ မဟုတ်တော့ဘဲ အများကြိုက် သမ္မတ ဖြစ်လာခဲ့ပြန်တယ်။ ဥပမာ ပြရမယ် ဆိုရင် ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေ ပေါ်ထွက်လာပြီး သမ္မတကို သက်တမ်းနှစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့တယ်။ ဒါ့အပြင် သမ္မတကို မဲဆန္ဒရှင်တွေက တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ်ကို ကျင့်သုံးလာခဲ့တယ်။

အရှေ့တောင်အာရှ လေ့လာရေးဌာနရဲ့ အကြီးတန်း သုတေသန အရာရှိ တစ်ဦး ဖြစ်တဲ့ အရစ်အန်နန်တာက သမ္မတဟာ တိုင်းပြည်ကို အာဏာပိုင် လမ်းကြောင်းနဲ့ ဦးဆောင်လို့ မရတော့ဘူး။ အင်ဒိုနီးရှား ပြည်သူတွေဟာ ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံးလာနိုင်ခဲ့ကြတယ်လို့ ဆိုတယ်။

ဒါပေမဲ့ သမ္မတရဲ့ သြဇာအာဏာ သက်ရောက်မှုကို ကန့်သတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် တစ်နည်း တစ်လမ်းအားဖြင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်ပြားစေခဲ့တယ်။ လက်ရှိ သမ္မတ ယူဒိုယိုနိုဆိုရင် ပြည်သူ့ ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ နာမည်ကောင်း ရခဲ့ပေမဲ့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ နှောင့်နှေးနေသူအဖြစ် အဝေဖန်ခံခဲ့ရတယ်။ သူဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ နောက်ထပ် သမ္မတ သက်တမ်းအတွက် ပါဝင် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်တယ်။  သူနဲ့ ဆန့်ကျင်ဘက် သမ္မတ ရွေးကောက်ပွဲ ဝင်ခဲ့သူတွေကတော့ ယခင် သမ္မတဟောင်း မီဂါဝါတီနှင့် လက်ရှိ ဒုသမ္မတ ယူဆွတ်ကယ်လာတို့ပဲ ဖြစ်တယ်။ မစ္စတာ ကယ်လာက မြန်ဆန် ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရမယ်လို့ ဂတိပြုထားတယ်။ ဒေါက်တာ ယူဒိုယိုနိုကို ထောက်ခံသူတွေကတော့ ယူဒိုယိုနိုမှာ အဓိကကျတဲ့ ဒီမိုကရေစီ အနှစ်သာရ ရှိတယ်၊ အဲဒါကတော့ အရွေးချယ်ခံ ပါလီမန်ပါပဲလို့ ပြောကြတယ်။ ယခင် ဆူဟာတို လက်ထက်တုန်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မရှိခဲ့ဘူး။ အဲဒီတုန်းက ပါလီမန်ဟာ သမ္မတ အာဏာကို ထိန်းညှိနိုင်ဖို့အတွက် သူ့ကိုယ်သူ တည်ဆောက်ခဲ့ရတယ်။

နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဝီမာဝီတိုလာကတော့ အာဏာခွဲဝေမှု အစီအမံဟာ လိုအပ်ပေမဲ့ ပါတီစုံက လူတွေ စုဝေးနေတဲ့ ပါလီမန်ဟာ တစ်ချိန်ပြီး တစ်ချိန် သူ့ရဲ့ အာဏာပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ထောက်ပြထားတယ်။ ယခင် သမ္မတဟောင်း အဗ္ဗဒူရာမန်ဝါဟစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့တဲ့ မစ္စတာ ဝီမာက ၂၀၀၁ ခုနှစ်က ငါးနှစ် သက်တမ်းမှာ နှစ်နှစ်ပဲ တာဝန်ထမ်းဆောင်ခဲ့ရပြီး ပါလီမန်ရဲ့ အယုံအကြည်မရှိ အဆိုနဲ့ နှုတ်ထွက်ခဲ့ရတဲ့ သမ္မတ ဝါဟစ်ရဲ့ ဖြစ်ရပ်ကို ဥပမာ ပြခဲ့တယ်။

သမ္မတအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမှုနဲ့ ပတ်သက်ပြီး အခြေခံ အကြောင်းအရာကို မေးကြည့်တဲ့အခါမှာ ပါလီမန် ဥက္ကဋ္ဌ အေမီယံရိုင်းစ်က “တခြား ဘာအကြောင်းမှ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပါလီမန်က သမ္မတထက် သြဇာအာဏာ ပိုကြီးလို့ပဲ” လို့ တုံ့ပြန် ပြောကြားခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ သမ္မတကို ဖယ်ရှားနိုင်တဲ့ ပါလီမန်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုပြီး ခက်ခဲအောင် ဥပဒေနဲ့ တင်းကြပ်ခဲ့ရတယ်။ ဒါပေမဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ အကြီးအကဲ သမ္မတရဲ့ ကံကြမ္မာဟာ ပါလီမန်က သူနဲ့ ဘယ်လောက်များများ ပူးပေါင်းဆောင်ရွက်နေသလဲ ဆိုတဲ့ အပေါ်မှာ အလွန်ပဲ တည်မှီလျက် ရှိနေဆဲ ဖြစ်တယ်။

လေ့လာ ဆန်းစစ်သူတွေက ဒေါက်တာ ယိုဒိုယိုနိုရဲ့ ဒီမိုကရက်တစ် ပါတီဟာ ဖွဲ့စည်းဖြစ်ပေါ်လာမဲ့ ပါလီမန်သစ်မှာ အမတ် နေရာ (၂၁) ရာခိုင်နှုန်းအထိ ရရှိထားတာမို့ ယူဒိုယိုနိုဟာ သမ္မတအဖြစ် ပြန်အရွေးခံရရင် ပြီးခဲ့တဲ့ အရင် သမ္မတ သက်တမ်းထက် ပိုပြီး အနေချောင်မယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှတော့ အင်ဒိုနီးရှား နိုင်ငံ သမ္မတရဲ့ အခန်းကဏ္ဍ ပိုမိုတောင့်တင်း ခိုင်မာသင့်တယ်လို့ ချင့်ချိန် ပြောဆိုတာ မတွေ့ရပါဘူး။


စင်ကာပူ အမျိုးသား တက္ကသိုလ်မှ လူမှုရေး ဗေဒပညာရှင် ဟာဒစ်ကတော့ “အင်ဒိုနီးရှား နိုင်ငံရေး လောကမှာ လှုပ်ရှားနေကြတဲ့ လက်ရှိ Player အများစုဟာ ဆူဟာတို လက်ထက်က ဆင်းသက်လာကြသူတွေချည်းပဲ ဖြစ်တယ်။ သူတို့ဟာ လက်ရှိ နိုင်ငံရေး စနစ်နဲ့ အတွေ့အကြုံကို အခုမှ ရရှိလာကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ အာဏာယစ်မူးသူတို့ရဲ့ လမ်းကြောင်း အတိုင်း ဆက်မလိုက်နိုင်ဖို့အတွက် အခုလို ပါလီမန်နဲ့ သမ္မတရဲ့ အခွင့် အာဏာ ချိတ်ဆက် ထိန်းညှိမှုဟာ လိုအပ်တယ်” လို့ သုံးသပ်ထားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။