Friday, May 24, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

စစ်တပ် အတွေးအခေါ် မြင့်မားအောင် ဘယ်လို ဖွင့်ပေးမလဲ ဆိုတာတွေ၊ နိုင်ငံခြားရောက် မြန်မာတပ်မတော် အရာရှိများ အတွေ့အကြုံကို ယခုအပိုင်းမှာ ဆက်လက် တင်ပြသွားပါမယ်။ ဗိုလ်ချုပ်ကြီးက ဆွေးနွေးလမ်းညွှန်ရာမှာ မြန်မာနိုင်ငံမှာ အားနည်းချက်တွေ ဘာတွေရှိလဲ ဆိုတာကတော့ စစ်တပ်နဲ့ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ လုံးဝကို ဆက်ဆံရေးပြတ်သွားတာ။ အပြန်အလှန် ဆွေးနွေးမှု၊ တိုင်ပင်မှု၊ ယုံကြည်မှု လုံးဝ ပြတ်သွားတယ်လို့ ဆိုပါတယ်။ NLD ပါတီထဲမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီး ဦးတင်ဦးတို့  ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ စသဖြင့် သူတို့ဟာ စစ်တပ်ကလာတဲ့ သူတွေဖြစ်ပေမယ့်လို့ အဲဒီ စစ်အရာရှိ ဟောင်းကြီးတွေတောင်မှ တပ်တွေနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အဲဒါက လှုပ်ရှားမှုအတွက် အားနည်းချက် ဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။


ဗိုလ်ချုပ်ကြီးက စစ်တပ်က အရာရှိတွေရဲ့ အတွေးအခေါ်တွေကို ဘယ်လို ဖွင့်ပေးရမလဲဆိုတာ အရေးကြီးတယ်။ တကယ့် အပြောင်းအလဲကို ဖန်တီးပေးဖို့ဆိုတာ အဲဒါ အရေးကြီးတယ်။ အဲဒီမှာ ကွာခြားချက်က ဘာလဲဆိုတော့ အင်ဒိုနီးရှားမှာက နိုင်ငံတကာနဲ့ အဆက်အသွယ်က မပြတ်ဘူး။ ဆူဟာတိုက တဘက်မှာ တိုင်းပြည်ကို opening လုပ်ရမယ်ဆိုတဲ့ သဘောတရား ရှိနေတဲ့ အခါကျတော့ စစ်တပ်က အရာရှိတွေရော၊ အရပ်ဘက်က အရာရှိတွေရော အကုန်လုံး နိုင်ငံခြား ပညာတော်သင် လွှတ်တာတွေရှိတယ်။ အဓိက အင်ဒိုနီးရှားမှာ အပြောင်းအလဲကိစ္စကို လုပ်သွားတဲ့ နေရာမှာ western train ပညာတတ်တွေရဲ့ အခန်းကဏ္ဍက တော်တော်ကောင်းတယ်။ သူတို့ကိုယ်တိုင် နိုင်ငံခြား ကျောင်းပေါင်းစုံမှာ ပညာတွေကို သင်ကြားခဲ့ရသလို အရပ်ဘက် ခေါင်းဆောင်တွေလည်း စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားခွင့်ရှိတယ်။ ဒါတွေဟာ မြန်မာနိုင်ငံနဲ့ မတူတဲ့ဟာတွေ ဖြစ်တယ်လို့ နှိုင်းယှဉ်ပြသွားပါတယ်။

စည်းလုံးခြင်းရဲ့အင်အားမှ အရာရှိတစ်ဦးက ပြန်လည်ဆွေးနွေးရာမှာ ကျွန်တော် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမေရိကန်နိုင်ငံရဲ့ ခြေလျင်တပ်ခွဲမှူးသင်တန်းကိုတက်ဖို့ ရွေးချယ် ခံခဲ့ရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့ အဖြစ်အပျက်ကို တင်ပြလိုပါတယ်။ အဲဒီဗိုလ်မှူးဟာ OTS – 36 က ဖြစ်ပြီး တပ်မတော်မှာရှိတဲ့ ဗိုလ်မှူးများစွာထဲက အဆင့်ဆင့် ဇကာတင် ရွေးချယ်ခံရကာ တပ်မတော် တရပ်လုံးမှ ဗိုလ်မှူး ၂ ဦးတည်းကိုသာ ရွေးချယ် စေလွှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။


အဲဒီဗိုလ်မှူး ရွေးချယ်ခံရစဉ်မှာ သူဟာ ကရင်ပြည်နယ် ကမမောင်းဒေသ စစ်ဆင်ရေးမှာ စစ်ကြောင်းမှူး တာဝန် ထမ်းဆောင်နေရချိန် ဖြစ်ပါတယ်။ သူ့ကို သင်တန်းသွားဖို့ နောက်တန်းကို ပြန်ရာမှာ လုံခြုံရေး တကူးတက မလုပ်ပေးနိုင်ကြောင်း တိုင်းစစ်ဌာနချုပ်က ကြေးနန်းဝင်လာပါတယ်။ အဲဒီအခါ ဗိုလ်မှူးလည်း ဒေါသထွက်ပြီး သူတစုံတခုဖြစ်ရင် သူခံမယ်ဆိုကာ သူ့ရဲ့ ဘ၀တက်လမ်းအတွက် စွန့်စားရပါတော့တယ်။ စက်လှေတစ်စင်းနဲ့ သူရယ် သူ့တပည့်တစ်ဦးရယ်ဟာ ကမမောင်းကို အရပ်ဝတ် ဝတ်ပြီး စွန့်စွန့်စားစား စုန်ဆင်းလာပါတော့တယ်။ တကယ်တော့ အဲဒီလိုသင်တန်းကို အရာရှိတိုင်းက တက်ချင်ကြပြီး အမေရိကန်က ပြန်လာပါရင် ထိုစဉ်က ကားဝယ်စီးနိုင်မဲ့ခေတ်မို့ ရေပန်းစားတဲ့ သင်တန်း ဖြစ်ပါတယ်။ အဲဒီလိုသင်တန်းကို အရောက်သွားဖို့ နောက်တန်းသို့ မဖြစ်မနေ ပြန်ရန် အစီအစဉ် လုပ်ပေးသင့်ပေမဲ့ ၀န်လေးနေတဲ့ အထက် စစ်ဌာနချုပ်များမှ အရာရှိကြီးတွေရဲ့ တာဝန်မဲ့တဲ့ စိတ်နေသဘောထားက တရားကျဖို့ ကောင်းလှပါတယ်။ သူပြန်လာတော့ သင်တန်းအတွေ့အကြုံ ရှင်းပြရာမှာ တောသား မြို့တက်တာထက် ဆိုးကြောင်း၊ လျှပ်စစ်ဓါတ်လှေကားနဲ့ Auto Power Windows များကို မသိကြောင်း၊ သင်တန်းမှာ အာရပ်နိုင်ငံက အရာရှိများ ကိုယ်ပိုင်ကားနဲ့ သုံးဖြုန်းနေချိန်မှာ ငါတို့ မြန်မာ့တပ်မတော်ရဲ့ အရာရှိတွေကတော့ ငပိကျော်နဲ့ ထမင်းစားပြီး ပိုက်ဆံစု ခြိုးခြံချွေတာနေ ရကြောင်း၊ သိမ်ငယ်သလို ခံစားရကြောင်း၊ ဒါပေမဲ့ နိုင်ငံချစ်တဲ့စိတ်နဲ့ ကြိုးစားလို့ ထူးချွန်တာကြောင့် အမေရိကန် အရာရှိများက နှစ်သိမ့်အားပေး ကူညီကြကြောင်း စသဖြင့် ရင်ဖွင့်သွားတာကို တင်ပြပေးလိုက်ပါတယ်။  ဗိုလ်ချုပ်ကြီးက ဆွေးနွေးရာမှာ စဉ်းစားရမှာက စစ်တပ်အရာရှိတွေ အနေနဲ့ နိုင်ငံခြားမှ ပညာ ရရှိရေးအတွက် western law တွေနဲ့ ထိတွေ့နိုင်အောင် ဖွင့်ပေးမလားဆိုတဲ့ စဉ်းစားချက်မျိုး ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားမှာဘဲ training ရရင် မြန်မာပြည်ရဲ့ အနာဂါတ်ဟာ ဘယ်လိုဖြစ်သွားမလဲ။ training က ကောင်းမလား၊ training က မကောင်းရင် ဘယ်လို လုပ်မလဲ။ ဒါတွေကို တကယ့်နိုင်ငံချစ်စိတ်နဲ့ နိုင်ငံအကျိုးစီးပွားအတွက် စဉ်းစားဖို့ လိုပါတယ်လို့ ပြောပါတယ်။

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြရာမှာ ရုရှားကို ပညာတော်သင် စေလွှတ်ခံရတဲ့ အရာရှိတွေဟာ ဟိုရောက်လို့ တပ်မတော် အရာရှိများ ကြုံတွေ့ရတဲ့ အခက်အခဲများစွာ ရှိကြောင်း၊ ဘာသာစကား ခက်ခဲမှု၊ ရာသီဥတု အအေးလွန် ပြင်းထန်မှု ရှိသလို ဘွဲ့ရဖို့ အသည်းအသန် ကြိုးပမ်းရကြောင်း၊ အဆင်မသင့်လို့ စာမေးပွဲ ကျဆုံးပါက အရေးယူ ခံရပြီး ဘဝ နစ်မွန်းကုန်ကြရကြောင်း၊ မြန်မာသံရုံးမှ ထိရောက်စွာ ကူညီပံ့ပိုးမှု မရှိကြောင်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့လည်း ကျောင်းသားတွေရဲ့ အဓိကအခက်အခဲကို သိလျှက်နဲ့ မသိကျိုးကျွံ ပြုခဲ့ပါကြောင်း၊ ရုရှားမှ ပြန်ရင် ဘာဆက်လုပ်ရမည်မှန်း မသိသလို သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှာ ပြန်လည် တာဝန်ထမ်းဆောင်ရမယ် ဆိုရင်လည်း ဘယ်ဌာနတွင် နေရမယ်မှန်း မသိ ဖြစ်နေကြရပါကြောင်း၊ ရုရှားတက္ကသိုလ် အသီးသီးတိုင်းမှာ ဖြစ်နေတဲ့ အဆိုပါ ပြဿနာအား သံရုံးကို သွားရောက်တင်ပြကြပေမယ့် ယခင်ကျောင်းသားများလည်း ယခုလို ကျရောက်တဲ့ မေဂျာကိုဘဲ ရအောင်သင်ယူပြီး ပြည်တော်ပြန်ခဲ့ကြသည်ဟု ထောက်ပြ၍ ဘယ်လို ပြောင်းလဲမှုမှ မရခဲ့ပါကြောင်း၊ အဓိက ဆိုလိုတာကတော့ ပညာတော်သင် ကျောင်းသား အများစုဟာ မြန်မာပြည်မှာရခဲ့တဲ့ ဘွဲ့ကတခြား ရုရှားနိုင်ငံမှာ ဆက်လက် သင်ယူရတဲ့ မေဂျာကတလွဲ ဖြစ်နေကြခြင်း ဖြစ်ကြောင်း၊ စစ်ဗိုလ်တွေအနေနဲ့ ပေးအပ်သော တာဝန်ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဘာသင်သင် အထက်အမိန့်လို့ ခံယူဖြစ်နိုင်သော်လည်း အရပ်ဘက် ၀န်ထမ်းများအတွက် ထိရောက်တဲ့ အကျိုး ရလာဒ် မရှိရင် မသင်ယူလိုကြကြောင်း၊ ရုရှားနိုင်ငံရှိ တချို့တက္ကသိုလ်များမှာဆိုလျှင် နိုင်ငံခြားငွေရဖို့ အဓိကထားပြီး ကျောင်းကို တစ်ပါတ် ၃ ရက်လောက် သွားတက်ရုံမျှနဲ့ပင် ဘွဲ့ပေးနေပုံ၊ တချို့ ရုရှား တက္ကသိုလ်များတွင် ဘွဲ့ရရှိရေးအတွက် နည်းပြများက အဆင်ပြေအောင် ဆောင်ရွက်နိုင်သည့် တရားမဝင် နည်းလမ်းများလည်း ရှိသည်ကို ကြားသိရကြောင်း၊ ဒါကတော့ သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါကြောင်း၊ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါကြောင်း၊ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်ကြောင်း၊ ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာ ကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါကြောင်း၊ ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီး သိရကြောင်း၊ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းကြောင်း၊ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားရပါကြောင်း၊ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားထားကြောင်း၊ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုဘူးဟု ဆိုပြန်ကြောင်း၊ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါကြောင်း၊ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါကြောင်း၊ တရုတ်နိုင်ငံ စစ်တပ်အရာရှိ တချို့က မြန်မာအရာရှိများကို နှိမ့်ချဆက်ဆံသည်မျိုးလည်း ကြားသိရကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

လာမဲ့အပတ်မှာတော့ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေခံပေါ် မူတည်ပြီး Sanction လုပ်တဲ့အခါ ဘယ်လောက် အတိုင်းအတာထိလုပ်မယ်၊ အကျိုး ရှိ မရှိ စဉ်းစားရမဲ့ အပိုင်းတွေ၊ စစ်တပ် အရာရှိတွေ အပြင် အရပ်ဘက် အရာရှိတွေ အနေနဲ့လည်း စစ်တပ်ကို လေ့လာသင့်တယ်ဆိုတာ အင်ဒိုဗိုလ်ချုပ်ကြီးက ဘယ်လိုဆွေးနွေး သုံးသပ်သွားသလဲဆိုတာ လာမယ့်အပိုင်း (၇) မှာ ဆက်လက် ဖတ်ရူလေ့လာနိုင်ရန် တင်ပြပေးသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။