Sunday, May 19, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


ရှေးခေတ် မြန်မာစစ်သူကြီး၏ ပုံပန်းချီကား

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁)။    ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ရှေးခေတ် ကာလကတည်းကပင် တစ်ထီးတစ်နန်း ခန့်ညားထယ်ဝါစွာဖြင့် ရပ်တည် နေထိုင်ခဲ့ပါသည်။ အာရှတိုက် အင်ပါယာ ထူထောင်ခဲ့သည့် တရုတ်နိုင်ငံ မန်ချူးတို့၏ ကျူးကျော်မှုကို မြန်မာတို့က ရဲဝံ့စွာဖြင့် တွန်းလှန် တိုက်ဖျက်နိုင်ခဲ့ပါသည်။ ဤသို့ ကာကွယ်တိုက်ဖျက်နိုင်သည့် သမိုင်းရာဇဝင်ကို တင်ပြရသည့် ရည်ရွယ်ချက်မှာ နောင်လာနောင်သား လူငယ်များအနေဖြင့် အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ်၊ ကာကွယ်စောင့်ရှောက်တဲ့စိတ် စသော မျိုးချစ်စိတ်ဓာတ်များ ပေါက်ဖွား ရှင်သန်လာစေရန် ရည်ရွယ်ပါသည်။ ရှေးခေတ် မြန်မာ့တပ်မတော် စစ်သူကြီးများနှင့် တပ်မှူးများသည် မိမိတို့ထက် အင်အားကြီးမားသည့် တရုတ်စစ်တပ်ကြီးအား ခုခံတိုက်ခိုက်ရာတွင် စစ်မဟာဗျူဟာမြောက် စီမံချက်ကို ရေးဆွဲခဲ့ပြီး စစ်နည်းဗျူဟာမြောက် တိုက်နည်း စနစ်များနှင့်အတူ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်သွားနိုင်ခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နိုင်မှု၊ ရှင်းလင်းပြတ်သား တိကျသော ရည်မှန်းချက် ထားရှိမှု၊ ရန်သူအား နောက်ကျောမှ ထိုးဖောက် တိုက်ခိုက်ရာတွင် ရန်သူ၏ ထောက်ပံ့ရေးလမ်းကြောင်းနှင့် စပါးကျီ ရိက္ခာစခန်းအား အောင်မြင်စွာ ဖြတ်တောက်ထားနိုင်မှု၊ ပြုပြင်ပြောင်းလွယ် ခံစစ်ဆင်နိုင်မှု၊ ဒုဖြင့်ခံစစ်ဆင်မှု၊ မြေအနေအထား အသာစီးရယူကာ အချက်အချာမြေနှင့် စစ်နည်းဗျူဟာမြောက် မြေ ရယူထားနိုင်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ပြည်သူ့စစ် မဟာဗျူဟာနှင့် ပျောက်ကြား စစ်နည်းဗျူဟာများကို ဟန်ချက်ညီညီ သုံးစွဲသွားနိုင်မှုတို့ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ 

ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးနှင့်စီမံရေး ညွှန်ကြားရေးမှူးရုံးမှ စီစဉ်ထုတ်ဝေသော စစ်ပညာဂျာနယ် အတွဲ - ၁၂၊ အမှတ် (၄) - (၁၉၆၉ ဒီဇင်ဘာ) မှ ကူးယူဖေါ်ပြထားရာ စေတနာဖြင့် စာစီစာရိုက် ပေးပို့ခဲ့သော စည်းလုံးခြင်းရဲ့အင်အားမှ ပင်တိုင်ဆောင်းပါးရှင် ဆရာဂါမဏိအား အထူးကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ အဆိုပါ ဂျာနယ်မှ ကူးယူဖော်ပြချက်သည် တရုတ်မြန်မာ ဖြစ်ပွားသော စစ်ပွဲများအနက် တတိယအကြိမ်မြောက် ဖြစ်ပွားသည့် စစ်ပွဲသာ ဖြစ်ပြီး ကျန်ရှိသည့် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ စတုထ္ထအကြိမ် စစ်ပွဲများကို ဆရာ ဂါမဏိက Wikepedia မှ ဒေါက်တာ ကျော်သက်၏ ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း အင်္ဂလိပ်ဘာသာအား မြန်မာဘာသာသို့  ဘာသာပြန် ထပ်မံ ဖြည့်စွက် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင်းသို့ တရုတ်တို့ စစ်ချီတက် တိုက်ခိုက်ရသည့် အကြောင်းများဟူ၍ မြန်မာအများ သိကြသော အချက်ကြီး နှစ်ချက်မှာ စင်စစ်အားဖြင့် အရေးကြီးလှသည့် အချက်များ မဟုတ်ချေ။ ပထမအချက်မှာ ကျိုင်းတုံနယ်အနီးတွင် တရုတ်နှင့် မြန်မာတို့ အချင်းဖြစ်ပွားရာ၌ တရုတ်တစ်ဦး သေဆုံးရသည့်ကိစ္စ ဖြစ်၍၊ ဒုတိယ အချက်မှာ သာမန် ကူးသန်း ရောင်းဝယ်ရေးအတွက် တပိန်မြစ်ကို ဖြတ်၍ တံတားခင်းရန် ပြောဆိုကြရာမှ အစပြုကာ အချင်းပွားသည့်ကိစ္စ ဖြစ်လေသည်။

တရုတ်မြန်မာစစ်ပွဲ ဖြစ်ရသည့် အကြောင်းရင်း မူမှန်ကား ကုန်းဘောင်အရာရှိများက သိန္နီ၊ ဗန်းမော်နှင့် ကျိုင်းတုံ စော်ဘွားတို့ကို ရာထူးမှ နှုတ်သိမ်းသောအခါ ထိုရှမ်းစော်ဘွား သုံးဦးသည် ယူနန်သို့ ပြေးဝင်ခိုလှုံ၍ ယူနန်ဘုရင်ခံကို တံစိုး လက်ဆောင်များ ပေးကြသည်။ ယူနန် ဘုရင်ခံသည် စော်ဘွားသုံးဦးကို နယ်ပယ်များ ပြန်လည်ရအောင် တိုက်ပေးမည် ဟူ၍ ကတိပေးပြီးလျှင် တရုတ်ဧကရာဇ် ချင်းလုံမင်းထံ အထက်တွင် ဖော်ပြပြီးသော အချင်းပွားမှုတို့ကို အကြောင်းပြ၍ မြန်မာတို့သည် နယ်စပ်ရှိ တရုတ်ပိုင်နက် နယ်ပယ်များကို ကျူးလွန်နေကြောင်း လျှောက်တင်သည်။ တရုတ်တို့ မြန်မာနိုင်ငံသို့ စစ်ချီလာခြင်းမှာ တရုတ်တို့၏ ဝါဒအရ နယ်စပ်ဒေသများတွင် လှုပ်ရှားမှုကင်း၍ လုံခြုံ အေးချမ်းမှု ရှိမှသာလျှင် တရုတ်ဧကရာဇ်သည် တရုတ်နိုင်ငံ အလုံးကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် နယ်စပ်ဒေသများကို များစွာ အရေးထားလိုခြင်းကြောင့် ဖြစ်လေသည်။ ထိုအချိန်က တရုတ်ဧကရာဇ်သည်လည်း တန်ခိုးအင်အား ပြည့်ဝလျက်ရှိကာ မိမိတို့ဝါဒအတိုင်း ဖြစ်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိလေသည်။


Red Cliff ရုပ်ရှင်ဇာတ်ကားအတွင်းရှိ တရုတ် စစ်သူကြီး တစ်ဦး

တရုတ်မြန်မာ ပဋိပက္ခမှုကို အလျှင်အမြန် ပေါ်ပေါက်စေသည့် ရာဇဝင် နောက်ကြောင်းပြန် အချက်ကား ကွေ့ရှမ်းများ ဖြစ်လေသည်။ အလောင်းဘုရား လက်ထက်တွင် ကွပ်မျက် သုတ်သင်ခြင်း ခံရသော ကွေ့ရှမ်းဂုဏ္ဏအိမ်၏ သားမယား ဆွေမျိုးတို့သည် တရုတ်မြန်မာ နယ်စပ်တွင် မကြေမချမ်းသောစိတ်ဖြင့် ဆူပူ လှုပ်ရှားလျက် ရှိကြသည်။ နယ်စပ် ဒေသများ၌ ငြိမ်ဝပ် ပိပြားစေရန် တရုတ်တို့ အားထုတ်သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့ကြောင့် အင်အား ကြီးမားသော စစ်တပ်ကြီးပို့၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု တရုတ်ဧကရာဇ်က အမိန့် ထုတ်ပြန်လိုက်သည်။ 

ယူနန်စစ်တပ်ကြီးသည် စစ်ရေး ပြင်ဆင်နေသည့် အချိန်၌ မြန်မာမင်း ဆင်ဖြူရှင် ၁၇၆၅ ခုနှစ်တွင် စစ်ကဲကြီး တိမ်ကြားမင်းခေါင်ကို ကျိုင်းတုံ မြောက်ဘက်ရှိ နယ်များမှ အခွန်ဘဏ္ဍာများ ကောက်ခံရန် စေလွှတ်လိုက်သည်။ တိမ်ကြားမင်းခေါင်သည် အမှုတော်ကို ထမ်းရွက်ပြီး၍ အင်းဝသို့ ပြန်သောအခါ ကျိုင်းရုံးကြီးတွင် အရာရှိများကို ခန့်ထား ခဲ့လေသည်။ ထိုအရာရှိများကို ထိုနယ်သားများက လုပ်ကြံလိုက်ပြီးလျှင် တရုတ်ဘက်သို့ အကာအကွယ်ပေးရန် ပြေးဝင် ခိုလှုံလေသည်။ တရုတ်တို့ကလည်း ကျိုင်းတုံကို ၎င်းတို့၏ သြဇာအာဏာ နာခံစေရန် လိုလား၍ ကျိုင်းတုံကို တိုက်ခိုက်ရန် စစ်ကြောင်း ချီတက်လေသည်။

မြေဒူးမင်း (ဆင်ဖြူရှင်မင်း) ၏ ယိုးဒယား၊ ကသည်းနဲ့ တရုတ် စစ်ဆင်ရေးပြ မြေပုံ

မြန်မာ - တရုတ် ပထမအကြိမ် စစ်ပွဲ

၁၇၆၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို စတင် လုပ်ကြံလာ၏။ ထိုစဉ်က နေမျိုးသီဟပတေ့ဦးစီး မြန်မာတပ်အင်အား ၂၀၀၀၀ မှာ ကျိုင်းတုံမှ ယိုးဒယားသို့ ချီတက် လုပ်ကြံနေချိန်ဖြစ်သည်။ ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေ သည်။ တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ အထပ်ထပ်ဝန်းရံ တိုက်ခိုက်သည်။ သို့သော် ကျိုင်းတုံမြို့တွင်းက လည်း ထွက်တိုက်သည်နှင့် တရုတ်တို့မခံနိုင် ဆုတ်ခွာပြေးရလေသည်။ တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ရာ ပထမ တလော မြစ်ကမ်းပါးသို့ ရောက်သည်။ ထိုနောက်၊ မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးလေသည်။ ထိုစစ်ပွဲတွင် တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းအထိ ချီတက်လာရာ တရုတ် စစ်သည်တစ်သောင်း ကျဆုံးခဲ့သည် ဆိုလေသည်။ ယင်းသို့ မရှုမလှ ဆုံးရှုံးခဲ့ရသည့်အတွက် ယူနန်ဘုရင်ခံ လျူစောက်မှာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားရှာလေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။