Thursday, May 2, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၄)

(စည်းလုံးခြင်းရဲ့အင်အား)

အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်နဲ့အတူ အီဂျစ်သမ္မတ မူဘာရတ်

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက စစ်တပ်အနေနဲ့ သဘောကောင်းပြီး ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်မှာတော့ မဟုတ်ကြောင်း၊ စစ်တပ်ပါရှိလာအောင် စစ်တပ်အတွင်း တွေးခေါ်မျှော်မြင်မှု စက်ဝိုင်း ချဲ့ထွင်မြင့်မားလာစေရေးနဲ့ မကျေနပ်သူတွေအား ပြုပြင်ပြောင်းလဲလိုစိတ်များ ပေါက်ဖွားလာအောင် စည်းရုံးလှုပ်ရှားမှု ရေချိန်မြင့်မားလာအောင် ဆောင်ရွက်ရေး ဆွေးနွေးချက်တွေကို တပ်မတော် အရာရှိများရဲ့ မေးခွန်းများနဲ့အတူ အောက်ပါအတိုင်း  တင်ပြသွားပါမယ်။


အီဂျစ်သမ္မတ မူဘာရတ် နုတ်ထွက်မှုကိုကြည့်ရင်  သူ့ရဲ့ဘ၀ အာမခံချက်ရှိအောင် လုပ်ပေးလို့ သူနုတ်ထွက်တာဖြစ်တယ်။ အတွင်းအင်အားစုက ဖြစ်စေ အပြင်အင်အားစုက ဖြစ်စေ ၀င်ညှိပြီး ချောမွေ့မှု ဖြောင့်ဖြူးမှုရှိအောင် တွန်းပို့ပေးရမယ်။ နောက်မော်ဒန်တစ်ခုကတော့ ကမ္ဘောဒီးယားပေါ့။ အပြင်ကနေ ဖိအားပေးတယ်။ တွန်းအားပေးတယ် ဆိုပေမယ့်လို့ တကယ်တမ်း ကမ္ဘောဒီးယားရဲ့ အသွင်ကူးပြောင်းမှုက အတွင်းမှာရှိတဲ့ ကာယကံရှင် လက်ထဲမှာဘဲရှိတယ်။ အပြင်ကတော့ အပြောင်းအလဲလုပ်အောင် ဖိအားပေးမှုတွေလုပ်တာ၊ ဒါပေမယ့်လို့ အပြင်က ၀င်ပြီးတော့ ကိုယ်ထိလက်ရောက် စီမံခန့်ခွဲတာ မဟုတ်ဘူး။ သူတို့ လမ်းကြောင်းကို ပေးပြီးတော့ ပြည်တွင်းမှာရှိတဲ့ အင်အားစုကို လုပ်ခိုင်းတဲ့သဘောပေါ့။ အပြင်ကနေ ပတ်သက်မှု   အနေနဲ့ ကမ္ဘောဒီယားမှာတော့ လူ့အခွင့်အရေးကိစ္စ၊ နိုင်ငံတကာ တရားဥပဒေတွေ၊ နိုင်ငံတကာ တရားရုံးတွေမှာတော့ ၀င်ပြီးပတ်သက်တာ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့ ပြည်တွင်းက အဓိကအင်အားစုတွေကဘဲ အသွင်ကူးပြောင်းရေးကို လုပ်တာဘဲရှိတယ်။


(ဝဲ မှ ယာ) ၂၀၀၇ ခုနှစ်အတွင်း ရိုက်တာမှ ဖော်ပြခဲ့တဲ့ Indonesian Army Chief General Agustadi Sasongko Purnomo၊ Military Chief General Djoko Santoso နဲ့ Air Force commander Air Marshal Subandrio

တပ်မှာရှိတဲ့ အရာရှိတွေ ယုံကြည်လာအောင် လုပ်ဖို့ဟာ သူတို့ရဲ့ တိုင်းပြည်နဲ့ပတ်သက်လို့ မျှော်မှန်းချက်တွေဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက် လိုလားချက်တွေနဲ့ အမှန်မှာ အတူတူပဲ။ ဘာမှ သိပ်ကွဲပြားတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့ကိုယ်တိုင်ကိုယ်က အပြောင်းအလဲဟာကို ပိတ်ဆို့နေမဲ့အစား  ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အများကြီး စည်းရုံးဆွေးနွေး ကြိုးစားရမယ်။ ဒါပေမယ့် အဲလို လုပ်တဲ့နေရာမှာ ယုံကြည်အောင် လုပ်တာဘဲဖြစ်ဖြစ် ဖိအားပေးတာပဲဖြစ်ဖြစ် အဓိက Player တွေက ပြည်ပက မဟုတ်ပါဘူး။ အတွင်းက အင်အားစုတွေဖြစ်တဲ့ တပ်တွင်းက အင်အားစု၊ ပြည်တွင်းက နိုင်ငံရေးအင်အားစု၊ ဒီလူတွေကလည်း လိုအပ်တဲ့ဖိအားတွေကို ပေးနိုင်တယ်။ အဲဒီအတွင်းက တပ်တွင်းနဲ့ ပြည်တွင်းက အင်အားစုတွေကဘဲ  အပြောင်းအလဲတွေကို မပိတ်ဆို့ပဲနဲ့ ပူးပေါင်း ဆောင်ရွက်လာအောင် စည်းရုံးနိုင်ပါတယ်။ ဆက်လက်ပြီး မြန်မာ့တပ်မတော် အရာရှိတစ်ဦးက ဆွေးနွေးတင်ပြလာပါတယ်။

ကျနော် တစ်ခုတင်ပြချင်တာက အခု ဗိုလ်ချုပ်ကြီးရဲ့ အတွေ့အကြုံတွေကို ဆွေးနွေး ရှင်းပြချက်တွေဟာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အင်အားစုတွေအတွက် အထောက်အကူ အများကြီး ရပါတယ်။ 

အခုကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်တပ်တို့ရဲ့ အခြေအနေ နှိုင်းယှဉ်ရာမှာ အင်ဒိုနီးရှား (ဗိုလ်ချု့ပ်ကြီး) နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေမှာ တူညီတာများပေမဲ့ စစ်တပ် အခြေအနေကျတော့ မတူညီတာ များတာကို တွေ့ရပါတယ်။ ကျွန်တော်မေးချင်တဲ့ မေးခွန်းက ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲကို ပြုလုပ်ရာမှာ ပြည်သူလူထုဘက်ကို စစ်တပ်က တကယ်မပါဝင်ဘဲနဲ့ အပြောင်းအလဲ ဖြစ်နိုင်ပါ့မလား၊ ဆိုလိုတာက လုပ်လို့ရနိုင်လား။ ဒါဟာလည်း မြန်မာ့နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု အခန်းကဏ္ဍမှာ ကျွန်တော်တို့ဟာ စစ်တပ်ကို စည်းရုံးတိုက်တွန်း ဆောင်ရွက်နေတာကြောင့် ဘယ်လိုလုပ်ရင် ရနိုင်တယ်ဆိုတာကို သုံးသပ်ဆွေးနွေး လမ်းညွှန်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်ကြီးက အရာရှိရဲ့ မေးခွန်းကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်က ပြုပြင်ပြောင်းလဲရေးအတွက် လမ်းစလုပ်လာတာ မြင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင်တော့ တပ်တွင်းကနေ အပြောင်းအလဲတွေကို စတင်ဖန်တီးရမယ်။ နံပါတ် (၁) က တပ်တွင်းမှာရှိတဲ့ အရာရှိတွေရဲ့ တွေးခေါ် မြော်မြင်မှု စက်ပိုင်းကို ချဲ့ထွင်ပေးရမယ်။ နံပါတ် (၂ ) က လှုပ်ရှားမှုကနေ ရေချိန်မြင့်လာအောင် လှုပ်ရှားမှုရဲ့ ရေချိန်မြင့်လာတဲ့အခါ သူတို့အတွက် တပ်က နုတ်ထွက်လာတာတို့ သံတမန်အပိုင်းကရော၊ အရာရှိပိုင်းကရော နုတ်ထွက်လာတဲ့ အခြေအနေမျိုးတွေပေါ့။


အီဂျစ်တော်လှန်ရေးအတွင်းမှ မြင်ကွင်းတခု

နံပါတ် (၁) ရဲ့ တွေးခေါ်မြော်မြင်မှု စက်ဝိုင်းကို ချဲ့ပေးဖို့ မြင့်မားလာအောင်ဆိုတာ လက်ရှိ စစ်တပ်အတွင်းမှာ သိပ်မတွေ့ရဘူး။ ဒါပေမယ့်လို့ ကျွန်တော် ကြားရနေတဲ့ အနေအထားအရ မြန်မာပြည်မှာ တပ်တွင်း မကျေနပ်မှုတွေက အရာရှိတွေကြားမှာ မြင့်မားလာတယ် ဆိုတဲ့ဟာတွေကိုတော့ ကြားရတယ်။ မကျေနပ်မှုတွေ မြင့်မားလာတယ် ဆိုတဲ့ဟာကတော့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းကို စတင်ဖန်တီးလာသလို အလားအလာကောင်းတွေတော့ ရှိတယ်။ ဒါပေမယ့်လို့ သေချာ လက်ဆုပ်လက်ကိုင်နဲ့ ဒီလူတွေကို လုပ်တော့မှာဘဲလို့ ပြော မရသေးပါဘူး။ ပြဿနာက သူတို့မှာလည်းပဲ ပြုပြင်ပြောင်းလဲမှုတွေကို စွန့်စွန့်စားစား စပြီးလုပ်ဖို့အတွက် လွတ်လပ်မှုဆိုတဲ့အပိုင်းက ကန့်သတ်မှု အများကြီးရှိပါတယ်။ တကယ့်ပေါက်ကွဲမှု အချိန်တစ်ခု စောင့်ရမယ်။ အမှန်မှာတော့ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ အရာရှိတွေကတော့ တပ်ကနေ ထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းလာနိုင်တဲ့အကြောင်း အခွင့်အလမ်းကို ရှာရမယ်။ ဒါပေမယ့်လို့ သူတို့မှာက ရွေးချယ်မှု ရှိလာမယ်ဆိုရင်တော့ ရွေးချယ်လာမှာပေါ့။ ဒါက ကျနော်တို့အပိုင်းကကော ဘယ်လောက် ဖန်တီးပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ သေချာတာကတော့ တပ်က သူ့ဖာသာသူ အပြောင်းအလဲ လုပ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တပ်ထဲက အပြောင်းအလဲလုပ်ဖို့ လိုလားတဲ့သူ ရှိလာမယ်။ မကျေနပ်မှုတွေ ရှိလာမယ်။ အဒီဲမကျေနပ်မှု ရှိလာတဲ့သူတွေကို ပြောင်းလဲမှုမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ဖန်တီးပေးရမယ်။

ဥပမာ- အီဂျစ်မှာ လူထုလှုပ်ရှားမှု ဖြစ်လာတဲ့အခါမှာ အရာရှိတွေက တပ်ကနေထွက်ပြီး လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းလိုက်တဲ့ကိစ္စမျိုး ဖြစ်လာတယ်။ နိုင်ငံခြားမှာရှိတဲ့ သံတမန်ကလည်းပဲ သံတမန်ကနေ နုတ်ထွက်ကြောင်း လူသိရှင်ကြား ကြေညာပြီး ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပူးပေါင်းလာတာရှိတယ်။ အဲဒီအနေအထားမျိုး ဖန်တီပေးရတယ်။  နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အတွေးအခေါ် အသိအမြင်များ မြင့်မားလာအောင် လုပ်ယူတဲ့အပိုင်း၊ ကျနော်တို့ဘက်က လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်။ အရာရှိတွေက ဒီမိုကရေစီနိုင်ငံတွေမှာ သွားလို့လာလို့ရတဲ့ အပိုင်းမျိုးတွေရှိတယ်။ နောက်တစ်ခုက လှုပ်ရှားမှုကနေ ရေချိန်မြင့်လာအောင်၊ လှုပ်ရှားမှုရဲ့ အရှိန်မြင့်လာတဲ့အခါ သူတို့အတွက် တပ်က နုတ်ထွက်လာတာတို့ သံတမန်အပိုင်းကရော၊ အရာရှိပိုင်းကရော နုတ်ထွက်လာတဲ့ အခြေအနေမျိုးတွေပေါ့ ဒီမိုကရေစီလှုပ်ရှားမှုဘက် ပူးပေါင်းလာတဲ့ အခြေအနေမျိုးကို ဖန်တီးရမှာက ဒီမိုကရေစီလှုပ်ရှားသူ အင်အားစုတို့မှာ တာဝန်ရှိတယ်။  အဓိကကတော့ အားပြိုင်မှုတွေမှာရှိတဲ့ ဘက်နှစ်ဘက်တွေမှာ အာဏာကို ထိန်းထားနိုင်လောက်တဲ့ soft power/ hard power တွေကို အာဏာပြိုင်ဆိုင်နေတဲ့ ဘက်နှစ်ဘက်ကနေ ဘယ်သူကနေ အားကောင်းလာလဲ။ ဘယ်သူကနေ လုပ်နိုင်လဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်တယ်။ ကျနော်တို့အတွက် အားရှိတာကတော့ ဒီနေ့ တကမ္ဘာလုံးမှာဖြစ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းက ကျနော်တို့အတွက် အားသာတဲ့ထဲမှာရှိတယ်။ အဓိကတော့ soft power ကို နိုင်ငံတကာ ထောက်ခံမှုရှိတယ်။ ဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ ၂ နည်းစလုံး ထပ်ကြိုးစားဖို့တော့ လိုတယ်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။