Tuesday, August 6, 2013

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်တွင်း ရဲမေများက တပ်တွင်း စိုက်ခင်းများကို ကစထမှူးထံ ရှင်းလင်းတင်ပြနေစဉ်
ဆောင်းပါးရှင် - စစ်မင်း

“မြင်စဖူး ကြုံဖူးမှ ယုံစဖွယ်” ဆိုတဲ့အတိုင်း ဖာပွန်မြို့ဟာ တကယ့်ဘုရားစူးမြို့ပါဘဲ။ အရင်ခေတ်ကောင်းတုံး ကတော့ (ယခင် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်ကို ခေတ်ကောင်းလို့ အဖိုးကြီး အဖွားကြီးတွေက ဆိုကြပါတယ်)  တော်တော် အေးချမ်းသာယာတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ ရောက်ချိန်ကတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ မှိုင်းဝေနေပါတယ်။ ပွင့်လင်းရာသီရောက်တိုင်း တိုက်ကွက်ဖော်လေ့ရှိတဲ့ ကေအန်ယူရဲ့ လှုပ်ရှားမှု သတင်းတွေ စုံစမ်း၊ မိုးတွင်း စားသောက်ရေး အုပ်ချုပ်မှု ကိစ္စတွေ တစ်နှစ်စာ ရိက္ခာစုပုံရေးအတွက် လှုပ်ရှား၊ မြိုခံစစ်ပြင်ဆင်နဲ့ ခလရ (၁၉) တပ်ရင်းဌာနချုပ်ရဲ့ စစ်သည်ရဲမေ မိသားစုအားလုံးဟာ အလုပ်တွေ ရှုပ်နေပါတယ်။


တပ်ရင်းဌာနချုပ်ကလည်း တကယ့် ရှေ့တန်းစခန်းမှာ ကာတဲ့ ခြံစည်းရိုးအတိုင်း ၀ါးကျလံတွေနဲ့ပါ။ တပ်ရင်းပတ်လည် တောင်ကုန်းတွေမှာလည်း ဘန်ကာ ကင်းစခန်းတွေနဲ့ပါ။ ရပ်ကွက် (၄) ခုရှိပြီး အစွန်ရပ်ကွက် (၄) က စိတ်မချရ နေရာပါ။ လမ်းပန်းဆက်သွယ်ရေးကလည်း ပွင့်လင်းရာသီမှာသာ ဘီးလင်း နတ်ကြီး ကျောက်တောင် ဖာပွန် ကားလမ်းကို အသုံးပြုရပါတယ်။ မိုးတွင်းကတော့ ကားလမ်း အဆက်အသွယ် လုံးဝမရှိပါ။ လေယာဉ်ကွင်း ရှိပေမယ့် ပုံမှန်ဆင်းသက်ခြင်း မရှိပါ။ ယာဉ်တန်းရှိချိန်မှာသာ သွားလာရလို့ တပ်မိသားစုတွေရဲ့ သာရေးနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ အရေးအားလုံး ဆုံးရှုံးလှပါတယ်။ အစားအသောက်ကလည်း အလွန်ရှားပြီး ဖာပွန်ငှက်ဖျားဟာလည်း နံမယ်ကြီးတဲ့အတိုင်း နေ့မြင်ညပျောက်ပါဘဲ။ မှောင်ခိုခေတ်ကောင်းချိန်မို့ အခြား ရတခ တပ်တွေ အဆင်ပြေနေချိန်မှာ ခလရ (၁၉) နယ်မြေမှာတော့ ဘာမှောင်ခို လမ်းကြောင်း မှလည်း မရှိပါ။ သစ္စာ (၄) ချက်ဆိုရတဲ့ စေလိုရာစေ စစ်သားတွေနဲ့အတူ တစ်နွယ်ငင် တစ်စင်ပါ ဒုက္ခခံကြရတဲ့ မိသားစုတွေရဲ့ဘ၀တွေကို မြင်နေရတာ တော်တော် စိတ်မကောင်းစရာပါ။



ကရင်ရွာ တခုအတွင်း ကင်းလှည့်နေကြတဲ့ မြန်မာစစ်သားများ
ကျွန်တော်တို့ကတော့ ရှေ့တန်းစစ်ဆင်ရေးဆိုပြီး (၆) လ၊ (၇) လ လှုပ်ရှားပြီးရင် တပ်ရင်းဌာနချုပ်ရှိရာ မြို့ကြီးပြကြီးတွေမှာ (၁) လ၊ (၁) လခွဲ အနားယူနိုင်ပေမယ့် ခလရ (၁၉) စစ်သည် မိသားစု များကတော့ ဒီတပ်ရင်းက မပြောင်းမချင်း ဒီလိုဘဲ နေရပါတော့တယ်။ ခလရ (၁၉) မိသားစုဝင်တွေရဲ့ လူမှုရေး ဆုံးရူံးမှုတွေကို တွေ့မြင်ခဲ့ရတဲ့ ဖြစ်စဉ်တွေကတော့  ဗိုလ်လေးဘ၀မှာ မေ့မရနိင်တဲ့ အမှတ်တရတွေပါ။ (၁၉၉၅-၉၆ အလွန် ကာလများမှာတော့ ရွာမရှိတဲ့ နေရာတွေမှာတောင် မြေပုံညွန်းနဲ့ဖွင့်တဲ့ တပ်ရင်းတွေ ရှိလာကြောင်း သိရပါတယ်)။ ဘီးလင်းနတ်ကြီး ကျောက်တောင် ဖာပွန် ကားလမ်းအတိုင်း ရိက္ခာစုပုံရေးမှာ ကျွန်တော်တို့ စစ်ကြောင်းက ကျောက်တောင်ရွာနဲ့ ဖာပွန်အကြား အပြင်စည်း လုံခြုံရေးကို တာဝန်ယူရပါတယ်။ ကားလမ်း ဘေးတစ်လျှောက် အနီးကပ် လုံခြုံရေးနဲ့ ယာဉ်တန်းလုံခြုံရေးများကိုတော့ (တပခ) (ယခု လပခ) တပ်ရင်းတပ်ဖွဲ့တွေက တာဝန်ယူ ရပါတယ်။ ကျောက်တောင်မှာ (တပခ) ဗျူဟာထိုင်ပြီး ကွပ်ကဲပါတယ်။ အရင်လှုပ်ရှားခဲ့တဲ့ လေးကေ၊ ကမမောင်း ဂွင်တွေမှာ မိုင်းထောင်ဖြစ်စဉ်တွေ မရှိပေမယ့် အခုကျောက်တောင် ဖာပွန်ဂွင်မှာတော့ မိုင်းတွေနဲ့ ကြုံရပါတယ်။

မြေမြုပ်မိုင်းမျိုးစုံ ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ရှိပါတယ်။ ဓါတ်ခဲကို အခြေခံပြီး တီထွင်ကြံဆမှု မျိုးစုံနဲ့ လုပ်ကြပါတယ်။ ကျောက်တောင်ရွာနဲ့ ၀န်းကျင်မှာ ဓါတ်ခဲမရောင်းရ၊ ဓါတ်ခဲမသယ်ရ ဓါတ်ခဲ လက်ဝယ် တွေ့ရင် အရေးယူမယ် ဆိုတဲ့အထိ ထိန်းချုပ်ထားပါတယ်။ ကေအန်ယူ မိုင်းထောင်မှုတွေက မလျော့ပေမယ့် လောလောဆယ် ကျွန်တော်တို့ စစ်ကြောင်းကတော့ ဓါတ်ခဲဝယ်မရလို့ လက်နှိပ်ဓါတ်မီး ထွန်းဖို့ တော်တော် ဒုက္ခရောက်ပါတယ်။ ကားလမ်း အပြင်စည်း လုံခြုံရေးဆိုပြီး ထိုင်နေရတာ မဟုတ်ပါ။ ယာဉ်တန်းနဲ့ ကားလမ်းကို မနှောင့်ယှက်နိင်အောင် နေ့ည မနားတန်း လှုပ်ရှား နေရလို့ လက်နှိပ်ဓါတ်မီးကို မရှိမဖြစ် သုံးနေရပါတယ်။ တောထူပြီး တောင်မတ်စောက်တွေ ဖြစ်လို့ ရှင်းလင်းရ အလွန်ခက်တဲ့အပြင် ကျွန်တော်တို့ စစ်ကြောင်းတွေရဲ့ စရိုက်အတိုင်း အမြင့်စည်းက စိုးမိုးမှုယူပြီး အခြေပြုရတာကြောင့် တချို့ တောင်တွေမှာ အောက်လျောမကျအောင် တောင်စောင်းမှာ ငုတ်ရိုက်တန်းထိုးကာပြီး အိပ်ကြရတဲ့အထိ မတ်စောက်တဲ့ တောင်တွေပါ။ ဒီလောက် အပြင်စည်း အတွင်းစည်း အနီးကပ်တွေနဲ့ လုပ်ပေမယ့် ယာဉ်တန်းတစ်ခေါက်ကို အနည်းဆုံး တစ်နေရာတော့ မရရအောင် မိုင်းထောင် ပစ်ပြေးတာကတော့ ကြုံတွေ့ရပါတယ်။



လုပ်အားပေးနေကြတဲ့ တပ်တွင်း ရဲမေများ
တစ်နေ့ မှာတော့ ဗျူဟာက ကျောက်တောင်နဲ့ နမ့်ကူခီးကြား ရန်သူ မိုင်းထောင်ထားတဲ့နေရာ သတင်း ရလို့ BE တပ်ဖွဲ့နဲ့ နေရာပြမယ့်သူ လွှတ်လိုက်ပြီး ကျွန်တော့်တပ်စုကို လုံခြုံရေး ဆင်းယူခိုင်းပါတယ်။ လမ်းမှာ နေ့လည်စာ စားပြီး ဆက်ထွက်အလာ BE အဖွဲ့နဲ့ တွေ့ပြီး သူတို့နဲ့အတူ လာလမ်းအတိုင်း ပြန်ပါတယ်။ ကျွန်တော်တို့ ထမင်းစားခဲ့တဲ့ နေရာတ၀ိုက်မှာ အသေးစိတ် ရှာကြပြီး ကျွန်တော့်တပ်စု ရုံးအဖွဲ့ နေခဲ့တဲ့နေရာတွင် မြေမြုပ်မိုင်းနှစ်လုံးကို BE တပ်ဖွဲ့က ဖော်ယူခဲ့တဲ့ ဖြစ်စဉ်ဟာ ယာဉ်တန်း အပြင်စည်း လုံခြုံရေးယူခဲ့တဲ့ ဗိုလ်လေးဘ၀က မေ့မရနိင်တဲ့ အမှတ်တရ တစ်ခုပါ။

အပိုင်း (၄) ကို ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။