Wednesday, August 28, 2013

ပဋိပက္ခများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်

(Mizzima)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက
ပြဋ္ဌာန်းပြီးဖြစ်ရာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထွေထွေလိုအပ်ချက်များနှင့်အတူ ကျေးလက်နှင့် မြို့ပြများတွင်
မြောက်မြားစွာသော ဆန္ဒပြပွဲများ၊ ဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာခဲ့သည်။ အစိုးရ၏ စီမံကိန်းများအပေါ်
ဒေသခံတို့၏ ကန့်ကွက်မှု၊ မြေသိမ်းယာသိမ်း ကိစ္စများအပေါ် ဆန္ဒပြမှု၊ လျှပ် စစ်မီးမရခြင်းကြောင့် ဆန္ဒပြမှုစသည့် လူထု၏ အကျပ်အတည်းတို့ကို ဆန္ဒနည်းဖြင့် ဖြေရှင်းတောင်းဆိုရန် ကြိုးစားလာခဲ့ကြသည်။


လက်ပံတောင်းတောင် စီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုတစ်ခုတည်းပင် ၂၀၁၂ ခုနှစ် မတ်လမှ နိုဝင်ဘာလ အထိ ရှစ်လအတွင်း ဆန္ဒပြမှုပေါင်း ၁၂၄ ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အဆိုပါစီမံကိန်းကို ဆက်လက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရန် ဆန္ဒပြမှုနှင့်အတူ သပိတ်စခန်းများကို ရဲတပ်ဖွဲ့ဝင်တို့ ဖြိုခွင်းရာတွင် သံဃာအပါး ၉၉ ပါးအပါအ၀င် လူကိုးဦး စုစုပေါင်း ၁၀၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ်အပေါ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့၏ စီမံခန့်ခွဲမှုနှင့် ပဋိပက္ခကို ဖြေရှင်းမှုတို့အပေါ် မေးခွန်းထုတ်ဖွယ် ဖြစ်လာခဲ့သည်။

ဆန္ဒပြလူစုနှင့် သံဃာတော်များကို ဖြိုခွင်းရာတွင် မီးခိုးဗုံးအသုံးပြုဖြေရှင်းခြင်းနှင့် ပတ်သက်၍ “ရဲတပ်ဖွဲ့ဝင်များသည် မီးခိုးဗုံးနှင့်ပတ်သက်၍ အတွေ့အကြုံအားနည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှုမရှိခြင်းတို့ကြောင့် ပစ်ခတ် အသုံးပြုရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက် ဆိုးကျိုးအန္တရာယ်များ ကို မသုံးသပ်နိုင်ခြင်း”စသည့် ရဲတပ်ဖွဲ့ဝင်တို့၏ အားနည်းချက်များတွေ့ရှိရသည်ဟု လက်ပံတောင်းတောင် အစီရင်ခံစာကဆိုသည်။

ဤသာဓကသည် ရဲတပ်ဖွဲ့ဝင်တို့၏ ဖြေရှင်းမှုမှားယွင်းချက်တစ်ခုဟု မဇ္ဈိမက ယူဆသည်။

ဆန္ဒပြမှုကဲ့သို့သော ဖြစ်ရပ်များအပြင်မမြင်မတူသည့် အုပ်စုနှစ်ခုကြား ပဋိပက္ခများလည်း ဖြစ်ပေါ်လျက်ရှိ နေရာ ရဲတပ်ဖွဲ့ဝင်တို့၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများအပေါ် ဖြေရှင်းမှုလုံခြုံရေးပေးနိုင်မှု အခြေအနေတို့အပေါ် မေးခွန်းထုတ် စရာများလည်း ရှိလာခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခမှသည်၊ လားရှိုး၊ ကန့်ဘလူစသည့် ပဋိပက္ခတို့တွင်
နေအိမ်များ၊ ဆိုင်ခန်းများအပါအ၀င် ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခံရခြင်းတို့ကို ရဲတပ်ဖွဲ့ဝင်တို့ ကြိုတင်ဟန့်တား၊ ထိန်းသိမ်းနိုင်ရန် လိုအပ်ပေလိမ့်မည်။

သို့မဟုတ်ပါက မလိုလားအပ်သည့် ပဋိပက္ခများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်ပြီး ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင် ရည်နှင့် တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာများ ထပ်မံပေါ်ထွက်လာမည်ဖြစ်သည်။ လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိသပိတ်ကို ဖြိုခွင်းဖြေရှင်းသည့် မှားယွင်းသောလုပ်ဆောင်မှုမျိုး ထပ်မံမလုပ်ဆောင်နိုင်ရန်နှင့် ပဋိပက္ခများထပ်မံမဖြစ်ပေါ်ရန်၊ ဖြစ်ပေါ်လာသည့် ပဋိပက္ခကို မကြီးထွားရန်၊ နှောင့်နှေးခြင်းမရှိဘဲ ထိန်းသိမ်း ဟန့်တားရန် ရဲတပ်ဖွဲ့ဝင်များတွင် တာဝန်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။