Tuesday, August 27, 2013

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ (မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ)

(စည်းလုံးခြင်းရဲ့အင်အား)
Tor M1 surface to air missile defense system

စာဖတ်ပရိသတ်များ ခင်ဗျား-

ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ တည်နေရာ၊ အကျယ်အ၀န်း၊ ထုတ်လုပ်မှု၊ လျာထားချက် စသည်တို့အား ပြည်တွင်းရှိ တပ်မတော် အရာရှိ တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ပေးပို့လာရာ စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ တင်ပြပေး လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိကြောင်း၊ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုးအတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုး စီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမဲ့ စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြောင်း ဒီဆောင်းပါးကို ဖတ်ရှုရင်း သိရှိနိုင်ပါတယ်။ 
အခုလို ရေးသားပြုစု ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော်အရာရှိ ဗဟိန်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့ အင်အား” မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ


ဆောင်းပါးရှင် – ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ကကထုတ် ဆိုတာကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံး ဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သုံး စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံ များကို ကွပ်ကဲ ညွန်ကြား ပေးတဲ့ အဓိကရုံး ဖြစ်ပါတယ်။ တပ်မတော်ထဲမှာ အရင် ကတည်းက ရှိခဲ့တဲ့ တပ်အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတုံးကတော့ ဖွဲ့စည်းပုံက အလွန် သေးငယ်ပါတယ်။ အထူးသဖြင့် လက်နက်ငယ်များနဲ့ ၄င်းအတွက် လိုအပ်တဲ့ ကျည်များကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီတုံးက တပ်မတော်မှာ သုံးခဲ့တဲ့ ဂျီသရီး၊ ဂျီဖိုး အစရှိသည်များ အတွက်ဖြစ်ပြီး ဂျာမနီနိုင်ငံက Fritz Werner ကုမ္ပဏီနဲ့ ပေါင်းစပ်လုပ်ကိုင်ခဲ့တာပါ။ အခု နအဖ စစ်အစိုးရ လက်ထက်မှာတော့ ဖွဲ့စည်းပုံက သိပ်ကွာခြားသွား ပါပြီ။ လက်နက်ငယ်များသာမက လက်နက်ကြီးများလည်း ထုတ်လုပ်နေပါပြီ။ လက်နက်ကြီးအတွက် ခဲယမ်းများ၊ ကျည်များလည်း ထုတ်လုပ်နေပါပြီ။

ဒီထက်မက မြေပြင်မှ မြေပြင်ပစ်ဒုံးများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးများကိုလည်း စမ်းသပ်ထုတ်လုပ်နေပါပြီ။ အခု နောက်ဆုံးကတော့ နျူကလီးယား လက်နက်များ ထုတ်လုပ်ဖို့ အထိ ပြင်ဆင်နေ ပါပြီ။ ကကထုတ်ရဲ့ လက်ရှိ တည်နေရာကတော့ ပျဉ်းမနား နေပြည်တော်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် (ထုတ်ချုပ်) အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၊ ဒုတိယ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် (ဒုထုတ်ချုပ်) အဖြစ် ဗိုလ်မှူးချုပ် တစ်ဦးတို့ ပါဝင်ပြီး လက်အောက်မှာတော့ အုပ်ချုပ်မှုနဲ့ ထုတ်လုပ်မှု ဆိုပြီး နှစ်ဖွဲ့ခွဲထားပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့စလုံးမှာ G1, G2, G3 နဲ့ ဌာနအလိုက် ရုံးအဖွဲ့များဖြင့် ဖွဲ့စည်းထားပါတယ်။ လက်ရှိ ထုတ်ချုပ်ခေါ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။ ဒုထုတ်ချုပ်ကတော့ ဗိုလ်မှူးချုပ်ခင်မောင်ဝင်း ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ခင်မောင်ဝင်းနောက် ဒုထုတ်ချုပ် ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ် သိန်းဋ္ဌေး ဖြစ်ပါတယ်။ ကကထုတ်ရဲ့ လက်အောက်မှာ စက်ရုံ (၂၂) ခုရှိပြီး စစ်လက်နက်၊ ခဲယမ်းနဲ့ ကျည်မျိုးစုံကို ထုတ်လုပ်ကာ ကြည်းရေလေ တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဖြူးလျက် ရှိပါတယ်။
မြောက်ကိုးရီးယား နိုင်ငံမှ စမ်းသပ် ဒုံးပျံ ပစ်လွှတ်နေစဉ်

ကကထုတ် လက်အောက်မှာရှိတဲ့ စက်ရုံအသီးသီးရဲ့ တည်နေရာတွေ လုပ်ငန်းရပ်တွေကို အောက်ပါ အတိုင်း အကျဉ်းချုံး ဖေါ်ပြလိုက်ပါတယ် -

၁။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့၊ ပစ္စည်းထိန်းတပ် (ကထပ) ဟာ ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်လမ်း၊ အင်းယားလိပ်ဟော်တယ်ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး မြေဧရိယာ အကျယ်အ၀န်းဟာ ဧက (၅၀) ခန့်သာ ရှိပါတယ်။ စစ်သည်အင်အားကတော့ ၂၀၀ ကျော်ရှိပြီး ကာကွယ်ရေး ပစ္စည်းစက်ရုံများမှာ လိုအပ်မဲ့ ကုန်ကြမ်း ကုန်ချောတွေကို ၀ယ်ယူဖြန့်ဖြူးပေးတဲ့ တပ်ဖြစ်ပါတယ်။

၂။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့၊ သင်တန်းကျောင်း (ကထက) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ နယ်၊ ပြင်ကြီးကျေးရွာမှာ တည်ရှိပါတယ်။ ဧရိယာအကျယ်အ၀န်းက ဧက (၇၀၀) လောက်ရှိပြီး စစ်သည် အင်အား (၄၀၀) ကျော်ရှိပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးရဲ့ စစ်သည်များအား အခြေခံစက်မှုပညာများ နည်းပညာများ သင်ကြားပို့ ချပေးပါတယ်။

၃။ အမှတ် (၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁) က ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်ရှေ့ (ကထပ) နဲ့ တ၀န်းတည်း ဖြစ်ပါတယ်။ စစ်သည်အင်အား (၆၀၀) ကျော်ရှိပြီး ကပစ (၁၁) က ထုတ်တဲ့ MA1, MA2, MA3, MA4 လက်နက်တွေကို အပြီးသတ် တပ်ဆင်ထုတ်လုပ်ပါတယ်။

၎။ ကပစ (၂) ကတော့ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာ မြောက်ဖက်မှာ ရှိပါတယ်။ စစ်သည်အင်အား (၉၀၀) ကျော်ရှိပြီး မြေဧရိယာ အကျယ်အ၀န်းက ဧက ၁သိန်း ရှိပါတယ်။ လက်နက် စမ်းသပ်တဲ့ ပစ်ကွင်းအဖြစ် မိုင် (၁၀၀) ကျော် ပစ်ကွင်းကို တည်ဆောက်ထားပါတယ်။ ဒီပစ်ကွင်းကို စင်္ကာပူနိုင်ငံက အကုန်အကျခံ တည်ဆောက်ပေးထားတာဖြစ်ပြီး စင်္ကာပူက ၀ယ်ယူတဲ့ လက်နက်များကို ပစ်ခတ် စမ်းသပ်တဲ့အပြင် ကပစ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်နက်နဲ့ကျည်များရဲ့ ထိရောက်မှု စွမ်းအားကို လစဉ် နှစ်စဉ် ပစ်ခတ် စမ်းသပ်လျှက်ရှိပါတယ်။ ကပစ (၂) ရဲ့ ထုတ်လုပ်မှုကတော့ 120mm, 105mm, 81mm, 60mm, MA5 လက်နက်များ ဖြစ်ပါတယ်။

၅။ ကပစ (၃) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစခန်းမှာ ရှိပါတယ်။ မြေဧရိယာ အကျယ်အ၀န်းက ဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အားက (၉၀၀) ကျော်ရှိပါတယ်။ ထုတ်လုပ်မှုကတော့ 120mm, 60mm, 105mm, 81mm, အစရှိတဲ့ ကျည်များဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုနှုန်းက လစဉ်ပုံမှန် ကျည်တမျိုးစီကို (၄သောင်း) ပတ်ဝန်းကျင်လောက် ထုတ်ပါတယ်။

၆။ ကပစ (၄) က ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းမှာ ရှိပြီး မြေ အကျယ်အ၀န်းက ဧက(၁၀၀) ခန့်သာ ရှိပြီး စစ်သည်အင်အား (၄၀၀) ကျော်သာ ရှိပါတယ်။ လုပ်ငန်းကတော့ ကပစ စက်ရုံအားလုံးရဲ့ စက်ပစ္စည်းများ ပြုပြင်ခြင်း၊ ပြင်မရသောပစ္စည်းများကို ၀ယ်ယူသည့် နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်သွယ်၍ ပြုပြင်ပေးခြင်း၊ ထုတ်လုပ်မှု ပစ္စည်းပုံစံများ လုပ်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။

၇။ ကပစ (၅) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကမြိုင်ကျေးရွာအနီးမှာ ရှိပါတယ်။ မြေဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အား (၇၀၀) ကျော်နဲ့တွန်းယမ်း၊ ခွင်းယမ်းဆိုပြီး ယမ်းနှစ်မျိုး ထုတ်လုပ်ပါတယ်။

၈။ ကပစ (၆) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာ တည်ရှိပြီး ဧက (၃၀၀၀) ကျော်ကျယ်ဝန်းကာ စစ်သည်အင်အား (၉၀၀) ကျော် ရှိပါတယ်။ လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများ ထုတ်လုပ်ပါတယ်။ လက်နက်အတွက် အသုံးပြုသည့် သံမဏိစက်ရုံကိုတော့ တရုတ်ပညာရှင်များက တည်ဆောက်ပေးပါတယ်။

၉။ ကပစ (၇) က ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကျော်စွာ ဓါတ်မြေသြဇာ စက်ရုံ အနီးမှာ ရှိပါတယ်။ ဧက (၃၀၀၀) ကျယ်ဝန်းပြီး စစ်သည် (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှုကတော့ ရေမြှုပ်မိုင်းနဲ့ သံချပ်ကာကားများ ပြန်လည် ပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

၁၀။ ကပစ (၈) က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့အနီးမှာ ရှိပါတယ်။ ဧက (၄၀၀၀) ကျော် စစ်သည် (၃၀၀) ကျော်ရှိပြီး တင့်ကားအစိတ်အပိုင်းများ ထုတ်လုပ်ပါတယ်။

၁၁။ ကပစ (၉) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးမှာရှိပြီး ဧက (၄၀၀၀) ကျော်၊ စစ်သည် (၆၀၀) ကျော်နဲ့  MA1, 2,3,4,5 ကျည်ဆန်များ ထုတ်ပါတယ်။

၁၂။ ကပစ (၁၀) က မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးမှာ ရှိပြီး မြေဧက (၆၀၀၀) ကျော် စစ်သည်အင်အား (၆၀၀) ကျော် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တာဝေးပစ်ဒုံးကျည် (missile)၊ မြေပြင်မှ ဝေဟင် (surface to air missile)၊ ဝေဟင်မှ ဝေဟင် (air to air missile)၊ ဒုံးများထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဒီစီမံကိန်းအတွက် ပညာရှင်များမှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများမှ ပညာရှင်များ ဖြစ်ပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများကိုလည်း တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ၀ယ်ယူပြီး တည်ဆောက် တပ်ဆင်ရေး လုပ်ငန်းများကို (၂၀၀၃-၂၀၀၄) တွင် အပြီးသတ် ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

၁၃။ ကပစ (၁၁) ကတော့ ပဲခူးတိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးမှာ တည်ရှိပါတယ်။ မြေဧက (၅၀၀၀) ကျော်ရှိပြီး စစ်သည်အင်အား (၁၀၀၀) ကျော် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၃ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ စက်များဝယ်ယူပြီး ၁၉၉၅-၉၆ တွင် အပြီးသတ် တည်ဆောက် တပ်ဆင်ပြီး ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်နေပါတယ်။ MA - 1, 2, 3, 4, လက်နက်ငယ် မျိုးစုံကို ပြီးမြောက်သည် အထိ ထုတ်ပေးလျက် ရှိပါတယ်။ စစ်အစိုးရ၏ လက်နက်ငယ်နှင့် ပတ်သက်၍ အားအထားရဆုံး စက်ရုံ ဖြစ်ပါတယ်။

၁၄။ ကပစ (၁၂) က မကွေးတိုင်း၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်နေပါတယ်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိပါတယ်။ ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၄င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၄င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့ပါတယ်။ (မှတ်ချက်- ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ် ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုး အဖွဲ့ဝင်နိုင်ငံအဖြစ် မသတ်မှတ်မီကာလက ပေးပို့ထားခြင်း ဖြစ်ပါသည်။ နေတိုး အဖွဲ့ဝင်အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ့ အထိ ၄င်းဆက်စပ်ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ)။ ၄င်းကျည်ထုတ်လုပ်သည့် စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ (၃) ထက် အဆပေါင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။

၁၅။ ကပစ (၁၃) သည် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံကျေးရွာအနီးတွင် တည်ရှိပြီး မြေဧက (၈၀၀၀) ကျော် ရှိပါတယ်။ စစ်သည်အင်အား (၄၀၀) ကျော်ရှိပြီး ရေမြှုပ်မိုင်းနှင့် လက်နက်ကြီး အစိတ်အပိုင်းများ ထုတ်လုပ်လျှက် ရှိပါတယ်။ ကပစ (၂) နှင့် ဆက်စပ်မှုရှိပါတယ်။

၁၆။ ကပစ (၁၄) ကတော့ မကွေးတိုင်း၊ စေတုတ္တရာ၊ ငဖဲတွင် တည်ရှိပြီး မြေအကျယ်အ၀န်းမှာ ဧက (၁၀၀၀၀) ကျော်ရှိပါတယ်။ စစ်သည်အင်အားမှာ (၄၀၀) ကျော်ရှိပါတယ်။ ကပစ (၉) နှင့် ထုတ်လုပ်မှု ဆက်နွယ်မှုရှိပြီး လက်နက်ငယ်ကျည်ဆန်များ ထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဘဏ္ဍာငွေ နည်းပါးမှုကြောင့် ထုတ်လုပ်ခြင်း မပြုဘဲ လျာထားချက်သာ ရှိပါတယ်။

၁၇။ ကပစ (၁၅) က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်အနီးမှာရှိပါတယ်။ မြေဧက (၁၀၀၀၀) ကျော်ရှိပြီး စစ်သည်အင်အား (၄၀၀) ဖြင့် တည်ဆောက် ထုတ်လုပ်ရန် လျာထားချက် ရှိပါတယ်။

၁၈။ ကပစ (၁၆) မှာ ကပစ (၆) နှင့် ဘေးချင်း ကပ်လျက် ရှိပါတယ်။ မြေဧက (၁၀၀၀၀) ကျော် စစ်သည်အင်အား (၇၀၀) ကျော်ဖြင့် ယမ်းချက် ထုတ်လုပ်လျှက်ရှိပါတယ်။

၁၉။ ကပစ (၁၇) မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဒဗလ ရွှေပန်းတောကျေးရွာအနီးတွင် ရှိပါတယ်။ မြေဧက (၂၀၀၀၀) ကျော် လျာထားပါတယ်။ တည်ဆောက်ခြင်း ထုတ်လုပ်ခြင်း မပြုသေးပါ။

၂၀။ ကပစ (၁၈) ၊ ကပစ (၁၉) တို့အတွက် မြေနေရာရှာဖွေ လျာထားဆဲ ဖြစ်ပါတယ်။

၂၁။ ကပစ (၂၀) က မကွေးတိုင်း၊ စေတုတ္တရာတွင် တည်ရှိပြီး မြေဧက (၁၀၀၀၀၀) ကို သိမ်းဆည်းကာ မြေနေရာ ရှင်းလင်းခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ရည်မှန်းချက်ကတော့ နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဒီစက်ရုံအတွက် ပြင်ဦးလွင် တပ်မတော် အင်ဂျင်နီယာ ဗိုလ်သင်တန်းကျောင်းမှ ကျောင်းဆင်းအရာရှိများကို ရုရှားနိုင်ငံသို့ နျူကလီးယား ပညာရပ်များ သင်ကြားရန် စေလွှတ်ထားပါတယ်။ လက်ရှိ စစ်သည်အင်အားမှာ (၄၀၀) ကျော်သာ ရှိပါတယ်။

စစ်အစိုးရရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းများကို စတင် အကောင်အထည် ဖေါ်လာတာကတော့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး စဖြစ်လာတဲ့ ၁၉၉၂ နောက်ပိုင်းမှာလို့ ပြောရမှာပါ။ ဒီအရင် မတိုင်ခင်ကတည်းက စစ်အစိုးရ အနေနဲ့ တရုတ်ပြည်နဲ့ နားလည်မှုယူပြီး နိုင်ငံရေးအရ ထောက်ခံမှုကို ရယူခဲ့ပြီး စစ်ရေး အကူအညီများကို စတင် ရယူခဲ့တာပါ။ 
ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ Rocketry Systems လို့ ခေါ်တဲ့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အမျိုးအစား တွေကလည်း မြေပြင်မှ မြေပြင်ပစ်၊ မြေပြင် မှ ဝေဟင်ပစ်နဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးအမျိုးမျိုး ဖြစ်ကြပါတယ်။

ကကထုတ်ရဲ့ ကပစ (၄) က ပုံစံရေးဆွဲသူ Designers များကို ပုံစံများ ရေးဆွဲစေခဲ့ပြီး စီမံကိန်းက အသေးစိတ် တင်ပြစေခဲ့ရာမှာ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။ စီမံကိန်း အတည်ပြုပြီးတာနဲ့တပြိုင်နက် မြေနေရာ ရှာဖွေခြင်း၊ နိုင်ငံခြား တိုင်းပြည်များနဲ့ ဆက်သွယ်၍ စက်ရုံ တည်ဆောက်ရေး၊ စက်ပစ္စည်းများ ၀ယ်ယူရေး၊ တပ်ဆင်ရေးတို့ကို အပူတပြင်း ဆောင်ရွက်ရပါတော့တယ်။ စီမံကိန်းအတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။

စက်ရုံအတွက် စက်ပစ္စည်းများကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများက တင်သွင်းပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ တောင်ကိုရီးယား ပညာရှင်များကို ခေါ်ယူ တည်ဆောက်ရာမှာ အချို့ လုပ်ငန်းရပ်များအား မြောက်ကိုရီးယား ပညာရှင်များကို ခေါ်ယူသုံးရပါတယ်။ ဒါပေမဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်စပ်မှု မရှိအောင် စီစဉ်ပြီး လုပ်ခဲ့ရပါတယ်။
နျူကလီးယားသင်္ကေတနောက်ခံနဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ

အဲဒီအချိန် ကာလတုံးက မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ သံတမန် တရားဝင် ပြန်လည် ဆက်သွယ်ခြင်း မပြုရသေးသော်လည်း လျှို့ဝှက် ဆက်သွယ်မှုများ ရှိနေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို တရုတ်နိုင်ငံမှ တဆင့် ဖြတ်ကျော်ပြီး တရုတ်-ဗမာ နယ်စပ်ကနေ လူမှောင်ခိုသွင်း ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှ စမ်းသပ် ဒုံးပျံ ပစ်လွှတ်နေစဉ် စက်ရုံစီမံကိန်းအတွက် ပညာရှင်များမှအစ လူအင်အားစုဆောင်းခြင်း၊ စက်ပစ္စည်းများ တင်သွင်းခြင်း၊ ငွေပေးချေခြင်းတို့ကို လျှို့ဝှက်လုပ်တာ ဖြစ်တဲ့အတွက် ကြားခံကိုယ်စားလှယ် ကုမ္ပဏီများထားပြီး လုပ်ခဲ့ပါတယ်။ ဒီကြားခံ ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက် ကုမ္ပဏီပဲဖြစ်ပါတယ်။ ငွေပေး ငွေယူ ကိစ္စတွေမှာ အထူး လျှို့ဝှက် ဆောင်ရွက် ရတာတွေရှိတာကြောင့် အထက် အဆင့်အမြင့်ဆုံး အပိုင်းကသာ သိရှိနိုင်ပါတယ်။

နိုင်ငံခြားမှ လက်နက်များ၊ စစ်ပစ္စည်းများ၊ စစ်လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်၊ အမြောက်ကြီးများ၊ အစ ရှိသည်တို့ကို ၀ယ်ယူတင်သွင်းရာမှာ အဓိက ပါဝင်တဲ့ တေဇရဲ့ ကုမ္ပဏီများ ပါဝင်ခြင်းရှိမရှိ၊ စိုးမင်းထိုက်ဟာ တေဇရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဟုတ် မဟုတ်တော့ မသိနိုင်ပါ။ ဒါပေမဲ့ ဒုထုတ်ချုပ်လို့ ခေါ်တဲ့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း တာဝန် ထမ်းဆောင်စဉ်ကတောင် ကပစ စက်ရုံများကို ၀င်ရင် စစ်ဆေးမြန်းခြင်း ခံရပေမဲ့ စိုးမင်းထိုက် ကိုတော့ မည်သည့် ကပစသို့ မဆို အစစ်အဆေး အမေးအမြန်း မရှိ ၀င်ခွင့်ပြုတာများကို ထောက်ရင်တော့ စိုးမင်းထိုက်ရဲ့ အရေးပါပုံကို သိသာနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာ အဓိကလုပ်ပိုင် ခွင့်ရနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာစစ်အစိုးရ အတွက် တစ်နှစ်ကိုဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်းဖွင့်ပြီး ထည့်ထားပါတယ်။ ဒီငွေစာရင်းများကို သိသူ ထိန်းသိမ်းသူကတော့ ထိပ်ပိုင်းက တစ်ဦးနှစ်ဦးသာ ဖြစ်ပါတယ်။ အဲဒါတွေကို ဦးပိုင် ကုမ္ပဏီနဲ့ Myanmar Economic Holdings လို့ ခေါ်တဲ့ စစ်အစိုးရရဲ့ အလျှို့ဝှက်ဆုံး financial institution က ချုပ်ကိုင်ပါတယ်။ ဒီ ဦးပိုင် နဲ့ MEH တို့ကို တာဝန်ယူ လုပ်ကိုင်ရသူကတော့ ကကထုတ် ရဲ့ ထုတ်ချုပ်လဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားဟာ အရေးကြီးတဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ခွင့်တွေ ရရှိတာဟာ မထူးဆန်းသလို လျှို့ဝှက် လက်နက်စက်ရုံကြီးတွေ တည်ဆောက် ခွင့်ရတာလည်း မဆန်းဘူးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို ရန်သူနိုင်ငံ နှစ်ခုက ပညာရှင်တွေကို ဒီလို လက်နက် ဆန်းတွေ ထုတ်နိုင်တဲ့ စက်ရုံကြီးတွေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မသိစေရပဲ လုပ်ကိုင်နေကြတာ၊ တောင်ကိုရီးယားကြောင့် ရတဲ့ဝင်ငွေ တွေထဲက မြောက်ကိုရီးယားတို့ ရုရှားတို့ကို ငွေပေးချေနေတာတို့ကို ကြည့်ရင် မြန်မာနိုင်ငံကို ဘယ်လောက်ပဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လုပ်၊ ဒီနိုင်ငံတွေကပဲ ငွေကြေးလည်ပတ်အောင် ကူညီနေသလို မြန်မာစစ်အစိုးရရဲ့ စစ်လက်နက် တိုးချဲ့ရေးကို တဖက်က အားပေး ကူညီနေတာတွေကို တွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများရဲ့ ပထမအဆင့်ဖြစ်တဲ့ ဒုံးလက်နက်များ တည်ဆောက် တပ်ဆင်ရေး စီမံကိန်းမှာ ကိုယ့်ပြည်တွင်းမှာ တည်ဆောက်တဲ့ missiles များသာမက ပြည်ပက အဆင့်မြင့် missiles များလည်း ၀ယ်ယူရေး အစီအမံလည်း ပါပါတယ်။

နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကြားကပဲ လက်နက်မျိုးစုံ၊ စစ်ပစ္စည်းမျိုးစုံကို ၀ယ်ယူ တင်သွင်း နေပါတယ်။ အထူးသဖြင့် တရုတ်၊ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများက ၀ယ်ယူ တင်သွင်းသလို နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကပါ ၀ယ်ယူ တင်သွင်းနေပါတယ်။ ဒီနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးရှင်းရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ငွေကြေးစနစ်ကိုလည်း ထိခိုက်တဲ့အတွက် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အလုပ်လုပ် ရာမှာတော့ အဆင်ပြေတာတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားနဲ့က ပစ္စည်းချင်းဖလှယ်တဲ့ Barter system ကို သုံးနိုင်လို့ ပါပဲ။

မြောက်ကိုရီးယားက လိုနေတဲ့ ဆန်၊ ပြောင်း၊ ပဲ၊ သီးနှံ စတာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ နည်းပညာတွေကို လဲလှယ်လို့ ရပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းရဲ့ ဒုတိယအဆင့် စီမံကိန်းကတော့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စီးပွားရေး ချွတ်ချုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် နျူကလီးယားလက်နက်များ ပိုင်ဆိုင်အောင် ကြံစည်တယ် ဆိုတာကတော့ အကြီးအကျယ် ရူးခြင်းတစ်မျိုးလို့သာ ဆိုရပါမယ်။ ပထမက နျူကလီးယား လက်နက်နဲ့ ဘယ်လို ရန်သူမျိုးကိုရင်ဆိုင်မှာလဲ ဆိုတာ စဉ်းစားဖို့လိုပါတယ်။

အရှေ့တောင် အာရှမှာ ဘယ်နိုင်ငံမှာမှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိကြပါ။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုမို တိုးတက် ကောင်းမွန်တဲ့ နိုင်ငံများတောင်မှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရန် စဉ်းစားခြင်းမရှိပါ။ တရုတ်၊ အိန္ဒိယ၊ အစရှိတဲ့ နိုင်ငံကြီးများ ထုတ်လုပ် ပိုင်ဆိုင်ကြတာကိုတော့ နားလည်နိုင်ကြပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ နျူကလီးယား လက်နက် အိပ်မက်ဟာ ဘာကိုအားကျပြီး လုပ်တာလဲလို့ မေးရရင် အီရန်တို့ မြောက်ကိုရီးယားတို့ကို အားကျလို့ လုပ်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံဟာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လုပ်နေတာတွေဟာ ဒီလက်နက်ကို ပြပြီး ဆင်းရဲလှတဲ့ သူ့ရဲ့ပြည်သူတွေအတွက် အစားအစာနဲ့ လောင်စာဆီ အစရှိသည်တို့ကို နိုင်ငံကြီးများက ထောက်ပံ့အောင် လုပ်နေတယ်ဆိုတာ ထင်ရှားနေသလို သူ့လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကိုလဲ အကြီးအကျယ် ခြိမ်းခြောက်မှုရှိ နေတယ် ဆိုတာ တွေ့ရပါတယ်။ မြောက်ကိုရီးးယားကို အားကျပြီး ဗိုလ်သန်းရွှေကလဲ ဒီလက်နက်တွေ ရရှိပိုင်ဆိုင်လာရင်တော့ အရှေ့တောင် အာရှမှ နျူကလီးယား ပြိုင်ဆိုင်မှုများ ဖြစ်လာတော့မယ်၊ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက် လာတော့မယ် ဖြစ်ပါတယ်။ အထူးသဖြင့် သမိုင်းတလျှောက်လုံး ရန်သူနိုင်ငံလို့ သတ်မှတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ခြိမ်းခြောက် နိုင်တော့မယ်လို့ ထင်နေပုံရပါတယ်။

နောက်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံများကို မြောက်ကိုရီးယား လုပ်သလို ပခုံးချင်း ယှဉ်နိုင်တော့မယ်လို့လည်း ထင်နေပုံရပါတယ်။ ဘယ်လို ရည်ရွယ်ချက်များ နှင့်ဖြစ်စေ ဒီနျူကလီးယားလက်နက် စီမံကိန်းကို စလိုက်ပြီ ဆိုကတည်းက အရင် စီမံကိန်းတုံးကလိုပဲ မြေနေရာ ရွေးချယ်ခြင်းက စရ ပါတော့တယ်။ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ကက(ထုတ်) တို့ ပေါင်းပြီး လုပ်ငန်းများ စရပါတော့တယ်။ 

မကွေးတိုင်း၊ စေတုတ္တရာဒေသကို ရွေးချယ်လိုက်ပြီး နောက်ပိုင်း ဆက်စပ် ဒေသများဖြစ်တဲ့ ပွင့်ဖြူမြို့ နယ်၊ နတ်မောက်မြို့နယ် များအပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်များ အထိပါ ရွေးချယ် လာတာတွေ ရှိပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံးရုရှားနဲ့ စကားပြော ကြရပါတယ်။
အနုမြူဓါတ်ပေါင်းဖို ရောင်းချပေးဖို့၊ တည်ဆောက်ပေးဖို့၊ နှစ်နိုင်ငံ စာချုပ် များ ချုပ်ဆိုခဲ့ကြပါတယ်။ ပညာတော်သင်များအဖြစ် မေမြို့ စစ်တက္ကသိုလ် အင်ဂျင်နီယာ ဗိုလ်သင်တန်း ကျောင်းဆင်းများကို ရုရှားနိုင်ငံ မော်စကိုသို့လည်းကောင်း၊ အချို့ကို တရုတ်ပြည်သို့လည်းကောင်း စေလွှတ် ပညာသင် စေခဲ့ပါတယ်။ ယခုအခါ မော်စကိုသို့ စေလွှတ်ခဲ့ပြီး ပညာသင်များ ၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ရုရှားအကူအညီနဲ့ ဆောက်မဲ့ အစီအစဉ်တွေမှာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ဒီအနုမြူ လက်နက်များ စီမံကိန်းကို မဖြစ်မနေ ဆက်လုပ်သွားမှာဖြစ်လို့ ၂၀၂၅ မှာ အနုမြူ လက်နက် ပိုင်ဆိုင်ရမယ်ဆိုတဲ့ ပန်းတိုင်ကို အရောက်လှမ်းတော့မှာ ဖြစ်ပါတယ်။

နောက်ပိုင်း ရုရှားနဲ့ လုပ်လို့ မရတဲ့ လုပ်ငန်းတွေမှာ မြောက်ကိုရီးယားက အကူအညီ ယူရတာပါပဲ။ မြောက်ကိုရီးယားနဲ့ ဆက်စပ် လုပ်ကိုင်မှုများလာသည် နှင့်အမျှ ဗိုလ်သန်းရွှေဟာလည်း မြောက်ကိုရီးယားရဲ့ ၀င်ရိုးတန်း နိုင်ငံများထဲမှာ အလိုလို ပါဝင်လာတာ မဆန်းပါဘူး။ ပါကစ္စတန်က Khan စလိုက်တဲ့ နျူကလီးယားနည်းပညာ ပျံ့နှံ့မှု ဂယက်ကြောင့် အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့အထိ နည်းပညာများ ပြန့်သွားပြီး ယခု စစ်အာဏာရှင် ဗိုလ်သန်းရွှေလို လူမျိုး လက်ထဲသို့ လူထောင်ပေါင်းများစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားမယ်ဆိုရင် ဗမာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ် ရှိလာမယ်ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။

ဒါကြောင့် ယခုရက်ပိုင်းအတွင်း သီလ၀ါမှာ ဆိုက်ကပ်မယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားသင်္ဘောမှာ ယခုတကြိမ် လက်နက်ငယ်တွေပဲ တင်ဆောင် လာစေဦးတော့ နောက်ပိုင်းမှာ မြောက်ကိုရီးယားက kang Nam လိုသင်္ဘောတွေ မြောက်မြားစွာ ဆက်လက် လာနေဦးမှာဖြစ်ပြီး တချိန်ချိန်မှာ အနုမြူ လက်နက်တွေ၊ နည်းပညာတွေ တင်ဆောင် လာမယ်ဆိုတာ ယုံမှားစရာ မရှိတော့ပါ။ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံများက ယခုအချိန်က စပြီး မြန်မာစစ် အစိုးရကို စောင့်ကြည့်ပြီး ၀င်ရိုးတန်း အုပ်စုထဲက ဆွဲထုတ်ဖို့ လိုနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။