Saturday, April 27, 2013

ယာဉ်ထိန်းရဲ ပါးရိုက်ခံရမှု ဗိုလ်ချုပ်မှူးကြီးဟောင်းမြေးကို တရားစွဲပြီ

(ဒေါန်းမာန်ဟုန်)

တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးအား ပါးရိုက်မှုနှင့်စပ်လျဉ်း၍ပြည်သူလူထုလုံခြုံရေးကို ရှေးရှုကာ ဗိုလ်ချုပ်မှူးကြီးဟောင်းတစ်ဦး၏ မြေးဖြစ်သူကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှကိုထင်ကျော်က ဧပြီလ ၁၀ ရက်၊ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ထားပြီးဖြစ်သည်။

ဝန်ထမ်းတစ်ဦးတာဝန်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်ခြင်းကိစ္စအားတရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ပြည်ထဲရေးသို့ တွန်းအားပေးခြင်းဖြစ်ကြောင်း၊ပြည်သူ့ဝန်ထမ်းတစ်ဦးအား အနိုင်ကျင့်အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ကိုစိန်ခေါ်မှုအသွင်သဏ္ဍာန် သက်ရောက်ကြောင်းတို့ကို ““ဒါဟာ လူထုရဲ့ လုံခြုံရေးကို အကာအကွယ်မဲ့နေတယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ အမှုကို FIR နဲ့မဖွင့်ဘူး။ လက်တော့လက်ခံတယ်။ ၀န်ထမ်းတာဝန်ရှိတဲ့သူကိုယ်တိုင်က အကြောက်တရားရှိနေတယ်လို့ သုံးသပ်တယ်။ ကမာရွတ်ရဲစခန်းက စခန်းမှူးကို ဥပဒေကြောင်းတွေကျွန်တော်သွားရှင်းပြပြီး အမှုဖွင့်ဖို့ လက်ခံပေးဖို့ တောင်းဆိုတယ်။ အထက်ကိုတင်ပြမယ်ဆိုပြီးလက်မှတ်ထိုးပြီး ယူထားလိုက်တယ်””ဟူ၍ ကိုထင်ကျော် က မြန်မာသံတော်ဆင့်သို့ ပြောသည်။



ကိုထင်ကျော်သည် ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူကို ဧပြီ ၁၀ ရက်တွင် ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂/၃၃၃/၃၅၃ တို့ဖြင့် ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ထားခြင်းဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ မြေးဖြစ်သူသည်မတ်လ ၁၄ ရက်က ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်၊ အင်းလျားလမ်းမီးပွိုင့်တွင် လမ်းမရှင်းပေးသောကြောင့်တာဝန်ကျယာဉ်ထိန်းရဲအားတာဝန်ကျနေရာတွင်ရိုက်နှက်ခဲ့သည်ကို ပြည်တွင်းသတင်းဂျာနယ်များကလည်းရေးသားဖော်ပြခဲ့ပြီး ၎င်း၏နေအိမ်သို့ခေါ်၍ ရေခဲရေဖြင့်ပက်ခြင်း၊ ဒူးထောက်ခိုင်း၍ ပါးရိုက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းတို့ကို ရိုက်နှက်ခြင်းခံရသူ ယာဉ်ထိန်းရဲ ကိုစံသိန်းထွေးက အင်တာနက်စာမျက်နှာများတွင်ဖော်ပြထားသည်။


 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။