Friday, April 26, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၂)

(စည်းလုံးခြင်းရဲ့အင်အား)

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဆွေးနွေး ရှင်းလင်းသွားပါတယ်။ အင်ဒိုနီးရှားရဲ့သမိုင်းကြောင်းကို အရင် ပြောပြရမယ်ဆိုရင် ၁၉၆၇ ခုနှစ်မှာ ဆူကာနိုကနေပြီးတော့  ဆူဟာတိုဆီကို အာဏာအပြောင်းအလဲနဲ့ ၁၉၉၈ ခုနှစ်မှာ ဖြစ်သွားတဲ့ ဆူဟာတိုကနေပြီးတော့ နောက်ထပ် functions များ အနေနဲ့ပေါ့နော် ပြောင်းလဲတာဟာ အခြေအနေ မတူဘူး။


၁၉၆၇ မှာကျတော့ အင်ဒိုနီးရှားတပ်က သမ္မတဆူကာနို လွတ်လပ်ရေးလုပ်ပေးတဲ့ ခေါင်းဆောင်ပေါ့၊ သူ့ကို ဆန့်ကျင်တဲ့ အင်အားစုတစ်ခု ရှိသေးတယ်ဆိုတာကို ဒီဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုက သိထားတယ်။ အဲလို ရှိနေတဲ့အချိန်မှာ ဆူကာနို မပြုတ်ခင်ကတည်းက တပ်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက အမေရိကန်ကနေပြီးတော့ စီးပွားရေးဘာသာရပ်တွေကို လေ့လာထားတဲ့ စီးပွားရေးပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေက ရှိနေတယ်။ အဲဒီလို ဆွေးနွေးမှုတွေ ဖြစ်လာတာက ဘာကြောင့်လဲဆိုတော့ ဆူကာနိုက နိုင်ငံရေးကိုဘဲ စိတ်ဝင်စားတယ်။ နိုင်ငံရေးနဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအာဏာ ဖွဲ့စည်း တည်ဆောက်မှုတွေ ဒါတွေကိုဘဲ စိတ်ဝင်စားတယ်။ စီးပွားရေးတွေကို လုံးဝ လစ်လျူရှုထားတယ်။ စီးပွားရေးအရ ယိုယွင်းလာတဲ့အခါ တပ်ထဲမှာ ရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စီးပွားရေး အင်အားစုတွေက အင်ဒိုနီးရှားရဲ့ စီးပွားရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့ စီမံချက်တွေကို စတင် ဆွေးနွေးကြတယ်။ ဒါကြောင့်မို့လို့ ဆူကာနိုပြုတ်သွားလို့ ဆူဟာတိုက ၀င်ယူလိုက်တဲ့အခါမှာ နိုင်ငံရေးအရ အစိုးရဖွဲ့ဖို့က သူတို့ဘာပဲပြောပြော ပါလီမန်ဖွဲ့ဖို့ ဘာတို့ အကုန်လုံး ဒါတွေက အဆင်သင့်ဖြစ်နေတယ်။ အဲလိုမျိုးပဲ စီးပွားရေးအရ ဘယ်လို စီမံချက်တွေနဲ့ ဘယ်လို လုပ်မလဲဆိုတဲ့ ဒါတွေဟာလည်း အဆင်သင့် ရှိနေတယ်။ ဆိုတော့ ဆိုလိုတာက အားလုံးက အာဏာလွှဲပြောင်းမှုက ချောချောမွတ်မွတ်နဲ့ အကုန်လုံး ပြင်ဆင်ပြီးမှ လုပ်တဲ့ဟာ။ သေချာပြင်ပြီးမှ လုပ်ခဲ့တာ။


၁၉၉၈ ခုနှစ်မှာကျတော့ ဆူဟာတိုက အင်ဒိုနီးရှား လူ့အဖွဲ့အစည်းမှာရှိတဲ့ အင်အားစုအားလုံးရဲ့ ဘုံရန်သူ ဖြစ်သွားတာပေါ့။ သူ့ကို ဘယ်သူမှ မကြိုက်တော့ဘူး။ ဒါပေမယ့်လို့ ဆူဟာတို နေရာကို ဘယ်သူ ဆက်ခံမလဲဆိုရင် ခေါင်းဆောင်မှု ပြင်ဆင်ထားတာ မရှိဘူး။ အားလုံးသူ့ကို မကြိုက်ကြတာချည်းဘဲ ရှိတယ်။ သူပြုတ်သွားရင် ဘယ်သူက ဦးဆောင်မှုကို ၀င်ယူမလဲဆိုတဲ့ ပြင်ဆင်မှုမျိုး မရှိခဲ့ဘူး။ အဲလို အသွင်ကူးပြောင်းဖို့ ပြင်ဆင်မှု မရှိတဲ့အခါမှာ အကုန်လုံးက  တပြိုင်နက် လုပ်ကြရတယ်။ ဥပမာ အစိုးရအဖွဲ့ကိုလည်း အဲကျမှ ထလုပ်ကြတယ်။ ဖွဲ့စည်းပုံ ရေးဆွဲတာလည်းပဲ အဲကျမှ ထလုပ်ကြတယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဒီမိုကရေစီ အဆောက်ဦးအတွက် ပညာပေးရေး လုပ်ငန်းတွေလည်း အဲကျမှ စလုပ်ရတယ်။ စစ်တပ်ပြုပြင် ပြောင်းလဲရေးကိုလည်း အဲကျမှ စပြီးတော့ လုပ်ရတယ်။ နိုင်ငံရေးသမားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်ဖို့ စွမ်းအားမြှင့်တဲ့ ရေချိန်မြှင့်တင်တဲ့ လုပ်ငန်းတွေကိုလည်း အဲဒီကျမှ လုပ်ကြတယ်။ ဆိုလိုတဲ့သဘောက ဒီအပြောင်းအလဲဟာ ပြင်ဆင်မှု မရှိဘဲနဲ့ မမျှော်လင့်ဘဲနဲ့ ဗြုန်းစားကြီး ရုန်းပြီးတော့ လုပ်ကြတဲ့ သဘောဖြစ်တယ်ဆိုတဲ့ ကွာခြားချက်လေးကို တွေ့ရတယ်။

စည်းလုံးခြင်းရဲ့အင်အား အဖွဲ့သားများက ထပ်မံမေးမြန်းခဲ့ရာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အခါ စစ်တပ်နဲ့ပြည်သူက ဟန်ချက်ညီဖို့ လိုအပ်တယ်။ နိုင်ငံတချို့မှာ စစ်တပ်ခေါင်းဆောင်တွေကိုက တကယ်ကို ပြုပြင်ပြောင်းလဲချင်တာဖြစ်တယ်။ အဲတော့ ဟန်ချက်ညီဖို့ ဆိုတဲ့အခါမှာ တပြိုင်နက်ဖြစ်ဖို့တော့ မလွယ်ဘူး။ ပြည်သူကအရင် နိုင်ငံရေး၊ စီးပွားရေး၊ အကြပ်အတည်းဖြစ်ပြီး ပြည်သူက အုံကြွလာပြီးမှ စစ်တပ်က ရပ်တာမျိုးရှိတယ်။ ဒါမှမဟုတ် စစ်တပ်က သီးခြား တောင်းဆိုမှု တစ်ခုဖြစ်လာပြီးမှ ပြည်သူက တပြိုင်ထဲ လိုက်ပြီးတော့ ရပ်တာမျိုးရှိတယ်။ အဲဒီအခြေအနေ နှစ်ခုအပြင် အခြားအခြေအနေ ဖြစ်စဉ်တွေရှိရင် လမ်းညွှန်ပေးပါဦးခင်ဗျား။


အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက ပြောကြားရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံက အခြေအနေ မတူဘူးပေါ့။ နိုင်ငံရေးရောဂါ အကုန်လုံးကုနိုင်တဲ့ ဆေးမရှိဘူး။ ဖေါ်မြူလာ မရှိဘူးပေါ့။ ဒါပေမယ့်လို့ ယေဘူယျဆောင်တဲ့ ကောက်ချက်တွေကိုတော့ ဆွဲလို့ရပါတယ်။ ယေဘူယျဆန်တဲ့ ကောက်ချက်တွေမှာ နံပါတ် - (၁)  ကတော့ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံအင်အားစုရဲ့ အားကောင်းဖို့ အဲဒါ အရေးကြီးတယ်။ သူ့အနေနဲ့က ဘာလို့အရေးကြီးလဲဆိုရင် အာဏာရှင်တွေ ပြုတ်ကျတာ၊ အပြောင်းအလဲတွေ ဖြစ်လာတာတွေဟာ အပြင်က လုပ်လို့မရဘူး။ အပြင်ကနေက ကန့်သတ်ချက်တွေရှိတယ်။ အပြင်ဆိုတာက နိုင်ငံခြားတိုင်းပြည်တွေကဘဲဖြစ်ဖြစ်၊ ပြည်ပရောက် အင်အားစုတို့လိုဖြစ်ဖြစ် ဒါက အစိုးရတစ်ရပ် အပြောင်းအလဲလုပ်ဖို့ တိုက်ရိုက် မဆောင်ရွက်နိုင်ကြဘူး။ အရှေ့တီမောကိစ္စမှာ ဆိုလို့ရှိရင် ဟိုဆေးရားမို့စ်က  နိုင်ငံတကာမှာ အများကြီး လုပ်ပြီးတော့  နိုင်ငံခြားရဲ့ ထောက်ပံ့မှုတွေရအောင် လုပ်လိုက်နိုင်တယ် ဆိုပေမယ့်လို့ အရှေ့တီမော အပြောင်းအလဲမှာ အဓိကက ဇာနားနားဦးဆောင်ပြီးတော့ အတွင်းကနေ ဖိအားကို ရအောင်လုပ်သွားတယ်။ နိုင်ငံတကာဘက်က အပြင်ဘက်ဖိအား အနေနဲ့ကတော့ အထောက်အပံ့ သဘောမျိုး ရှိပါတယ်။

အတွင်းက ဖိအားဆိုတာမှာ Hard Power နဲ့ Soft Power ဆိုပြီး နှစ်မျိုးရှိတယ်။ Hard Power ဆိုတာကတော့  တကယ့်ကို ဖိအားကို ပြန်ပေးနိုင်တဲ့  အင်အားစုတွေပေါ့။ အဲဒါက တပ်မတော်ပါဝင်တဲ့ အင်အားစု၊ နောက်တစ်ခုက ဆန့်ကျင်ဘက် သူပုန်အင်အားစုတွေပေါ့၊ နောက်တစ်ခုက အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုကလည်း အုပ်ချုပ်နေတဲ့ အစိုးရတွေအပေါ် ဖိအားပေးနိုင်တဲ့ စွမ်းအားတွေပေါ့။ hard power သုံးတဲ့နေရာမှာတော့ ကြိုပြီးတော့ မှန်းထားရမှာက ထိခိုက် အကျအဆုံးတွေရှိတယ်။ တပ်တွင်းက ပုန်ကန်ပြီးဘဲလုပ်လုပ်၊ တော်လှန်ရေးနည်းနဲ့ တိုက်တိုက် အကျအဆုံး ရှိကိုရှိမယ်၊ အကျအဆုံးအတွက် ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားရမယ်။ လူထုလှုပ်ရှားမှုလုပ်တဲ့ နေရာမှာလည်းပဲ အကျအဆုံး ရှိမှာဘဲ၊ ပစ်မှာဘဲ။ ပစ်တဲ့အခါမှာ အကျအဆုံး ဘယ်လောက်ခံနိုင်မှုနဲ့ ဘယ်လောက် တောင့်ခံနိုင်မလဲ ဆိုတဲ့အပေါ်မှာ hard power ရဲ့ ဖိအားပေးမှု ခံနိုင်ရည် အခြေအနေ ရှိတာပေါ့။

Soft Power ဆိုတာကတော့ အာဏာရှင်ရဲ့အ၀န်းအ၀ိုင်း အနီးအနားရှိတဲ့ သူ့ကိုထောက်ခံတဲ့ သူတွေကို တဖြေးဖြေး ကြားနေ၊ ကြားနေကနေ ဆန့်ကျင်သူ ဖြစ်လာအောင် လုပ်တဲ့နည်းနာတွေပေါ့။ ဆိုလိုတာက သူတို့ရဲ့ ထောက်ခံမှုတွေ ရုပ်သိမ်းစေရမယ်။ သူတို့ရဲ့ စီနီယာအရာရှိ ထွက်သွားအောင် လုပ်ရမှာပေါ့။ အဓိကကတော့ စစ်အာဏာရှင်ကို ကျားကန်ပေးနေတဲ့ အသိုင်းအ၀ိုင်းကို ထောက်ခံမှု ရုပ်သိမ်းအောင် လုပ်ရမယ်။ Soft Power လုပ်တာကတော့ အချိန်ကြာတာပေါ့။ ဒါကတော့ ရေရှည်ဆိုတဲ့ သဘောမျိုးပေါ့။ Hard Power လုပ်တဲ့ဟာကျတော့ မြန်တယ်။ အပြောင်းအလဲကို ဖိအားသုံးပြီးတော့ တွန်းပေးတယ်။ မြန်တယ်။ မြန်သော်လည်းပဲ ခုနပြောတဲ့ အကျအဆုံး ဖြစ်မှာတွေကို ခံနိုင်ရည်ရှိအောင်တော့ ပြင်ဆင်မှု ရှိဖို့လိုတာပေါ့။ နှစ်ခုလုံးသုံးပြီးတော့ အပြောင်းအလဲ ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်လို့ သူ့အတွေ့အကြုံတွေကို ဆွေးနွေးသွားပါတယ်။

အပိုင်း (၃) မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ဘယ်လိုအနေအထားမျိုးနဲ့ ဆက်သွားသင့်တယ်၊ Hard Power နဲ့ Soft Power တွေကို ဘယ်လိုသုံးသင့်တယ်၊ စစ်တပ်ကို ဘယ်လို ဆွဲဆောင်စည်းရုံး ပညာပေး ဆွေးနွေးရမယ်ဆိုတဲ့ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးရဲ့ ပြောကြားချက်တွေကို လာမယ့်တနင်္လာနေ့ ဆက်လက် ဖေါ်ပြပေးသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။