Monday, April 22, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၁)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ဟာ တပ်မတော်နှင့် ပတ်သက်သည့် သတင်းများ၊ နိုင်ငံရေးနှင့် ဆက်စပ် ဖြစ်ပေါ်နေသည့် သတင်းများအား တင်ပြပေးနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ မရောက်ခင် စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် ခေတ်ကာလကတည်းက တပ်မတော်အား ပြည်သူ့ဘက် ရပ်တည်လာသည့် ပြည်သူ့တပ်မတော် ဖြစ်လာစေရေး ရည်ရွယ်ချက်ကို ဦးထိပ်ထားပြီး Professional Army ဖြစ်လာစေရေးကို နောက်ဆုံး ရည်မှန်းချက်အထိ ထားရှိကာ တိုက်တွန်း စည်းရုံးနေတဲ့ မီဒီယာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သားများရဲ့ ခံစားချက်၊ ထုတ်ဖေါ်ပြောကြားလိုသည့် ဆန္ဒများကို တင်ပြပေးရင်း ပြည်သူလူထုက သိမြင်ခံစားလာကာ စစ်အာဏာရှင်နှင့် တပ်မတော်သားများကို ခွဲခြား သိမြင်လာစေရေး ဦးတည်ထားပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့နှင့် ပင်တိုင်ဆောင်းပါးရှင် တပ်မတော် အရာရှိများဟာ အလျဉ်းသင့်သလို မြန်မာ့အရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဆွေးနွေး သုံးသပ်ကြပါတယ်။ အရာရှိတစ်ဦးက ဆွေးနွေးရာမှာ -



Asean Summit မှာ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို

“အကိုကြီး... ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ကို သွားနေတာတော့ ဟုတ်ပါပြီ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကတော့ မြန်မာတွေဟာ ဒီအတိုင်း ဒီမိုကရေစီ ပေးလိုက်ရင် စည်းမဲ့ကမ်းမဲ့ ဖြစ်သွားပြီး ဖရိုဖရဲနဲ့ နောက်ဆုံး တိုင်းပြည်ပြိုကွဲသွားမဲ့အရေး မြင်တယ်လို့ ဆိုလိုတာလား သိချင်ပါတယ်” လို့ မေးပါတယ်။ ဝက်ဘ်ဆိုဒ် အယ်ဒီတာက ပြန်လည် ဆွေးနွေးခဲ့ရာမှာ -

“စည်းကမ်းဆိုတာ ဒီမိုကရေစီမှာ ပါပြီးသားပါ။ ဒီမိုကရေစီမှာ တရားဥပဒေ စိုးမိုးမှု ရှိပြီးသားပါ။ သူတို့ရဲ့ ထီထွင်ချက်ဘဲ၊ ဒီမိုကရေစီ အမျိုးအစားတွေတော့ ခွဲထားတာ ရှိပါတယ်။ အကြမ်းဖျဉ်း အနေနဲ့ သမ္မတ ပါဝါပေးတဲ့ ဒီမိုကရေစီ၊ ဝန်ကြီးချုပ် ပါဝါပေးတဲ့ ဒီမိုကရေစီ၊ ဗဟို ဦးစီးချုပ်ကိုင်မှု ပိုများတာ၊ လျော့နည်းတာ၊ အလေးပေါ့ မူတည်ပြီး ထပ်ကွဲသွားတယ်။ သမ္မတ/ ဝန်ကြီးချုပ် လုပ်ချင်တိုင်း လုပ်လို့မရအောင် အာဏာရှင် ဖြစ်မသွားအောင် ပါလီမန်၊ လွှတ်တော်က ပါဝါ ထိန်းချုပ်တာဟာ ဒီမိုကရေစီ အနှစ်သာရ ဖြစ်ပါတယ်။ လိုအပ်ရင် သမ္မတကို ပြည်သူတွေ ရွေးကောက်ထားတဲ့ ပါလီမန်နှင့် လွှတ်တော်က ဖြုတ်ပိုင်ခွင့် ပေးထားတယ်။ သူတို့ စိုးရိမ်ပူပန်တာက ပြည်ထောင်စု ပြိုကွဲသွားမှာ စစ်တပ်က ပြန်ပြီး အာဏာသိမ်းရမှာကို မလုပ်ချင်တဲ့အတွက် တပ်ကို အမြဲတမ်း အရပ်သားနှင့် ပူးတွဲ အုပ်ချုပ်သွားတဲ့ အမျိုးအစားမျိုး လုပ်သွားတာပါ” လို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ အရာရှိက ဆက်လက် ဆွေးနွေးရာမှာ -

“အကိုကြီး... ဒါဆို ဒီမိုကရေစီ အသွင်ကူးပြောင်းကာစ အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲ စတင် လုပ်ပြီး တက်လာတဲ့ သမ္မတအသစ် အဗ္ဗဒူရာမန်ဝါဟစ် ပူပူနွေးနွေးက (၂) နှစ်သာခံပြီး ပါလီမန်ရဲ့ အယုံအကြည်မရှိ အဆိုနဲ့ နှုတ်ထွက်ခဲ့ရတယ်လို့ သိရတယ်။ နောက်ပြီး စစ်တပ်က ပါလီမန်မှာ ယူနီဖောင်းဝတ်နှင့် ဝင်ထိုင်သေးတယ် ပြောတယ်၊ ဟုတ်လား” လို့ မေးပါတယ်။ ဝက်ဘ်ဆိုဒ် အယ်ဒီတာက ပြန်လည် ရှင်းပြရာမှာ -


အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနဲ့အတူ အမေရိကန် သမ္မတ အိုဘာမား

“ဟုတ်တယ်ဗျ။  အင်ဒိုနီးရှား စစ်တပ်က ယူနီဖောင်းဝတ်တွေနဲ့ ပါလီမန်မှာ ထိုင်ခဲ့ပြီး လွှတ်တော်သက်တမ်း တစ်ခုပြီး တစ်ခုမှာ ရာခိုင်နှုန်း လျော့လာကာ နောက်ဆုံး စစ်တန်းလျားတောင် ပြန်သွားခဲ့ပြီးဖြစ်တယ်။ ဒီမိုကရေစီစတင်တာနဲ့ အရှေ့တီမောက ခွဲထွက်သွားတာ ကြုံခဲ့ရတယ်။ ဒါတောင် အာချေးပြည်နယ်က နိုင်ငံ ခွဲထွက်တော့မလို ထပ်ဖြစ်လို့ အချိန်မှီ ထိန်းထားလိုက်ရတယ်။ အင်ဒိုနီးရှားခေါင်းဆောင်တွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ချီးကျူးရမယ်။ မြန်မာနိုင်ငံ အနေနဲ့ အတုယူသင့်တယ်။ မြန်မာအစိုးရက အမျိုးသားညီလာခံ မကျင်းပမှီ အခြေခံဥပဒေ မူကြမ်း စတင် ရေးဆွဲမည် ကြံတုန်းက အင်ဒိုနီးရှား ပုံစံမျိုးကို လူကြီးတွေက ကြိုက်တယ် ပြောတယ်။ ၂၅ % နှင့် အမြဲတမ်း ဦးဆောင်မှု ကဏ္ဍကတော့ သူတို့စိတ်ထဲမှာ မြန်မာနိုင်ငံ ပြိုကွဲမှာကို စိတ်ပူသလို သူတို့ရဲ့ လုံခြုံရေး အတွက်လည်း ကြိုတင် ကာကွယ်တဲ့ သဘောပေါ့ဗျာ။” လို့ ပြောပါတယ်။

အဲဒီအရာရှိက ဆက်လက် အကြံပြု တင်ပြရာမှာ -

“အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တာနဲ့အညီ ယဉ်ကျေးမှု နယ်ပယ် ဝတ်စား ဆင်ယင်တာကအစ နီးစပ်သလို လွတ်လပ်ရေး ရယူပုံကလည်း နယ်ချဲ့ကို တော်လှန်ပြီး ရတာချင်း ဆင်တူဖြစ်တယ်။ အတုယူသင့်တယ်။ ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း ညီအကိုတွေနဲ့ တိုင်ပင်ပြီး အင်ဒိုနီးရှား စစ်တပ်က ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ဆွေးနွေးဖလှယ်ခွင့်ရရင် သိပ်ကောင်းမှာဘဲဗျာ” လို့ ပြောပါတယ်။

ဝက်ဘ်ဆိုဒ် အယ်ဒီတာက ပြန်လည် ဆွေးနွေးရာမှာ -

“အကိုလည်း ဝက်ဘ်ဆိုဒ် အယ်ဒီတာ အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး အင်ဒိုနီးရှားစစ်တပ်နှင့် ဆက်သွယ်လို့ရမဲ့ ကွန်ယက်ကို စုံစမ်းပေးပါမယ်။ ညီလေးလည်း အခြားဆောင်းပါးရှင် အရာရှိများရဲ့ သဘောထားကိုတောင်းပြီး ပြန်ကြားပေးပါဦး။ ဆက်သွယ်မှု အဆင်ပြေရင် အကြောင်းပြန်မယ်နော်”

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအနေနဲ့ အဖွဲ့ဝင်များနှင့် တိုင်ပင်ကာ အများဆန္ဒအရ အင်ဒိုနီးရှား တပ်မတော်နှင့် ဆက်သွယ်ပေးမဲ့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီကို ကံအားလျော်စွာ ရရှိခဲ့ပါတယ်။ စာဖတ်ပရိသတ်များ၊ နိုင်ငံရေး၊ စစ်ရေး လေ့လာသူများ ဗဟုသုတ ရရှိစေရန်နှင့် သုံးသပ်နိုင်ရန် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့ဝင် တပ်မတော် အရာရှိ (ငြိမ်း) များနှင့် အင်ဒိုနီးရှား တပ်မတော်မှ အငြိမ်းစား ယူသွားတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးတို့ ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။ ဆွေးနွေးခန်းများကို စဉ်ဆက်မပြတ် တင်ပြပေးလိုက်ပါတယ်။

“မင်္ဂလာပါ ဗိုလ်ချုပ်ကြီးခင်ဗျား... ယခုလို အချိန်ပေး ဆွေးနွေးခွင့် ရတဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါတယ်။ ဗိုလ်ချုပ်ကြီး အနေနဲ့ ကျွန်တော်တို့အား ညီအကိုလို မိသားစုလို သဘောား ဆက်ဆံပေးစေလိုပါတယ်။ မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ရေမြေသဘာဝ သမိုင်းဖြစ်စဉ် ရုန်းကန် လှုပ်ရှားရမှုနဲ့ လွတ်လပ်ရေး ရယူပုံအဆုံး နီးစပ်တူညီတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ တပ်မတော် အရာရှိတွေက ဗိုလ်ချုပ်ကြီးတို့နိုင်ငံ အထူးသဖြင့် တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံရေးမှ တဖြေးဖြေး ဆုတ်ခွာလာပုံ၊ စစ်တပ် ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုအကြောင်းတွေကို စိတ်ဝင်စားလို့ ကျေးဇူးပြုပြီး စတင် ရှင်းပြပေးစေလိုပါတယ်။ ကျွန်တော်တို့ကလည်း လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ တပ်မတော်ရဲ့လှုပ်ရှားမှု အသွင်သဏ္ဍာန်ကို တင်ပြသွားမှာဖြစ်ပြီး အကြံဥာဏ် ကောင်းရှိခဲ့ရင် လမ်းညွှန်ပေးစေလိုပါတယ် ခင်ဗျား”

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးရဲ့ ဆွေးနွေးရှင်းလင်းချက် အပိုင်း (၂) ကို ဗုဒ္ဓဟူးနေ့တွင် ဆက်လက် တင်ပြပေးသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။