Monday, July 22, 2013

တပ်မတော် အရာရှိများအပေါ် ဘက်မလိုက်ရေး တပ်ချုပ်ပြုပြင်ပေး - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ယနေ့ တပ်မတော်မှာ DSA အရာရှိများသာ လွှမ်းမိုးချယ်လှယ် ချုပ်ကိုင်နေတာကြောင့် တခြား OTS နဲ့ DSTA (ဘွဲ့ရ၊ အလုပ်သင်နဲ့ အခြားအဆင့်မှ တက်လာတဲ့အရာရှိ) ကျောင်းဆင်း အရာရှိများဟာ ဦးတည်ချက်မဲ့ စိတ်ဓါတ် ကျဆင်းနေကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ဒီသတင်းကို ရုတ်တရက် ကြည့်လိုက်ရင် တပ်မတော်ဖြိုခွဲရေးလို့ စစ်အာဏာရှင်တွေက ယူဆစရာ ရှိပါတယ်။ တပ်မတော်အရာရှိတွေ အနေနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် တန်းတူ အခွင့်အရေး ရာထူးတိုးတက်ခွင့် ရသင့်ပါလျှက် DSA ကျောင်းဆင်းတွေကသာ တပ်မတော်မှာ ဗိုလ်ကျ နေရာယူ နေတာ တွေ့ရှိရပါတယ်။ ဒီလို ဖြစ်စဉ်တွေကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပြုပြင် ပေးစေလိုတာကြောင့် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်အရာရှိ၊ အငြိမ်းစား တပ်မတော် အရာရှိများကလည်း ပေးပို့လာတာမို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ကျောင်းတော်ကြီးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ Intake စွဲများနဲ့ အုပ်စုလိုက် တပ်မတော်ကို လွှမ်းမိုးနေတာကြောင့် တခြားကျောင်းဆင်း အရာရှိတွေဟာ ဘ၀ပျက်ကာ မျှော်လင့်ချက် ပျောက်ဆုံးခဲ့ရပါတယ်။ တကယ်တော့ တပ်မတော် ပြုပြင်ပြောင်းလဲရေးနဲ့ Professional Army ဖြစ်အောင် ကြံဆောင်ရာမှာ တပ်မတော် ထိပ်ပိုင်းက လူကြီးများ အနေနဲ့ အရာရှိတိုင်းကို သာတူညီမျှ ဆက်ဆံသင့်ပါတယ်။ မူတစ်ရပ်ရှိတယ် ဆိုပေမဲ့ လူခင်ရင် မူပြင်တတ်တဲ့ အထူးကိစ္စရပ်လိုမျိုး ခြွင်းချက်တွေကို ရှောင်ရှားသင့်ပါတယ်။

DSA သာ ကြီးစိုးဖို့ အစဉ်အလာ ဖြစ်လာတာကတော့ DSA (1) ကျောင်းဆင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းကြည်တို့ရဲ့ စနက်ကြောင့် ဖြစ်သလို DSA (4) ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီးတင်လှတို့က ဆက်လက် မြှောက်ပင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ အဓိက Key စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) များ ဖြစ်ခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ကိုကိုတို့ကလည်း ဒီလိုခွဲခြား ဆက်ဆံမှုတွေကို လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြရင်း တခြား ကျောင်းဆင်း အရာရှိတွေကို ရာထူးမတိုးစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။


ဒုဗိုလ်ချုပ်ကြီး ကိုကို (ဝဲ) နဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့မှ အတွင်းရေးမှူးချုပ် (ယာ) တို့ လက်ဆွဲနှုတ်ဆက်စဉ်

ဗိုလ်မောင်အေးဟာ ဒုတပ်ချုပ် ဖြစ်ခဲ့စဉ်က OTS ဗိုလ်သင်တန်းကျောင်း ကျောင်းဆင်းပွဲအတွက် ရှမ်းပြည်နယ် ရပ်စောက်မြို့ ဗထူးစစ်ရေးပြကွင်းကို စစ်ဆေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက စစ်ရေး ပြကွင်းမှာထားမဲ့ အနာဂတ်ရဲ့ခေါင်းဆောင်များ ဆိုတဲ့ ဆိုင်းဘုတ်ကို ဗိုလ်မောင်အေးကို ပြသ ခဲ့ပါတယ်။ စစ်တပ်ရဲ့ထိပ်ပိုင်းသာမက နိုင်ငံတော်အဆင့် ခေါင်းဆောင်ပါ ဖြစ်ဖို့ ရည်မှန်းပြီး OTS ကျောင်းဆင်း အရာရှိတွေအတွက် ရေးသားထားတဲ့ ဒီဆိုင်းဘုတ်ကို ဗိုလ်မောင်အေးက မနှစ်မြို့ဘဲ နှိမ်တဲ့သဘောနဲ့ အနာဂတ်ရဲ့စစ်ခေါင်းဆောင်လို့ ပြန်ပြင် ရေးခိုင်းခဲ့တယ်လို့ သိရပါတယ်။ OTS ကျောင်းဆင်းအရာရှိကြီး တစ်ဦးကလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်စစ်ရုံးမှာ ရှိစဉ်က DSA ကျောင်းဆင်းလူကြီးတွေဟာ သူတို့ DSA တွေ နေရာရဖို့ မူဝါဒ စနစ်သစ်တွေ စတန့်လုပ်ပြီး တီထွင် လာခဲ့ပါတယ်။ တပ်မတော်အရာရှိတွေဟာ ငယ်ရွယ် တက်ကြွ ရမယ်၊ ဘွဲ့ရရမယ်လို့ဆိုပြီး ယခင်က ၄ နှစ် တက်ရတဲ့ DSA ကို ၃ နှစ်သာ တက်စေ ပါတော့တယ်။ အမှန်က အလုပ်သင်ကျောင်းဆင်း အရာရှိတွေဟာ ၃ နှစ်နဲ့ ကျောင်းဆင်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုဗိုလ်ဖြစ်နေတာကို Level တူ ဖြစ်သွားအောင် လိုက်ညှိတဲ့သဘော ဖြစ်ပါတယ်။ တဖန် ၀ိဇ္ဇာ၊ သိပံ္ပ တက္ကသိုလ်မှာ ၄ နှစ်နေပြီး ကျောင်းဆင်းခဲ့တဲ့ ဘွဲ့ရအရာရှိတွေကိုတော့ အသက်ကြီးသွားလို့ ရာထူး တိုးမြင့်ပေးဖို့ မစဉ်းစားတော့ဘူးလို့ ဆိုလာပါတယ်။ တကယ်တော့ ဘွဲ့ရ အရာရှိတွေဟာ တက္ကသိုလ် ကျောင်းသားဘ၀က လာခဲ့လို့ စီမံခန့်ခွဲရေးနဲ့ လူမူရေးမှာ DSA ကျောင်းဆင်းတွေထက် အများကြီး သာပါတယ်။ တခါ အလုပ်သင်ကျောင်းဆင်း အရာရှိတွေက စာပေးစာယူနဲ့ ဘွဲ့ရအောင် ယူပြန်တော့လည်း အသိအမှတ်မပြုဘဲ နှိမ်ချပြန်ပါတယ်။ ပိုဆိုးတာက တပ်ကြပ်ကြီး၊ တပ်ကြပ် အခြားအဆင့်ကနေ ဗိုလ်ဖြစ်လာတဲ့ အရာရှိတွေကို ဘွဲ့မရတဲ့အပြင် အသက်ကြီးလို့ဆိုကာ ဗိုလ်မှူး အဆင့်က ထပ်မတိုးပေးတော့ပါဘူး” လို့ ပြောသွားပါတယ်။


OTC အလုပ်သင်ဗိုလ် သမိုင်း ဖြစ်ပေါ်လာပုံမှာ ဗိုလ်ချုပ်ကြီးစန်းယုဟာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း အလုပ်သင်ဗိုလ်ကျောင်းဆင်း ဖြစ်ခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်း အလုပ်သင်ဗိုလ်မှ ဖြစ်လာတဲ့ အရာရှိများ မရှိတော့တာကြောင့် သူ့ရဲ့ ညွှန်ကြားချက်အရ ၁၉၇၀ ခုနှစ်မှာတော့ ပထမဦးဆုံး အလုပ်သင်ဗိုလ် အပတ်စဉ် (၁) ကို DSA မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၇၂ မှာ အလုပ်သင်ဗိုလ်ဖြစ်ပြီး  ၁၉၇၃ ခုနှစ်မှာ ဒုဗိုလ်ဖြစ်ခဲ့ကြပါတယ်။ အလုပ်သင်ဗိုလ် အပတ်စဉ် (၄) မှ စတင်ပြီး မေမြို့ အမှတ် (၂) လေ့ကျင့်ရေးတပ်သို့ ပြောင်းလဲ တက်ရောက်စေကာ အဲဒီတပ်မှာ တစ်နှစ်၊ ဗထူးမြို့ ခြေလျင်တပ်ကြပ်သင်တန်းကျောင်းမှာ (၆) လ တက်ရပြီး မှော်ဘီမြို့ ဗိုလ်သင်တန်းကျောင်းမှာ (၆) လ တက်ရောက်စေပါတယ်။ အဲဒီနောက် ရှေ့တန်း စစ်မြေပြင် အတွေ့အကြုံ ရရှိစေဖို့ အလုပ်သင်ဗိုလ် အဆင့်၊ တပ်စုမှူးရာထူးနဲ့ ခြေလျင်တပ်ရင်းတွေမှာ (၉) လ Field Experience အတွေ့အကြုံ ယူရပါတယ်။ ၄င်းနောက် ဗထူး တိုက်ခိုက်ရေးကျောင်း ခြေလျင် တပ်စုမှူး သင်တန်း (PC) ကို (၃) လ တက်ရပြီးနောက် ဒုဗိုလ်အပွင့်အား စစ်ရာထူးခန့်ချုပ်က တင်ပေးပါတယ်။ စုစုပေါင်း (၃) နှစ် ကြာပြီး ပြန်တမ်းဝင် အရာရှိ ဖြစ်လာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် အလုပ်သင်ဗိုလ်လောင်းအား တေဇလို့ ခေါ်ဝေါ်ကာ  ဒေါင်းရုပ် အလံကိုလည်း တေဇအလံလို့ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တေဇအလံဟာ နောက်ခံအရောင် အစိမ်းရောင် ဖြစ်ပြီး အလယ်စင်တာမှာ ဒေါင်းရုပ်ပုံရှိကာ အပတ်စဉ် နံပါတ်များကို အလံရဲ့ ထောင့်ဆုံးတွင် ဖေါ်ပြထားပါတယ်။ ဒေါင်းရုပ်ဆိုလို့ DSA တွေက နိုင်ငံရေး အရောင်ရောတယ်လို့ ကွယ်ရာမှာ မတရား စွပ်စွဲနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ တေဇကျောင်းဆင်းများဟာ နှိမ်ချခံရလို့ တဖြေးဖြေးနဲ့ ကြိုးစားရယူပြီး တက်လာခဲ့ရာမှာ တေဇ (၁) ကျောင်းဆင်း ဗိုလ်ချုပ်နေဝင်း (စစ်ဖက်လက်ထောက်) ဟာ ဦးသန်းရွှေရဲ့ အနီးကပ် လူယုံတော် ဖြစ်လာတဲ့အထိ အရေးပါခဲ့ပါတယ်။ DSA တွေရဲ့ ဘွဲ့ရရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် အလုပ်သင် အရာရှိတွေဟာ မခံချင်စိတ်ဖြင့် စစ်တိုက်ရင်း အားနေတုန်း အချိန်အခိုက်အတန့်မှာ စာပေပိုင်းဆိုင်ရာ ကြိုးစားရသလို အထက် တပ်မှူးများ ငြိုငြင်မှု မရှိစေရေးအတွက် အများသူငှာ နားတဲ့အချိန်မှာတောင် Volunteer တိုက်ကင်း၊ လှည့်ကင်း၊ လမ်းကင်း၊ လုံခြုံရေး VIP ယာဉ်တန်း လုံခြုံရေးတွေမှာ မနားမနေ ကြိုးစားပေးရကာ စာမေးပွဲကြီးစစ်တဲ့ အချိန်ကျမှသာ ကိုယ်ပိုင်ခံစားခွင့်ကို တင်ပြီး စာမေးပွဲကို သွားရောက် ဖြေဆို ရပါတယ်။ စိတ်ရောလူပါ ပင်ပန်းရတာမို့ ဘွဲ့ရလာတဲ့ တန်ဖိုးဟာ ချွေးနဲ့သွေးနဲ့ ရင်းပြီးမှ ရယူတဲ့ အတွက် မွန်မြတ်လှပါတယ်။ ဒါကို စာပေးစာယူဘွဲ့ဟာ တန်ဖိုးမရှိဘူးလို့ သေးသိမ်သလို ပြောလာ ပြန်တာကြောင့် တေဇအရာရှိတွေရဲ့ ရင်ထဲမှာ တနုန့်နုန့် ခံစားရတာပါလို့ ပြောလာပါတယ်။ စစ်ရာထူးခန့်ချုပ်ရုံးမှ အရာရှိတစ်ဦးကို ဤဝက်ဘ်ဆိုဒ်က ဆက်သွယ်ပြီး တေဇကျောင်းဆင်းတွေ အနှိမ်ခံရတာနဲ့ ပတ်သက်လို့ တီးခေါက် မေးမြန်းကြည့်ရာမှာ သူက အလွတ်သဘော အခုလို ပြောလာပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ဗထူးမြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အဝင်မုဒ်ဦး

“တေဇကျောင်းဆင်း ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီးတွေဟာ တပ်မမှူး ဖြစ်သင့်ရဲ့သားနဲ့ ဒကစမှူး၊ ဒုတိုင်းမှူး/နကစမှူးတွေသာ ဖြစ်ကုန်ကြပြီး ချောင်ထိုးခံရပါတယ်။ ဒါ့အပြင် တပ်မမှူး မပေးလို့ မရတဲ့ တေဇကျောင်းဆင်း ဗိုလ်မှူးချုပ်သိန်းထွန်း၊ ဗိုလ်မှူးချုပ်တောက်ထွန်းတို့ ဆိုရင်လည်း တပ်မမှူးတွေ ဖြစ်ခဲ့ပြီးမှ တိုင်းမှူး မပေးတော့ဘဲ လကခ လက်အောက်ခံ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (ယခင် တိုင်းဗဟိုကျောင်း) ကျောင်းအုပ်ကြီးတွေ ဖြစ်သွားလို့ ချောင်ပို့ခံရပါတယ်။ ကျောင်းအုပ်ကြီး ဖြစ်နေတဲ့ ဗိုလ်မှူးချုပ်သိန်းထွန်း တစ်ယောက်က ရဲကို ပြောင်းရွေ့သွားခဲ့ပါတယ်။ ဗိုလ်မှူးချုပ် သိန်းထွန်းဆိုရင် Commission Year တစ်နှစ်ထဲ Level တန်းတူဖြစ်တဲ့ DSA – 24 ကျောင်းဆင်း အရာရှိတွေနဲ့ ယှဉ်လိုက်ရင် ရှေ့ဆုံးက ပြေးနေပေမဲ့ အနှိမ်ခံရတဲ့သဘော ဖြစ်သွားခဲ့ရတယ်။ ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း DSA – 23 ဟာ ရန်ကုန်တိုင်း ဒုတိုင်းမှူးက ပြောင်းလာတာဖြစ်ပြီး ယခု ဒုဝန်ကြီးအဖြစ်တောင် တွဲကိုင်နေရပါတယ်။ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က DSA – 24 ဖြစ်ပြီး ဒုဝန်ကြီး ဖြစ်နေတယ်။ ဗိုလ်ကျော်ကျော်ထွန်းတောင် ဒုတိုင်းမှူးဘဝက ရဲချုပ် ဖြစ်နေသေးတယ်ဆိုရင် ဗိုလ်မှူးချုပ်သိန်းထွန်းဟာ တပ်မမှူးဘဝက ကူးပြောင်းလာတာမို့ သူ့ကိုလည်း ရဲချုပ် ပေးသင့် တာပေါ့ဗျာ။ ဗိုလ်ကျော်ကျော်ထွန်းဟာ ရဲချုပ်တာဝန် ထမ်းဆောင်ခဲ့စဉ် ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေးအခင်း၊ လက်ပန်းတောင်းတောင် အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းတွေမှာ တရားဥပဒေ စိုးမိုးရေး တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတာ ပေါ်လွင်နေပြီး နှုတ်ထွက် သင့်ပါသေးတယ်။ နိုင်ငံတကာနဲ့ ပြည်သူလူထုက အရေးယူဖို့ တောင်းဆို နေတာတောင် ပြည်ထဲရေး ဝန်ကြီးနှင့် ရဲချုပ်တို့က မိမိတို့ရဲ့ လုပ်ရပ်ကို တာဝန်ယူတဲ့ အနေနဲ့ ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက် သင့်တယ်လေ။ ရဲချုပ် တာဝန်ကို ဗိုလ်မှူးချုပ်သိန်းထွန်းအား မပေးတာကတော့ အုပ်စုအစွဲ ကြီးစိုးလွန်းနေပြီး ဒုဝန်ကြီးတောင် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တွဲကိုင်နေတာကတော့ စစ်အာဏာရှင်ရဲ့ စရိုက် ပေါ်လွင်နေသလိုဘဲ”

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း (ဝဲ) နဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ Adul Sangsingkeo (ယာ) တို့အတူ တွေ့ရစဉ်

တဖန် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တပ်မတော် အရာရှိတစ်ဦးနဲ့ ဆက်သွယ်ပြီး အခြေအနေကို ဆက်လက်မေးမြန်းခဲ့ပါတယ်။

သူက “အမျိုးသားလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် အလုပ်သင်ဗိုလ်ကျောင်းဆင်း အရာရှိကြီးတစ်ဦး အပါအဝင် တပ်မတော်မှာရှိတဲ့ ဘွဲ့ရအရာရှိတွေ၊ အလုပ်သင် အရာရှိတွေ၊ ရိုးရိုး အခြားအဆင့် အရာရှိတွေဖြစ်တဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးအဆင့် (၃၀) ခန့်ဟာလည်း ဦးပိုင်ကို ပြောင်းရွေ့ခံရပြီးမှ အဲဒီမှာလည်း နေရာမရှိလို့ ယောင်လည်လည် ဖြစ်နေတယ်။ လက်ရှိဦးပိုင်မှာ ရာထူးဌာန သတ်သတ်မှတ်မှတ် မရှိဘဲ စိတ်လေပြီး ဘဝ နစ်မွန်း ကုန်ကြတယ်ဗျာ”

တပ်မတော်အတွင်း အရာရှိများအား ခွဲခြားဆက်ဆံ နေရာပေးပုံတွေကို အပိုင်း (၂) မှာ ဆက်လက် တင်ပြ ပေးသွားပါမယ်ခင်ဗျား။

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။