Friday, July 19, 2013

တပ်မတော်ဖခင် ဗိုလ်ချုပ်မှူးကြီး (ဗိုလ်ချုပ်) အောင်ဆန်းအား ဂုဏ်ပြုခြင်း

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။    ။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်ချုပ်မှူးကြီးဟု ခေါ်ဝေါ်လိုက်သဖြင့် စာဖတ်ပရိတ်သတ်တချို့ ပြုံးကုန်ကြလိမ့်မည်။ ထိုခေတ်ကာလက သောင်းဂဏန်း မပြည့်သော တပ်မတော်အင်အား ဖွဲ့စည်းပုံအရဖြင့်သာ ဗိုလ်ချုပ်ရာထူးဖြင့် သတ်မှတ်ထားခြင်းဖြစ်ရာ အမှန်စင်စစ် US ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူး၊ ရုရှား ဖီးမာရှယ် အဆင့်ထက် ပိုလို့ပင် ဂုဏ်ပြုသင့်ပါသည်။ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်ကြီးစန်းယု တို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ကြောက်ရိုသေ လေးစားခဲ့ကြကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်ပြီးကာစတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဇနီးမောင်နှံနှစ်ဦး နေစရာအတွက် ထိုစဉ်က သူလက်ရှိ နေထိုင်သော ယခုတာဝါလိန်းလမ်းမှ နေအိမ်ကြီးကို ဖယ်ပေးခဲ့ပါသည်။ ထို့အပြင် တပ်မတော်ဖခင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာဖြစ်ပြီး သူက မွေးစားဖခင်သာ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်နေ၀င်းမှ ဝန်ခံ ပြောဆိုခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးစန်းယုသည် ဆေးကျောင်းတက်နေရာက ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းမှ အလုပ်သင်ဗိုလ်ဘဝဖြင့် တက်လာသူဖြစ်ပါသည်။ ထို့နောက် ၁၉၇၀ ခုနှစ်မှ စတင်ပြီး အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းကို ဗိုလ်ချုပ်ကြီးစန်းယုက စတင် ဖွင့်လှစ်ခိုင်းစေကာ ၁၉၇၂ ခုနှစ်တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်တင်ဦး (ယခု ဗိုလ်ချုပ်ကြီးဟောင်းတင်ဦး NLD) က သင်တန်းဆင်းပေးခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုသောအားဖြင့် အလုပ်သင်ဗိုလ် ဗိုလ်လောင်းတပ်ခွဲအား တေဇတပ်ခွဲဟု အမည်ခေါ်တွင်စေပြီး တေဇအလံကိုလည်း နောက်ခံ အစိမ်းရောင်ဖြင့် ဒေါင်းရုပ်ထားရှိစေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တုနှိုင်းလို့မမှီ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်သောကြောင့် တပ်မတော်ဖခင် တစ်ဦးအဖြစ် ဂုဏ်ပြုသောအားဖြင့် အလုပ်သင်ဗိုလ်ကျောင်းဆင်း တပ်မတော်အရာရှိတစ်ဦးမှ သူကိုယ်တိုင် ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်ကို ပေးပို့လာပါသည်။ ထိုကဗျာကို စည်းလုံးခြင်းရဲ့အင်အားမှ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖေါ်ပြပေးလိုက်ရပါသည်။



ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ကို အမေကြီးနဲ့အတူ တွေ့ရပုံ
 

အာဇာနည်မျိုး သေရိုးမရှိ

တေဇ

အကောင်းဆုံးအရွယ်မှ

ကြွေကျခဲ့ရတယ်။

မချိလေတဲ့မျက်ရည်နဲ့

သိစေမယ့်သက်သေက

အမိမြေတစ်လက်မ

ညှစ်ကြည့်တိုင်း

သူ့သွေးလှိုင်းတွေနဲ့

မှိုင်းနေတယ်။



သူဟာ ရိုင်းချင်ရိုင်းမယ်

ကြမ်းချင်ကြမ်းမယ်

သမိုင်းပုလ္လင်မှာတော့

အလွမ်းပင်လယ်ဝေစေခဲ့တယ်။



အကြောင်းဖန်တဲ့

ဒေါင်းအလံမှာ

မကောင်းကံတွေဆူလှိုက်လို့

သူဆွတ်တဲ့အသီး သူမမြီးခဲ့ရ

အပြီးမသတ်ရသေးတဲ့ ပန်းချီကားတစ်ချပ်..



သမိုင်းဖျောက်လိုသူတွေ

ဝိုင်းကြောက်အပူပွေလို့

ရိုင်းလောက်အောင်ဖုံးကွယ်ကြပေမယ့်

သုံးဆယ်အရွယ်တိုလေးနဲ့ မမျှ

အဆုံးဘယ်ကို တွေးချဲ့မရအောင်

သူ့ရဲ့သမိုင်းက ရှည်လျားလှတယ်။



တေဇ

ကလေက၀တွေက

ချွေချပေမယ့် မြေမခခဲ့

မသေရတဲ့ ဘ၀မှာ

ထာဝရ ရှင်သန်နေတယ်။

                                                                                         မောင်သာအေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။