Saturday, July 27, 2013

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၎)

(ဇော်ဝမ်းမောင် FB စာမျက်နှာ)


ဆိုးရွားလှသော ကွန်နရှင်ကြောင့် ကျန်ရှိနေသေးသော အပိုင်းကို ပေါင်းတင် လိုက်ရပါတယ် သီးခံ၍သာဖတ်ကြပါကုန်…..
ကမ္ဘာမှာ နာမည်ကြီးအာဏာရှင်တွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေး ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား၊အင်ဒိုနီးရှားနိုင်ငံက အာဏာရှင် ဆူဟာတို မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ…အစရှိသဖြင့် မြောက်များစွာ ပေါ်ထွန်းခဲကြပါတယ်။

ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးသော နိုင်ငံခေါင်းဆောင် ၂၃ဦးအနက် မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကတော့ ကမ္ဘာမှာ တတိယ ချိတ်ခဲ့တယ်လို့ဆိုပါတယ်။ ပထမ ကတော့ မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ် ဖြစ်ပြီး ဒုတိယ လိုက်တာကတော့ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ လို့ ဆိုပါတယ်။အဆိုးရွားဆုံး အာဏာရှင် များ စာရင်းမှာ ယူဂန်ဒါ၊ရဝမ်ဒါ၊ကျူးဘား၊တရုပ်၊အီရန်၊ ဗင်နီဇွဲလား၊ဆူဒန်၊အီသီရိုးပီးယား၊ အီဂျစ် စသည့်နိုင်ငံများ ပါဝင်တယ်လို့ ဖေါ်ပြ ထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ က ၂ဝဝ၆ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိ နေတဲ့နိုင်ငံတွေ အကြောင်း လေ့လာချက်မှာ အနီရောင် သတိ ပေးချက် ပြထားတဲ့ နိုင်ငံတခုဖြစ်သလို၊ ဘာသာရေး လွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်း နောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့် တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ တစ်နည်းအားဖြင့် အာဏာရှင်သည် မည်သူ့ ကိုမျှ ဒီမိုကရေစီ အခွင့်အရေး မပေးခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ခောတ်အဆက်ဆက် ကိုပြန်ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ကိုစတင်ခဲ့တဲ့ စစ်အာဏာ ရှင် ဦးနေ၀င်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘ၀ရောက်အောင် ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး စက်ပုန်း ခုတ်သွားတယ်၊ ဆိုရှယ်လစ် စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေဝင်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေဝင်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ တွေဟာ အာဏာရှင် တွေရဲ့လုပ်ရပ်တွေကို အထင်အရှားပြနေတာပဲဖြစ်ပါတယ်။ ၁၉၇ဝ ခုနှစ်များ ကာလတွေမှာ နိုင်ငံရေး မတည်ငြိမ်မှု ကလည်း အများအပြား ဖြစ်ခဲ့ပါတယ်။ ပြည်သူ ပိုင်သိမ်းရာကနေ စီးပွားရေးတွေ ကမောက်ကမဖြစ်၊ ပြည်သူတွေ ကျပ်တည်းဆင်းရဲလာရကနေ ၁၉၇၄ ခုနှစ်မှာ ကျောင်းသား၊ အလုပ်သမားဆန္ဒပြပွဲတွေ၊ မှိုင်းရာပြည့် အရေးအခင်း၊ ဦးသန့်ဈာပန ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ရ ပါတယ်။ သွေးထွက်သံယို ဖြိုခွဲချေမှုန်းမှုတွေလည်း ရှိခဲ့ရပါတယ်။


အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာဆိုရင်လည်း နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ကာလ မျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့စွာ လျစ်လျူပြုနေနိုင်တဲ့ အုပ်ချုပ်သူ တဦး ဖြစ်သလို၊ လူ များစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေ တာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားခဲ့သူ လည်းဖြစ် ပါတယ်။ လူအများငတ်မွတ် ခေါင်းပါး ဆင်းရဲနေရစဉ်မှာ"စိန်စီတဲ့ည" လို့ လူသိများပြီး၊ ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္ဒာရွှေ မင်္ဂလာဆောင်တော့ ခမ်းနားကြီးကျယ်စွာ ကျင်းပတာကို မြင်ရတော့ လူတိုင်းက အံ့သြ ဒေါသ ဖြစ်ခဲ့ကြရပါတယ်။ စစ်အစိုးရနဲ့ နီးစပ်သူ လူကုန်ထံတွေ၊ စီးပွားရေးသမားတွေ ကလည်း မျက်နှာလို မျက်နှာရ လက်ဖွဲ့ပစ္စည်း ဇိမ်ခံကားတွေ၊ အိမ်တွေ အပါအ၀င် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက် လက်ခံရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အာဏာရှင် တွေက အဲသလိုပဲ သူတို့ကိုယ်သူတို့ ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်လေ့ရှိပါတယ်။အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကို ဆုပ်ကိုင် သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေဘဲ ရှိလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်တက် အာဏာရှင်လက်သစ်ဟာ အာဏာရှင်ဟောင်းကို ချမ်းသာပေး လေ့ မရှိ တာကြောင့်ပဲဖြစ်ပါတယ်။

မိမိအဏာတည်မြဲရေးအတွက် ဆိုရင် မလုပ်ရဲတဲ့အရာဆိုတာဘာမျှ မရှိပါဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတော့ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်စောမောင်ပါ။ ဖြိုခွဲချေမှုန်းဖို့ စစ် ဆင်ရေးကိစ္စတွေကို တာဝန်ယူရတဲ့နေရာမှာ ဗိုလ်ချုပ်သန်းရွှေက အဓိကနေရာက ပါဝင်ခဲ့နိုင်ပါတယ်။ ဒီကိစ္စတွေအတွက် မီးပွားအဖြစ် အစပျိုးခဲ့တဲ့ မတ်လ ရန်ကုန်တက္ကသိုလ်ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာမှာ တံတားဖြူအနီးမှာ စစ်တပ်က ကျောင်းသားတွေကို ဖြိုခွဲချေမှုန်းခဲ့တဲ့ လုပ်ရပ်က အတော့်ကို ရက်စက်ကြမ်းကြုတ်လှပါတယ်။စစ်အာဏာရှင်တွေဆိုတာ ပြည်သူလူထုထံက လုယူထားတဲ့ နိုင်ငံတော်အာဏာကိုလက်လွတ်သွားမှာစိုးလို့ မိမိပြည်သူနဲ့ ကမ္ဘာကို နည်းမျိုးစုံနဲ့ လိမ်ညာ လှည့်စားနေတာဖြစ်တယ်။သူတို့ဟာအာဏာ တည်မြဲဖို့ဆိုရင်လိမ်ညာရုံ မကကတိလဲဖျက်တယ်လက်နက်မဲ့ ပြည်သူကိုသာမက မြတ်ဗုဒ္ဓရဲ့ သားတော် များဖြစ်တဲ့ရဟန်းသံဃာ များကိုပါ အပြစ်ရှာ အမှုဆင်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တယ်။လူ့အခွင့်အရေးကိုစနစ်တကျချိုးဖောက်ခဲ့တာလဲဒီနေ့အထိပါဘဲ။

ဦးနေ၀င်း သေဆုံးတဲ့အခါမှာ အလောင်းကို မီးရှို့ပစ်ပြီး ရက်မဆိုင်းစေဘဲ ရေထဲကို မျှောချ ခိုင်းလိုက် တာကလည်း တရားကျစရာ ကောင်းလှပါ တော့တယ်။ ဦးနေ၀င်းရဲ့ အရိုးစွဲ တစ်ယူသန် လူကောင်း လူတော်ဝါဒဟာ ယနေ့ ဗိုလ်သန်းရွှေ လက်ထက်တိုင် ဆက်လက် ရှင်သန်ကျင့်သုံးနေပြီး တပ်မတော် ထိပ်ပိုင်း ရာထူးများတွင် စစ်ရေး စစ်ရာအရ ထူးချွန်သူများကို နေရာပေးခြင်း မခံရဘဲ ဖယ်ရှားခံခဲ့ရပါတယ်။ဗိုလ်သန်းရွှေဟာဦးနေဝင်းရဲ့ သစ္စာရှိသူတွေကိုသာ နေရာပေးတဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတိုက်အခံ ပြိုင်ဘက်ဆိုရင် အကြင်နာ ကင်းကင်းနဲ့ ချေမှုန်းဖြိုခွင်းပုံတွေ၊ အာဏာရဲ့ သဘောတွေကို သင်ခန်းစာယူပြီး၊ ကိုယ့်ရှင်သန်ရေးနဲ့ တိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့တာကို တွေ့နိုင်ပါတယ်။ အရပ်သားပြည်သူတွေကို မထင်ရင် မထင်သလို သတ်ဖြတ်နေတာ၊ လူမဆန်စွာ ရက်စက်မှုတွေ ကျူးလွန်နေတာ၊ အမျိုးသမီးတွေ အပေါ်မှာလည်း မုဒိန်းမှု အပါအ၀င် လိင်ပိုင်းဆိုင်ရာ စော် ကားကျူးလွန်နေတာ၊ မြန်မာစစ်တပ်က ကလေး စစ်သားတွေ အတင်းအကျပ်နဲ့ အကျယ်အပြန့် စုဆောင်းနေတဲ့ကိစ္စတွေ အဓမ္မလုပ်အားခိုင်းစေမှုတွေ ဖြစ်ပေါ်နေတာလည်း တနိုင်ငံလုံး အနှံ့ပါပဲ။ ဒီလို လူ့အခွင့် အရေး ချိုးဖောက်နေတာဟာ နေရာဒေသ တခု၊ ၂ ခုထဲမှာ ကွက်ပြီး ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ကျေးရွာပေါင်း ၃,၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အခုလို ကျူးလွန်တဲ့ စစ်သားတွေကိုလည်း အပြစ်ပေး အရေးယူ တာ မရှိဘဲ လွတ်လွတ်လပ်လပ်ပဲ လွှတ်ထားခဲ့ပါတယ်။ ကိုယ့်နိုင်ငံ တစ်ခုထဲသားတွေ ကိုယ့်ပြည်သူတွေ ဒါပေမယ့် သူပုန်ရွာဆိုပြီး ရှင်းပစ်လိုက်တာတွေ။ ရွာလုံးကျွတ် သတ်ပစ်တာတွေ။ လူမသိ သူမသိ ရင်ထုမနာ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ကလေးကအစ ကြီးရင်သူပုန်ဖြစ်လာမှာ ဒီတော့ ငယ်ငယ်ကလေးကတည်းက သတ်ပစ်လိုက်တယ် ဆိုတာတွေ။ ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာ လုပ်ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံ တိုင်းမှူး၊ တပ်မမှူးတွေကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး ဆိုတာ ဖြစ်လာရတာပါဘဲ။ ၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။ ရွာ တစ်ရွာတွေ့လို့ ရွာကိုပစ်ရှင်းရှင်းပြီး ကလေးကစ ခွေးအဆုံး ဗိုက်ကြီးသည်တွေပါ အကုန်သတ်ပစ်တယ်လို့ ဆိုပါတယ်။

ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့ပါတယ်။ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်ပါတယ်။သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာပြန်ပါတယ်။ဒီပဲရင်း လုပ်ကြံမှု နောက်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေနဲ့ ကြံ့ဖွတ်တွေဟာ N.L.D ဆိုင်းဘုတ်တွေ လိုက်လံဖြုတ်ချတာ အတိုက်အခံ အဖွဲ့ဝင်တွေရဲ့နေအိမ်တွေကို ညသန်းခေါင်အချိန်တိုင်း ဧည့်သည်ရှိရှိမရှိရှိ ဧည့်စာရင်းဝင်စစ်တာ အစရှိတဲ့ နှောက်ယှက်မှုတွေ ပိုမိုလုပ်ဆောင်လာတာတွေ့ရပါတယ်။ ၂၀၀၃ခုနှစ် မေ၃၀ ဒီပဲရင်းလုပ်ကြံမှု့ တိုက်ခိုက်မှုမှာ ကြံ့ဖွတ် အသင်းမှ တိုက်ရိုက်ပါတ်သက် နေရုံမျှမက ရွားသားများ ငွေကြေးထောက်ပံ့ခြင်း သင်တန်းများပေးခြင်း အခင်းဖြစ်ပွားပြီးနောက် ဆက်လက်စုံစမ်းရာ ကြိုတင်စီစဉ်ထားသည့် လုပ်ကြံမှု ဖြစ်ပြီး ပြည်သူစစ်များ စွမ်းအားရှင်တို့ကို ကိုင်ဆောင်အသုံးပြုသော လက်နက်များကို စနစ်တကျ ရွေးချယ်ခဲ့ခြင်း တိုက်ခိုက်မည့် နေရာ အချိန်ကာလ အားစနစ်တကျပြင်ဆင်ခဲ့ခြင်း လူအင်အား ငါးထောင်ခန့်အား တိုက်ခိုက်မှုကျူးလွန်ရန်အတွက် စနစ်တကျ စည်းရုံးထားခြင်း တိုက်ခိုက်ခြေမှုန်းသည့်နည်းစနစ်များ အမိန့်ပေးစနစ်များ ဒါဏ်ရာရရှိသူများနှင့် မျက်မြင်သက်သေများအား ဖမ်းဆီးထိန်းသိမ်းခြင်း တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာအား ချက်ခြင်းပြန်လည်ပြင်ဆင်၍ သက်သေအထောက်အထားများအား စနစ်တကျဖျက်ဆီးခဲ့ခြင်း တိုက်ခိုက်မှုများအား ပြန်လည်သုံးသပ်ကြည့်ပါက စနစ်တကျကြိုတင်စီစဉ်မှုမှာထင်ရှားလှပါတယ်။ထိုလူအင်အား ၅၀၀၀ ကို လေ့ကျင့်သည့် နေရာများမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ မြိုနယ် ၈ မြို့နယ်နှင့် မုံရွာခရိုင်ရှိ မြို့နယ်များမှ လူစုဆောင်ပြီး စစ်ကိုင်းမြို့ အမှတ် ၂ အထက်တန်းကျောင်း မုံရွာမြို့ အမှတ် ၂ နှင့် အမှတ် ၃ အထက်တန်းကျောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်း ဒီပဲရင်းမြို့ အထက်တန်းကျောင်း စသည့်နေရာများတွင် ဦးခေါင်းနှင့် ခါးဆစ် အထက်ပိုင်းတို့ကို ရိုက်နှက်နည်းများ သင်ကြားပေးခဲ့ ကြပါတယ်။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတုန်းက အကြမ်းဖက်ချေမှုန်းတာတွေ မြင်ရတော့ အာဏာနဲ့ ပတ်သက်လာရင် သံဃာတွေ အပါအ၀င် ဘယ်သူမှ သည်းညည်းမခံနိုင်ဘူးဆိုတာ သဘောပေါက်ခဲ့ကြ ရပါ တယ်။ဘုရားသား ရဟန်းသံဃာတော်များဟာပြည်သူ လူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည် ဂရုဏာသက်မိပြီး စစ်အာ ဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေထွက်ပြီး သပိတ်မှောက် ကံဆောင် တောင်းဆိုမှု ပြုခဲ့ကြပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ အကြမ်းမဖက် မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသား ရဟန်း သံဃာတော်များကို စစ်ဘီလူးတွေက ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်ခဲ့ပြန်ပါတယ်။

စစ်အစိုးရဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် အကျပ်အတည်းတွေ့နေရတဲ့အချိန်မှာ ပိတ်ဆို့မှုများအတွက် ပြည်သူလုထုမှ ရှုတ်ချသည့် အသွင်သဏ္ဍန် ကြံ့ဖွတ် အင်အားစု တွေနဲ့ လူစုလူဝေးပွဲတွေ ကို မြန်မာပြည်နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရ ရဲ့ တဖက်သတ် ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကိုလည်း ပြည်သူလူထုမှ ထောက်ခံသည့် အသွင်သဏ္ဍန် ပွဲများ မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း ပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ အတင်းအဓမ္မခေါ်ဆောင်မှုများ မှာ လယ်သမားများဆိုလျှင် စစ်အစိုးရအားဆန်ကျင် သည်ဟုစွပ်စွဲ၍ ထောင်ချမည်ဟု၎င်း လယ်မြေများ သိမ်းဆည်း မည်ဟု၎င်းး အလုပ်သမားများဆိုလျှင် အလုပ်ဖြုတ်မည် ကျောင်းသားများဆိုလျှင် စာမေးပွဲအောင်လက်မှတ်မရအောင် ပြုလုပ်မည် ကားသမားများဆိုလျှင်လည်း ကားမောင်းလိုင်စင် ရုပ်သိမ်းမည် အစရှီသဖြင့် ပြည်သူလူထုကိုလည်း ခြိမ်းခြောက်၍သော်၎င်း ငွေပေး၍သော်၎င်း နည်းအမျိုးမျိုးဖြင့် ကြံ့ဖွတ် အမာခံများမှနေပြီး အတုအယောင် ထောက်ခံပွဲများကို တက်ရောက်စေခဲ့ပါတယ်။၁၉၉၄ ခုနှစ်တွင် ပဲခူးတိုင်း ပြည်မြို့တွင် ကျင်းပသော လူစုလူဝေးပွဲ တစ်ခုတွင် လူထောင်ပေါင်းများစွာကို ပွဲမစခင်တရက်ကြိုတင်၍ ခြံဝင်းတစ်ခု တွင်စုရုံးစေခဲ့ပြီး အိမ်သာတက်ခွင့်ကို ပိတ်ပင်ထားသောကြာင့် အချို့မှာ အပြင်သို့ထွက်ရန် ကြိုးစားခဲ့ကြရာတွင် အစောင့်များ၏ ဝါးလုံးများ တုတ်များဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်မှု တွင် လူနှစ်ယောက်မှာ ခြေထောက်ဖြင့် နင်းခြေ သတ်ဖြတ်ခြင်းခံခဲ့ရပြီး အမျိုးသမီး နှစ်ဦးမှာ ကျောရိုးကျိုးသွားကာ လူအယောက် ၂၀ခန့် ဒါဏ်ရာရရှိခဲ့ကြပါတယ်။မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုများကို ဆန့်ကျင်နေသော အစိုးရလက်ဝေခံ ကိုအေးလွင်ဦးဆောင်သော အဖွဲ့မှာ တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀ ပေး၍ စည်းရုံးခဲ့ခြင်းဖြစ်ပါတယ်။ မကွေးမြို့တွင်ပြုလုပ်ခဲ့တဲ့ ၂၀၀၇ အောက်တိုဘာလ အတွင်း အတုအယောင် စစ်အစိုးရထောက်ခံပွဲ သို့ တက်ရောက်ရန်အတွက် ပြည်သူအချို့ကို ခေါ်ဆောင်သွားသော ကားတစ်စီးမှာလည်း လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တိမ်းမှောက်ခဲ့ရာ အချို့မှာဒါဏ်ရာ ပြင်းထန်စွာရပြီး အခြားပြည်သူများမှာ မိုးရေထဲတွင် ဆင်းဆင်းရဲရဲ နေကြရပါတယ်။၎င်းသတင်းကို မပေါက်ကြားစေရန် သတိပေးတား မြစ်ခဲ့ကြ ပါတယ်။ မွန်ပြည်နယ် မော်လမြိုင် ကျိုက်ထို နှင့် သထုံမြို့များတွင် လူစုဝေးပွဲများသို့ ခေါ်ဆောင်သွားရာတွင်လည်း ကားပေါ်မှပြုတ်ကျခြင်း အမောဆို့ခြင်း များကြောင့် လူ ၃ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်း ကြောင့်ပင်ဖြစ်ပါတယ်။လယ်သမားတွေ အားလုံးဟာ ဒီလယ်ယာမြေတွေကို သူတို့ကိုယ်တိုင် သူတို့သွေးတွေ၊ သူတို့ချွေးတွေနဲ့ မြေလွတ်မြေရိုင်းတွေကနေပြီးတော့ လယ်ချောဖြစ်အောင် ဖော်ဆောင်ခဲ့ ကြပြီး ဒီလယ်ယာမြေတွေ ချောတော့မှ သိမ်းဆည်းခဲ့ကြပြီး သိမ်းဆည်းရာမှာလည်း၊ လိုအပ်တာထက်ပိုပြီး သိမ်းဆည်းတာ လည်းရှိပါတယ်။တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စစ်တပ် တခုတည်းတင် သိမ်းထား သည့် မြေဧက ၂၄၇၀၇၇ဧက ရှိပါတယ်။ ဒါတင်မက မြို့တော်ကို ပျဉ်းမနားကို ရွှေ့ နေပြည်တော်လို့ အမည် ပြောင်းခဲ့ချိန်ကစလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက်လည်း တိုင်းပြည်ဘဏ္ဍာကို စိတ်ထင်တိုင်း သုံးစွဲနေခဲ့ပါတယ်။ နန်းမြို့သစ်တည် မင်းတရားကြီးလို့ ထင်မှတ်နေပုံရပါတယ်။

တိုင်းပြည်ကို သူ့အမွေပိုင်လို့ ထင်မြင်နေပုံပါပဲ။ ဗိုလ်ချုပ် သန်းရွှေနဲ့ မိသားစု မေမြို့ (အခု ပြင်ဦးလွင်) ကို သွားလည်ရင်း ကုန်တိုက်တခုကို ရောက်တော့ ကြိုက်ရာပစ္စည်းတွေ လက်ညှိုးထိုးယူခဲ့ကြပါတယ်။ ငွေတကျပ်မပြားမှ မပေးခဲ့ပါဘူး။ သူတို့ပြန်တော့ မေမြို့ မှာရှိတဲ့ စစ်တက္ကသိုလ်က အဲဒီပစ္စည်းတွေ တန်ဖိုး ပြန်ပေးဖို့ လူထုတွေကို အတင်းအကျပ် အလှူထည့်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ဗိုလ်ချုပ်ကြီးရဲ့ အချစ်ဆုံးမြေး ဖိုးလပြည့် နာမည်အရင်းက နေရွှေသွေးအောင်လို့ ခေါ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အ၀ယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က သတင်းတခုအရ မန္တလေး ၂၂-လမ်းက သမာဓိရွှေဆိုင်မှာ ဗိုလ်ချုပ်သန်းရွှေ သမီးတွေက သန်းကျပ် ၁၀၀ ဖိုးလောက် ရွှေတွေ တချိန်တည်း ၀ယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ထဲက လူတဦး အတွက် ကျန်းမာရေးစရိတ်ကို ဒေါ်လာဆင့် ၄၀ လောက်ပဲ သုံးစွဲနေတဲ့အချိန်ပါ။ နောက်တခါ တရုတ်နိုင်ငံက တရုတ်- အာဆီယံစီးပွားရေး ဇုံဥယျာဉ်ထဲမှာ မြန်မာနိုင်ငံ အတွက်ရတဲ့ မြေကွက်ကို ဒုတိယသမီး မခင်ပြုံးရွှေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ တရုတ်ကုမ္ပဏီ၂-ခုကို ပြန်ရောင်းချပေးခဲ့တယ်။ သူ့သားသမီးတွေအပါအ၀င် နီးစပ်တဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြစားမှု၊ အကျင့်ပျက် လာဘ်စားမှုတွေကို ဗိုလ်ချုပ်သန်းရွှေက မျက်ကွယ်ပြုထားခဲ့ပါ တယ်။

၁၉၉၈ ခုနှစ်မှာ မြန်မာနိုင်ငံတောင်ပိုင်း ဇာဒက်ကြီး ရေတပ်စခန်းအနီးမှာ အဲဒီအနီးက ကျွန်း တကျွန်းအပေါ်မှာ အပြစ်မဲ့အရပ်သား ပြည်သူ ၈၁ ယောက်ကို စစ်ဆင်ရေးကာလတခုအတွင်းမှာ သတ်ဖြတ် ပစ်ခဲ့တာပါ။ အဲဒီကာလ စစ်ဆင်ရေးကို ဦးဆောင်တဲ့ သူကတော့ အခုအချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးတာဝန်ယူနေတဲ့၊ လျှပ်စစ်စွမ်းအား ၀န်ကြီးလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ပါတယ်။ မြိတ်ကျွန်းစုအတွင်းမှာ ရှိတဲ့ ခရစ္စတီးလို့ အမည်ရတဲ့ ကျွန်းအပေါ်မှာ စစ်အစိုးရဥပဒေတွေကို ဆန့်ကျင်ပြီး သစ်ခုတ်၊ ၀ါးခုတ်နေသူတွေကို စစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ ရွာသားတွေကို ဖမ်းမိတဲ့စစ်တပ်တွေက ဘယ်လို ဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာ အမိန့်တောင်းခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က "မိန်းမတွေ၊ ကလေးတွေအဆုံး ဘယ်သူမှ အသက်ရှင်ရက် မမြင်ချင်ဘူး" ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ရှိခဲ့ပါတယ်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကလည်း နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် အမြင်မှာ တ.ဆ.ည ပါတီ သာအနိုင်ရမည်ဟူသောအထင်ဖြင့် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျှားပြန်မယ်ဟု နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ကအာချောင်ခဲ့ပါတယ်။ ဒါပေမဲ့စီစဉ်ထားသလို ဖြစ်မလာပဲ N.L.D ပါတီက အပြတ်အသတ် အနိုင်ရသွားသောအခါ သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်မပေးရေးနှင့် N.L.D ပါတီကို အာဏာလွှဲမပေးရးတို့အတွက်အပြင်း အထန် ကန့်ကွက်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါဆိုသလို အရှင်းခံခဲ့ရတာလည်း နောက်တက် အာဏာရှင်လက်သစ်ဟာ အာဏာရှင်ဟောင်းကို ချမ်းသာပေးလေ့မရှိသလို မိမိနေရာ လုမဲ့သူကိုလဲ အပြတ်ရှင်းလေ့ရှိပါတယ်ဆို တာကို သက်သေပြုလို့နေပါတယ်။ အာဏာရှင်ဆိုတာ မည်သူ့ကိုမျှချမ်းသာပေးလေ့ မရှိပါဘူး မိမိအာဏာတည်မြဲရေးအတွက်သာ ဖြုတ် ထုတ် သတ် ရေးကိုသာ ကြိုးပမ်းလေ့ရှိကြပါတယ်။

အာဏာရှင်ပီပီ “အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းဘူးလား” ၊ တိုင်းရင်းသား နယ်မြေတွေမှာ ရွာတွေရွှေ့ခိုင်းတာ မရွှေ့တော့ “တစ်ယောက်မှ မမြင်ချင်ဘူး၊ ပြောမရရင်အကုန်ရှင်း၊ အစိတ်သား တောင်မချန်နဲ့”၊ စစ်တပ်ကို အင်အားချဲ့တော့ လူသစ်စုမရတဲ့ ပြဿနာပေါ်လာတာကို စစ်ရေးချုပ်က သတင်းပို့ရာ “၁၃၊ ၁၄ နှစ် ကလေးတွေခေါ်ပြီး သုံး လေး ငါးနှစ်လောက် ကလေးတွေကို လေ့ကျင့်ပေးလိုက်ရင် လူကြီးဖြစ်သွားတာပေါ့”၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေမှာဆိုရင် “အမေရိကန်နဲ့ ယိုးဒယားတွေ သေတာဘဲကွာ သေပေ့စေလို့” ပြောတာတွေ၊ အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ပြောဖို့ အစီအစဉ်တင်လာခဲ့ရင် “မြန်မာနိုင်ငံ အာဆီယံကနေ ထွက်မယ်လို့ ပြောခိုင်းတာတွေ”၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှာ ပြဿနာတက်လာတဲ့အခါ “ILO ကထွက်ပေါ့ကွာ” လို့ ပြောခဲ့တာတွေ၊ ဒီပဲရင်းကိစ္စမှာလဲ “ငါခိုင်းတာ၊ ပြဿနာဖြစ်ရင် မင်းတို့ကြည့်ရှင်းလိုက်”၊ ရေကြီး၊ မီးလောင်စသည့် သဘာဝဘေးဒဏ်တွေနဲ့ ပတ်သက်လာရင်လဲ “မင်းတို့ ငါ့ကို အနိဌာရုံတွေ လာမပြောနဲ့ မကြားချင်ဘူး”၊ သံဃာအရေးအခင်း ဖြစ်တဲ့အခါမှာလဲ “ဘုန်းကြီးအတုတွေ” လို့ ပြောခိုင်းခဲ့တာတွေ၊ အမေရိကန်နဲ့ ပတ်သက်လို့လဲ “စစ်ပြင်လာရင် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ကောင်တွေ အကုန်ဖမ်း” အစရှိတဲ့ မစဉ်းစား မဆင်ခြင်ဘဲ ပြောခဲ့တာတွေကို ကြည့်ချင်းအားဖြင့် အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း နိုင်ငံရေး လုပ်ကြံမှုကြီးကို မှတ်မိကြဦးမှာပါ အဲဒီနောက်ပိုင်းမှာ စီးပွားရေး ဆန်ရှင်တွေ ဖြစ်ခဲ့တယ် နိုင်ငံတကာလိုက်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင် (အကျဉ်းထောင်တွင်း ကွယ်လွန်)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်း တို့ကနေပြီး ASEAN နိုင်ငံများနှင့် အာရှနိုင်ငံများသို့ လှည့်လည်ပြီး Photo Diplomacy အသုံးပြုကာ ထိုနိုင်ငံများက ကျေနပ်သည် အထိ လိမ်လည်ရှင်းပြခဲ့ကြတယ်။ပြည်တွင်းတွင်လည်း ပြည်သူများ ကျေနပ်စေရန် Road Map (၇) ချက်ကို ချပြပြီး မြန်မာနိုင်ငံ၏ ထွက်ပေါက် နိုင်ငံရေးလမ်းကြောင်းကို လိမ်လည် ချပြခဲ့ကြတယ်။ပြည်တွင်း - ပြည်ပက ကျေနပ်မှုရှိစေရန် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ အဓိက ဖြေရှင်းမှုဟာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍပင်ဖြစ်ပါတယ်။ ထိုစဉ်က ဖြေရှင်းမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဆိုသော အချက်ပင် ဖြစ်ပါတယ်။အဲဒီ အချက်ကို ပြည်ပနိုင်ငံများက ထောက်ခံခဲ့ကြသကဲ့သို့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အင်အားစုများကလည်း ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။ပြည်သူတရပ်လုံးက ဝမ်းသာအားရ ကြည်နူးခဲ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် အဓိက ဖြေရှင်းခဲ့ရသည့် အချက်များမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသားညီလာခံပါ အချက်အလက်အချို့ကို ပြန်လည်ဆွေးနွေးရေးကိစ္စ ဆိုသည့် NLD ၏ အဓိက အချက်များပါဝင်သကဲ့သို့ ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် ဖြစ်ပြီးခဲ့သမျှကို သင်ပုန်းချေရေး၊ တပ်မတော် အား မြန်မာနိုင်ငံရေးတွင် အချိန်ကာလတစ်ခုထိ ပါဝင်ခွင့်ပေးရေး တပ်မတော်၏ မြန်မာနိုင်ငံရေးတွင် အချိန် အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးရေးကိစ္စကိုမူ အမျိုးသားညီလာခံတွင် ဆက်လက်ဆွေးနွေးရန် စသည်ဖြင့်လည်း NLD က ပြန်လည်ဆွေးနွေးခဲ့ကြတယ်။သို့သော်လည်း အမျိုးသားညီလာခံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကိုခေါ်ယူပြီး ယခင် လမ်းညွန်ချက်များ အပေါ် ပြန်လည်ပြင်ဆင်ရန် ပြောကြားခဲ့ကြပါတယ်။ပြင်ဆင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို လွှတ်မပေးနိုင်သေးကြောင်း၊ NLD က ဦးစွာ အမျိုးသားညီလာခံ ပြန်တက်ပေးရန်နှင့် အမျိုးသားညီလာခံတွင် NLD ၏ ဆွေးနွေးချက်အပေါ် မူတည်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တဆင့် ပြောကြားထားသည့် NLD ၏ တောင်းဆိုမှု များကို ပြန်လည် စဉ်စားပေးမည်ဟုသော ပြင်ဆင်ချက်ပင်ဖြစ်ပါတယ်။ပြင်ဆင်ညွှန်ကြားချက်ကို ဗိုလ်မှူးကြီး တင်လှိုင်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့မှ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်ပြောကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်မှ “ရှင်တို့ စစ်သားတွေ ယောင်္ကျားတွေဖြစ်နေပြီး ဂတိသစ္စာ မတည်တဲ့သူတွေ” ဟု မှတ်ချက်ပြုမှုကို ခံခဲ့ရ ပါတယ်။အခုလည်း ရွှေမန်းတို့ မျက်နှာချိုသွေးနေတာ အကောင်းမမှတ်ပါနှင့် သူတို့စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို အရွှေ့အပြောင်းလုပ်နှိုင်ဘို့ ခုတုံးလုပ် နေတာ ဘဲဖြစ်ပါတယ်။

ပြောပြန်ရင်လဲလွန်ရာကျပါမယ်။ယနေ့လွှတ်တော်မှာ တင်ပြနေတဲ့ အကြောင်းအရာတွေဟာ ပြည်သူလူထု အကျိုးစီးပွားအတွက် မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်နေသော အဆိုများကိုသာ ထောက်ခံနေကြပါတယ်။ ပြည်သူလူထု အကျိုး စီးပွား အတွက် တင်ပြချက်များကို အင်အားများရာနိုင်ကြေးဆိုသလိုစစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေက ကန်ကွက် နေကြပြီး အခုလွှတ်တော်မှာ သူတို့မပြီးဆုံးနိုင်သေးတဲ့ အချိန်တွေအတွက်သန်းရွှေနှင့် အငြိမ်းစားဗိုလ်ချုပ် တွေရဲ့အလုပ်သမားတွေ ထောက်ပံ့ဖို့ပြည်သူ့လွှတ်တော်ကြီးကကျပ်သန်3း50 ကျော်ဘတ်ဂျတ်ခွင့်ပြုမိန့်ချပေးလိုက်ပြီး ခံစားစေလိုက်ပါတယ်။ တိုင်းပြည်ကို ချောက်ထဲ မကျအောင်စွမ်းဆောင်ပေးခဲ့လို့ပါ(သူတို့အပြော)။ ပြည်သူတွေရဲ့ လက်တွေ့ခံစားမှုကတော့ တိုင်းပြည်ကိုချောက်ထဲကျ အောင် အားထုတ်လုပ်ဆောင်ခဲ့မှုအတွက် ဆက်ကြေးကခုထိပေးနေရတုန်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း သတင်းသမားများနှင့် နေပြည်တော် ဇမ္ဗူသီရိခန်းမတွင် တွေ့ဆုံစဉ်မှာ “ကျမနဲ့ ယှဉ်ပြိုင်ဖို့ လွှတ်တော် ဥက္ကဌကြီးက ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမယ်လို့ ယုံကြည်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်.ပြောတောာ့သူရ ဦးရွှေမန်း က “အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမယ်” ဆိုပြီး ။ -သတင်းသမားတွေရှေ့မှာတော့ ပြောသွားပြန်ပါပြီ။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ ရဲ့လုပ်ပိုင်ခွင့် အပြည့်အဝရရှိမှာ မဟုတ်ပါဘူး ။ မြန်မာနိုင်ငံသမိုင်းကြောင်းအစဉ်အဆက် နှစ်ပေါင်း ၅၀ လုံးလုံး စစ်အစိုးရဟာ ဘယ်သောအခါမျှ ပြည်သူလူထုအပေါ် မကောင်းခဲ့ပါ။ စစ်တပ် လူထွက်အစိုးရကို မယုံကြည်ကြပါဘူး။အခုလဲမယုံပါ။ နောင်လည်း ယုံကြည်လိမ့်မည်မဟုတ်ပါ။
ဘာ့ကြောင့်လဲဆိုတော့ ဦးနေဝင်းကို ပညာပေးခဲ့တဲ့ ဦးသန်းရွှေဟာ သူ့အလှည့်မှာလဲ ဒီလို ပုံတူမဖြစ်ရအောင် အစွမ်းကုန် ပြင်ဆင်ကာကွယ်ထားခဲ့တာပါ။ ဒါ့ကြောင့် သူစိတ်အချရဆုံးလူရဲ့လက်ထဲကို အရေးအကြီးဆုံးအာဏာအပ်နှင်းသွားပြီး အဲ့ဒီတစ်ယောက်ကိုတောင် ရာနှုန်းပြည့်စိတ်မချလို့ ကာလုံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် သူ့ကို ပြန်ပြီး ဒုက္ခပေးလို့မရအောင်ပေါ့။
(၁)ဦးသိန်းစိန်တစ်ဦးတည်းလက်ထဲသို့ အာဏာကို များစွာ မအပ်နှင်းထားခြင်း
(၂)အာဏာအဝန်းအဝိုင်းထဲမှာ အာဏာသည် Centralized ဖြစ်လွန်းမနေခြင်း
(၃)ဦးသိန်းစိန် အနေနှင့် စစ်တပ်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်း
(၄)စစ်ဘက်မှာ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စကားကိုသာ နားထောင်မည့်ပုံ ရှိနေခြင်း
(၅)ယခုဖြစ်ပေါ်နေသော ပြသနာအရပ်ရပ်တွေကို သွေးမြေမကျပဲ ငြိမ်းချမ်းစွာ ဖြေရှင်းနှိုင်မှူမရှိခြင်း
တို့ကိုကြည့်ခြင်းအားဖြင့် စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေဟာ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိတတ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အာဏာရှင်ဟာ နိဂုံးမချုပ်သွားသေးဘူး ဆိုတာကို ပြောခြင်တာပါပဲ။

ယခုမြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် -

(၁) တိုင်းရင်းသားများနှင့်လူမျိုးရေးပြသနာ

(၂) စစ်ဗိုလ်ချုပ် မိသားစုများရဲ့ရာသက်ပန်အကျိုးစီးပွားအတွက် ဦးသူပိုင်စတမ်းဆိုပြီး တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ခဲ့ တဲ့အရှုပ်အထွေးများ
(၃)စစ်တပ် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ပြီး တောင်သူလယ်သမားများဆီမှ လယ်ယာမြေများ သိမ်းဆည်းမှု
(၄)ဘာသာရေး လူမျိုးရေးပြဿနာ
အစရှိသဖြင့် နေရာအနှံ့ ပြဿနာတွေ ပွနေသည်သာမက နောင်လာလတ္တံ့သော ပြဿနာများကလည်း မနည်းပေါ်လာဦးမည် ပင်ဖြစ်ပါတယ်။

နောက်တချက်က တရားဥပဒေ စိုးမိုးမှုမရှိခြင်း ပါဘဲ လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်ကုန်ကြရပါပြီ။ စစ်အစိုးရရဲ့ သတင်းမီဒီယာတွေနဲ့ သံအမတ်တွေကသူတို့အပေါ် နိုင်ငံတကာအမြင်ကို ပြောင်းလဲနိုင်အောင်ဆိုပြီး စစ်အစိုးရက သဘောထား ပြောင်းလဲ တော့ မယောင် သတင်းမှား တွေပေးပြီး အနောက်တိုင်းက ပညာရှင်တွေကို အမြဲတန်းလှည့်ဖျား အသုံးချခဲ့ကြပါတယ်။ ပြည်သူလူထုကိုလည်း ခြိမ်းခြောက် ထောက်ခံပွဲများပြုလုပ်ပြီး မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပြီးပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။

သူခိုးဆိုတာ လူသိ မှာကို ကြောက်ပါတယ်။ သူခိုးကို ကာကွယ်မယ့် လက်ကိုင် ပုဆိန်ရိုးတွေ ဖြစ်မလာဖို့ နောက်မျိုးဆက်များ အမြင်ကြည်အောင် အမြော်အမြင်ကြီးကြီးဖြင့် အာဏာရှင်တွေရဲ့ စရိုက်ကို သုံးသပ် နိုင်ကြပါစေ။
ဇော်ဝမ်းမောင်…..

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။