Friday, July 19, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။     ။ သို့သော် အာဏာရှင်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလာချိန် မှာတော့ ပြည်သူလူထုက ထောက်လှမ်းရေးနှင့် တပ်မတော်၊ ရဲတို့ကို ရွံကြောက်လာပြီး အပြီးအပိုင် ဖျက်သိမ်းဖို့ တောင်းဆိုလာကြပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတွေဟာ မျက်ကန်းတစ္ဆေ၊ ကြက်မျက်သင့်သလို ဖြစ်လာကာ စမ်းတ၀ါးဝါး ဖြစ်ကုန်ကြပြီး နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်ကြီး ပေါက်ပြဲကာ  နောက်ဆုံး နိုင်ငံတော် ပြိုကွဲသည် အထိ ဖြစ်လာကြပါတယ်။ ဒါကြောင့် ညင်သာပြီး လိမ္မာပါးနပ်စွာ ချက်သမ္မတနိုင်ငံမှ ပြန်လည် စုဖွဲ့ပုံတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


 

ချက်ကိုစလိုဗေးကီးယားကို နှစ်နိုင်ငံ ခွဲလိုက်ခြင်း 

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး ဥရောပ အလယ်ပိုင်းမှာ ကွန်မြူနစ် ဝါဒ ကျဆုံးအပြီးမှာ ဝမ်းသာ နေကြတာနဲ့ ကမ္ဘာကြီး လုံခြုံစိတ်ချရပြီ ဆိုတဲ့ အတွေးမှားက ကြီးစိုးနေတော့တယ်။ အဲဒီအချိန်က ဒီစိတ်ဓာတ်ဟာ ချက်နိုင်ငံ တစ်ဝှမ်းမှာ အားကောင်းနေတယ်။ နိုင်ငံက ငယ်ငယ်လေး၊ အားနည်းတယ် ဆိုတဲ့ ခံစားချက်ကို ဖေါ်ပြနေတယ်။ စစ်အေးကာလပြီးဆုံးကတည်းက အက်တလန်တစ် သမုဒ္ဒရာဇုံရှိ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းဟာ (ဝန်ထမ်းအင်အား လျှော့ချခံရ၊ ဘတ်ဂျက် ဖြတ်တောက် ခံရပြီး) ကိုယ့်ကိုကိုယ် ဘာမှန်းမသိတဲ့ အရေးနဲ့ ကြုံနေကြရတယ်။ ဒီအခြေအနေက ဒီမိုကရေစီ နိုင်ငံသစ်တွေရှိ ပေါ်ထွန်းစ ထောက်လှမ်းရေး အဖွဲ့တွေကို သြဇာ သက်ရောက်တာ ဓမ္မတာပါပဲ။ ရန်သူက ဘယ်သူလဲ၊ သူ့ခြိမ်းခြောက်မှုက ဘာလဲဆိုတာကို သတ်မှတ်ရတာကိုက ချက်တွေကို မဆိုထားနဲ့၊ အမေရိကန်တွေ အတွက်တောင် ပြဿနာတော့ ဖြစ်နေတာပါပဲ။

တော်လှန်ရေးပြီးတော့ ပထမနှစ်နှစ်အတွင်းမှာ ချက်ကိုစလိုဗက်ကီးယားရှိ အဓိက နိုင်ငံရေး ပြဿနာတွေကတော့ ဖက်ဒရယ် သမ္မတနိုင်ငံ အစီအစဉ်ကို ဖြေရှင်းမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြပ်အတည်းဆီ ဦးတည်နေတဲ့ စလိုဗေးကီးယားရဲ့ ခွဲထွက်မယ်လို့ ဖိအားပေးမှုနဲ့ စီးပွားရေး အသွင်ပြောင်းမှု ပုံစံကို ရွေးချယ်မှု စတဲ့ ပြဿနာတွေ ဖြစ်တယ်။ ၁၉၉၂ ခုနှစ် နွေရာသီ ရွေးကောက်ရလဒ်က ပြဿနာ နှစ်ရပ်ကို ကြိုတင် အဖြေထုတ်ပေးလိုက်တယ်။ ဒါတွေက စီးပွားရေး အသွင် ပြောင်းဖို့ရာ မှန်ကန်တဲ့ လမ်းကို ရွေးပေးတာရယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို နှစ်နိုင်ငံအဖြစ် ခွဲထုတ်လိုက်တာတို့ ဖြစ်တယ်။ လုံခြုံရေး ကိစ္စ အတွက် အာရုံမစိုက်နိုင်တော့ဘူး။ အုပ်စိုးသူ လူသစ်တွေဟာ ထောက်လှမ်းရေး လုပ်ငန်းအကြောင်း နားမလည်ကြဘူး။ ထောက်လှမ်းရေးတွေကို ဘယ်လို သုံးရမယ်၊ ဘယ်လို ခိုင်းရမယ်၊ ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာကို မသိကြဘူး။ ဒီလိုနဲ့ ထောက်လှမ်းရေးတွေကို သတိမမူမိတော့ဘူး။ ဒီစိတ်မဝင်စားမှု၊ နားမလည်မှုနဲ့ အဲဒီအချိန်က လှုပ်လှုပ်ရှားရှား အခြေအနေတွေက လူထုအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အဆိုးမြင်စေဖို့ ဖန်တီးနေတယ်။ ဒီတော့ သူတို့တွေဟာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ဖို့ အတော်ကြီး အခက်အခဲ တွေ့စေတယ်။ ဒီအခါမှာ ချက်ထောက်လှမ်းရေးဌာနဟာ ပြည်တွင်း အုပ်ချုပ်ရေးပိုင်းကထက် နိုင်ငံခြား လုပ်ဖေါ်ကိုင်ဖက်တွေဆီက အသိအမှတ်ပြုတာကို ပိုခံရပြန်တယ်။ သူတို့ကလည်း သူတို့ အကျိုးစီးပွား အတွက် စုပေါင်း ကာကွယ်ရေးကို ရယူဖို့ အားထုတ်တာပါ။ တစ်နည်း ပြောရရင် သူတို့က တကယ့်အလုပ်ကို အာရုံစိုက်မဲ့ အစား သူတို့ရဲ့ ကိစ္စတွေကို ပူပင်ဖို့ အချိန် သိပ်ရကြတာပါ။

စိတ်မချမ်းမြေ့စရာ ပြင်ပနဲ့ သဘောကွဲလွဲမှုနဲ့ အတွင်း အငြင်းပွားမှုတွေက ထောက်လှမ်းရေးဌာန နောက်ကနေ ထပ်ကြပ်လိုက်နေတယ်။ ၁၉၉၁ ခုနှစ် နွေရာသီမှာ ပြည်ထောင်စု သတင်း လုံခြုံရေး ဌာန FBIS ကို ဖွဲ့စည်းတယ်။ ဒီဌာနဟာ နောက်ဆုံးမှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အချုပ်အချယ် ကင်းတဲ့ ဌာန ဖြစ်လာပါတယ်။ ဦးစီးနေရာမှာ ညွှန်ကြားရေးမှူး တစ်ယောက်ပြီး တစ်ယောက် တာဝန်ယူကြတယ်။ အရင်ဒေသတွေရဲ့ မြို့ကြီးတွေမှာ ရုံးတွေ ရှိတာကြောင့် ဌာနဟာ သီးခြား ရပ်တည်တဲ့ အဖွဲ့အစည်းလို လည်ပတ်နေတယ်။ အနည်းနဲ့ အများ ပူးပေါင်း ဆောင်ရွက်ကြတယ်။ တစ်ခါတစ်လေတော့ လက်တန်း ကနေကြတာပဲလို့ ထင်မြင် စရာပါ။ အဖွဲ့တစ်ခုလုံးကို မထိန်းချုပ် နိုင်တာကတော့ ဒီဌာနရဲ့ အကြီးဆုံး အားနည်းချက်ပါ။ ချက်သမ္မတ နိုင်ငံကို တည်ထောင်ပြီးနောက် အရပ်ဘက် တန်ပြန် ထောက်လှမ်းရေး ဌာနကို ချက်သမ္မတ နိုင်ငံ သတင်း လုံခြုံရေးဌာန BISCR လို့ နာမည် ပြောင်းလိုက်တယ်။ ၁၉၉၄ ခုနှစ်ကစပြီး သတင်း လုံခြုံရေး ဌာန BIS လို့ပဲ ခေါ်ကြတော့တယ်။ စိတ်ဝင်စားစရာ ကောင်းတာက စလိုဗက်ရုံးက ဝန်ထမ်းတွေဟာ ချက်က ဝန်ထမ်းတွေထက် အများကြီး ပိုခိုင်မာတဲ့ ပါတီနဲ့ နိုင်ငံရေး ပေါင်းစည်းမှု ရှိကြတာပဲ။
 

ကိုယ့်အတတ်နဲ့ ကိုယ်စူး 

၁၉၉၃ နဲ့ ၁၉၉၄ ခုနှစ်အတွင်းမှာ ချက်သမ္မတနိုင်ငံမှာ အရေးကြီးတဲ့ ခြေလှမ်းတွေကို လူ့အဖွဲ့အစည်းလိုက် ပြုပြင်ပြောင်းလဲရေး အတိုင်းအတာနဲ့ လှမ်းနေကြတယ်။ ပိုင်ဆိုင်မှု ပုံစံသစ်ကို စတင်တယ်။ နိုင်ငံရေး ပါတီတွေကို ထောင်တယ်။ ဥရောပမှာ အမြန်ဆုံး တတ်သိလာသူများ အဖြစ် သဘောထားခံရလို့ ချက်လူထုဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရလာကြတယ်။ ဒီအချိန်အထိ ကျင့်သုံးလာတဲ့ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲရေး မူဝါဒအပေါ် အမြင်သစ်တွေ စာနယ်ဇင်းတွေ ထဲမှာ ပါလာတယ်။ ဒီအမြင်သစ်ဟာ ဆိုဗီယက် အာဏာရှင် စနစ် ကျဆုံးတာကို အခြေခံပြီး ဖြစ်တယ်ဆိုတာ ထွက်ပေါ်လာတာ ရှင်းနေပါတယ်။ လက်ယာ စိတ်ဓာတ် လှိုင်း ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး ထပ်ဆောင်းထားတယ်။   တော်လှန်ရေးပြီးနောက် လူထုကလည်း ရွှင်လန်းဝမ်းမြောက်တဲ့အရှိန်၊ အတိတ်ကို သင်ပုန်းချေဖို့ ငြင်းခုံ ဆွေးနွေးတဲ့အရှိန် လျော့ကျလာတယ်။ နိုဝင်ဘာ တော်လှန်ရေး မတိုင်ခင် StB ဟာ ထောက်လှမ်းရေး အဖွဲ့သစ် တွေလိုပဲ မကောင်းဆိုးဝါး လက်သည် တစ်ကောင်အဖြစ် တစ်ကြိမ် လက်ညိုးထိုးခံရပြန်တယ်။ အရင် StB အရာရှိတွေ ပါနေသေးမှတော ဘယ်လိုလို့ ကောင်းတော့မှာလဲတဲ့။


အဆက်မပြတ် ပြောင်းလဲနည်းကို လက်ခံ ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တာကို တစ်ကြိမ်ပြန် စီစစ် ခံရပြန်တယ်။ ခဏခဏ ဆွေးနွေးခဲ့ကြတဲ့ သုညဖြေရှင်းနည်း ကို ရွေးခဲ့ရင် မကောင်းလား။ သုညဖြေရှင်းနည်းဆိုတာ အရင် အရာရှိတွေကို တစ်ယောက်မကျန်ကို ထုတ်ပစ်ပြီး လူသစ်တွေနဲ့ချည်း အဖွဲ့သစ် ဖွဲ့တဲ့နည်းပါ။ သုညဖြေရှင်းနည်းကို ဆန့်ကျင်သူတွေရဲ့ အကြောင်းပြချက်တွေထဲမှာ ထောက်လှမ်းရေး တစ်ယောက် ကျွမ်းကျင်ပြည့်ဝလာဖို့ဆိုတာ ခုနှစ်နှစ်ကနေ ဆယ်နှစ်ထိ ကြာတတ်တယ်။ ဒီအတောအတွင်း ထောက်လှမ်းရေး အဖွဲ့သစ်ဟာ အားနည်းပြီး တိုင်းပြည်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးချက်တွေ ပါဝင်တယ်။ ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက်ပါ။ ရွေးချယ်ထားတဲ့ နည်းလမ်းကို ကာကွယ်ဖို့ ဆိုတာ သတ္တိအများကြီး လိုပါတယ်။ အဖွဲ့ အကြီးအကဲတွေဟာ အပေးအယူလုပ်ရင်းနဲ့ မူလ သဘောထားနဲ့ ကွဲလွဲတာတောင် ရှိပါတယ်။ ဒါပေမဲ့ နည်းလမ်း တစ်ခုကို ချမှတ် ပြီးပြီဆိုတာနဲ့ နှိုင်းနှိုင်းချိန်ချိန် မချမှတ်ထားဘူး ဆိုရင်တောင်မှ နောက်ထပ် ဖြစ်ထွန်းမှုတွေ ပေါ်လာပြီး နောက်ကြောင်း ပြန်သွား အသစ်ပြန်စဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီအကြောင်းကြောင့် ထောက်လှမ်းရေး အဖွဲ့တွေဟာ အဆက်မပြတ် ပြုပြင် ဖွဲ့စည်းရေးကို ဇွတ်တိုးလုပ် ရတော့တာပဲ။ တစ်ခါတစ်လေ မြန်မြန်ပြန် ဖွဲ့စည်းမိတယ်။ တစ်ခါတစ်ခါ လုပ်ငန်း လည်ပတ်ရတဲ့ အကြောင်းတွေကြောင့် ဖြေးဖြေး ဖွဲ့စည်းမိတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။