Wednesday, July 10, 2013

မြန်မာ့အနာဂတ်နဲ့ ဆက်ခံမယ့် သမ္မတ

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်း

ဒီလို ခံစားချက်တွေ၊ နားကျည်းချက်တွေနဲ့ ပြည့်နေတဲ့ ဦးရွှေမန်းတစ်ယောက် သမ္မတ ဖြစ်ချင်ဇောနဲ့ လာမဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ နိုင်ငံရေးအရ အမှတ်ယူဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုတဲ့ ကျောရိုးကို အမှီပြုပြီး လူထုထဲကို ထိုးဖောက်ဖို့ ကြိုးစားလာပါတယ်။ ပဲခူးတိုင်းကိုဆင်းပြီး လူထုအား ထိတွေ့ခဲ့သလို ကချင်ပြည်နယ်ကိုလည်း ငြိမ်းချမ်းရေးအတွက် ဖေါ်ဆောင်ပေးမယ်လိုလို စည်းရုံး လှုပ်ရှားလာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆရာဝန်များ အသင်းသို့ ဦးရွှေမန်းရောက်လာပြီး လော်ဘီလုပ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့် အနေအထားနဲ့ ဦးသိန်းစိန်ရဲ့ စွမ်းဆောင်ချက်များကို နိုင်ငံတကာက အသိအမှတ် ပြုလာတဲ့အပြင် ပြည်သူလူထုရဲ့ ထောက်ခံမှု တက်လာလို့ ပုံရိပ်ကောင်းလာတာမို့ ဦးရွှေမန်းအနေနဲ့ ယှဉ်လို့မမှီနိုင်ပါ။ ဒါကြောင့် ဦးရွှေမန်းဟာ ဦးသိန်းစိန်ရဲ့ ဟာကွက်တွေကို ထောက်ပြလိုက်ရင် ကယ်တင်ရှင်ကြီးသဖွယ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေဟန် တူတယ်လို့ တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးက အခုလို ဆိုပါတယ်။

“ကိုရွှေမန်းက ဖြတ်လမ်းလိုက်တာဘဲ၊ တကယ်တော့ လွှတ်တော်ဥက္ကဋ္ဌ ကဏ္ဍမှာ ပြည်သူတွေ လိုလားတဲ့ ဥပဒေပြုပြင်ရေး တချို့ကို ပြင်ပေးလိုက်နိုင်ရင် ပုံရိပ်ကောင်း တက်လာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လုံးနေတာဘဲဗျ။ ဒါကို မသိချင်ယောင်ဆောင်နေတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်အတွက် ကြံ့ဖွံ့ပါတီကို ဥပဒေပြင်ခိုင်းဖို့ မလုပ်ရဲဘူး။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအပေါ် လုပ်ပိုင်ခွင့် တာဝန်ပေးအပ်မှု ကိစ္စတွေမှာ သမ္မတနဲ့ ထိပ်တိုက်တွေ့ပြီး ဗိုလ်ချုပ် (အငြိမ်းစား) ကိုသိန်းစိုး နှုတ်ထွက်ရသည်အထိ ဖြစ်သွားဖူးတယ်။ ဒါ့အပြင် ဗိုလ်ချုပ် (အငြိမ်းစား) ကိုလွန်းမောင်ကလည်း လူဖြောင့် လူမှန်ကြီးဖြစ်ပြီးတော့ ကိုရွှေမန်းကို ယုံကြည်လို့ သတ္တုတွင်း ဝန်ကြီးဌာန အတွင်းရေးကိစ္စ ပြောမိတာနဲ့ ကိုရွှေမန်းရဲ့ နှုတ်ကျွံမှုကြောင့် ကိုလွန်းမောင်လည်း နှုတ်ထွက်ရတာဘဲလေ။ အပြောကရွှေမန်း ဆိုသလို အမေရိကန် ရောက်တုန်းကလည်း စကားကျွံသွားလို့ ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း လူကြီးတွေက ပြန်ပြီး ဖာရထေးရ အလုပ်ရှုပ်ကုန်တယ်”

ဒါ့အပြင် ဇွန်လ ၂၇ ရက်နေ့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရရှိမဲ့ကုမ္ပဏီတွေ ရွေးချယ်ခါနီးကျမှ လွှတ်တော်က ရုတ်တရက် တားဆီးတဲ့အပေါ်မှာလည်း ဦးရွှေမန်းရဲ့ ပရောဂ မကင်းဘူးလို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးက ပြောရာမှာ “ဦးရွှေမန်းရဲ့သားက နံမည်ကြီး Red Link အင်တာနက် ကုမ္ပဏီ ထောင်ထားတာ သူနဲ့ချိတ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီက မရနိုင်မှန်း ခန့်မှန်းသိလို့ ရုပ်ပျက်ဆင်းပျက် ထောင့်ဖြုတ်တာဘဲလို့ ဆိုပါတယ်။ တင်ဒါခေါ်တဲ့ ဇန်နဝါရီလမှာ လွှတ်တော် အစည်းအဝေးလည်း ကျင်းပနေရာ အဲဒီအစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေ တင်ပြခွင့်  အခြေအနေကောင်း ပေးရက်သားနဲ့ ဦးရွှေမန်း ဘာကြောင့် အဲဒီအချိန်ကတည်းက  မလုပ်ခဲ့တာလဲ ဆိုတာ စဉ်းစားလို့ မရဘူးဗျ။ အပြန်အလှန် ထိန်းညှိတယ် ဆိုတာ ဒီမိုကရေစီ အနှစ်သာရလို့ ဆိုပေမဲ့ ဒီနေရာမှာတော့  နိုင်ငံတကာ ယုံကြည်မှု လျော့ပါးလာအောင်၊ ရင်းနှီးမြှပ်နှံမှု တွန့်ဆုတ်သွားအောင်၊ အဆိုးဆုံးက ပြည်သူတွေ မြန်မြန် အကျိုးခံစားခွင့် မရအောင် တားဆီးလိုက်သလို ဖြစ်တာကြောင့် လွှတ်တော် ပုံရိပ်ကို အရောင်ဆိုးသွားစေပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ အစိုးရရဲ့ Process လုပ်ငန်းစဉ်တွေ မပြီးပြတ်ချိန်မှာ လွှတ်တော်က တုံ့ဆိုင်းသွားအောင် ကြားဖြတ်လုပ်တဲ့ ထုံးစံ မတွေ့မိဘူးဗျ”

ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က ဦးရွှေမန်းအာဏာနီ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး D.S.A မှ အရာရှိတစ်ဦးအား သူ့ရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။


Red Link အရောင်းစင်တာ

“သူ့အဖေဦးရွှေမန်း  ထိပ်ပိုင်းကို ရောက်ရှိဖို့  ကိုတိုးနိုင်မန်းဟာ အင်အားစုစည်း တည်ဆောက်ပြီးတော့ D.S.A တက်ကတည်းက သူ့တစ်ပတ်စဉ် အရာရှိတွေအပြင် အခြား အရာရှိတွေကိုပါမကျန် စည်းရုံးတာဗျ။ အရာရှိတိုင်းကို စီးကရက် တစ်တောင့်လိုမျိုး၊ ဘီယာတစ်ဖာလိုမျိုး ပေးကမ်း စွန့်ကြဲတာ ရက်ရက်ရောရောဘဲဗျ။ သူက တခြား ဗိုလ်လောင်းတွေလို မနေဘဲ သီးသန့်အခန်းမှာ ရှယ်နေတာ။ ကျောင်းအုပ်ကြီးကအစ သူ့ကို ဖူးဖူးမှုတ်နေတာ။ ဒါတောင် အဲဒီတုန်းက သူ့အဖေဟာ နတခတိုင်းမှူးဘဲ ရှိသေးတယ်။ အခုတိုးနိုင်မန်းဟာ တပ်ကထွက်ပြီး သူ့အဖေကို ပံ့ပိုးကူညီဖို့ လွှတ်တော်ထဲ လိုက်သွားတယ်လေ။ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ စမ်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ပါတယ်။ လွှတ်တော်အတွင်း နောက်ကွယ်မှာ လှုပ်ရှားပြီး သူ့အဖေကို ပံ့ပိုးတာပေါ့ဗျာ။ အဖွားကြီး ဒေါ်ခင်လေးသက်ရဲ့ အစီအမံပေါ့။ လွှတ်တော်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုးနိုင်မန်းဟာ သူ့ရဲ့ အမူအကျင့်အတိုင်း အဖေ့အတွက် လိမ္မာပါးနပ်စွာ ချဉ်းကပ်စည်းရုံးတယ်လို့ သတင်း ကြားရတယ်ဗျ”

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ထိပ်ပိုင်း (၂) ဦး ဖြစ်တဲ့ (ဦးသိန်းစိန်နဲ့ ဦးရွှေမန်း) တို့ကို တပ်မှာဆုံခဲ့တဲ့ အနေအထား၊ ရပ်တည်မှု အခြေအနေတွေကို စစ်ရုံး ကက (ကြည်း) မှ အရာရှိတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

(အလယ် မှ ယာဆုံး) ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ်၊ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

“သမ္မတကြီး ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး အလွှဲအပြောင်းမှာ ဆုံခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးရွှေမန်းနဲ့ကျတော့ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန် အလွှဲအပြောင်းမှာ ဆုံခဲ့တယ်ဗျ။ လက်ရှိ ဗိုလ်ချုပ်မှူးကြီးကတော့ နှစ်ဦးစလုံးကို ရိုသေလေးစားပြီး ဘယ်ဘက်မှ လိုက်မဲ့ပုံ မပေါ်ဘူး။ အတွင်းကြိတ် စီမံထားတဲ့ နိုင်ငံရေး လမ်းကြောင်းအတိုင်း အသာမှေးလိုက်သွားမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်က လူထုအုံကြွမှုနဲ့ ဆိုရင်တော့ သမ္မတ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါဟာလည်း ဒို့တာဝန် အရေး ၃ ပါး ထိတယ်ဆိုပြီး စစ်တပ်က အခြေခံ ဥပဒေအရ ပြန်အာဏာသိမ်းမှာဘဲ” လို့ ပြောသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။