Wednesday, July 31, 2013

နိုင်ငံဆိုသည်၏ ဗဟို အချက်အခြာဖြစ်မှု

(စည်းလုံးခြင်းရဲ့အင်အား)

ဘာသာပြန်ဆောင်းပါးရှင် - ကိုကျော်ထင်

အာဖရိကတွင် ကြီးမားသော လုံခြုံရေးနှင့် တည်ငြိမ်မှုကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်သွားအောင် လုပ်ရမလဲ ဆိုသည်နှင့် ပတ်သက်၍ လေ့လာဆန်းစစ် စဉ်းစားမှု ပြုလုပ်သည့်အခါ နိုင်ငံတော်ဟူသည် သော့ချက်ကျသော ယူနစ်အဖြစ် ဆက်လက် မတည်ရှိတော့ဟူ၍ အထူးသဖြင့် ပညာရှင်များ အကြားတွင် ပို၍ လူကြိုက်များစွာ ပြောဆိုလာကြပေသည်။ သို့သော်လည်း ထိုအဆိုကို ပြောဆိုခဲ့သူများ အနေဖြင့် ထိုအခန်းကဏ္ဍအတွက် တခြားဖြစ်နိုင်စရာ တစ်ခုကိုလည်း အမည်မပေးရသေးပေ။ ကျနော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ချက် တစ်ခုကတော့ နိုင်ငံတော်ဆိုသည်မှာ ခေတ်ကုန်သွားသော အတွေးအမြင် တစ်ခုတော့ မဟုတ်သေးပေ။


ထို့အပြင် လုံခြုံရေးပြဿနာကို လေ့လာသူများ အနေဖြင့် အာဖရိကတွင် ဖွဲ့စည်းပါဝင်နေသော နိုင်ငံများအတွင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ သဘာဝနှင့် အရပ်ဘက် ဆက်ဆံရေး အခြေအနေများကို ပို၍ တိကျစွာ နှစ်ဆစူးစိုက်၍ အာရုံစိုက် ရှုမြင်ကြည့်ရမည် ဖြစ်ပေသည်။ အာဖရိကတောင်ပိုင်းမှ နိုင်ငံအနည်းငယ်တို့တွင် စစ်ဘက်တို့အပေါ်၌ အရပ်ဘက်နှင့် ပါလီမန် အာဏာပိုင်များ၏ ဦးဆောင်လွှမ်းမိုးမှုအား လက်ခံသော ရင့်ကျက်သည့် လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် ဌာနေတိုင်းရင်းသားများ၏ ပညာရှင်ပီသသော စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှုများ ရှိနေပြီ ဖြစ်သည်။ အရပ်ဘက်တို့၏ အချုပ်အခြာ အထွတ်အထိပ်ဖြစ်မှု၊ ကိုယ်စားပြုအစိုးရနှင့်အတူ ဒွန်တွဲ တည်ရှိနိုင်သော ရင့်ကျက်သည့် စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှုအား ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အာဖရိကန်များနှင့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများမှ သူတို့၏ မိတ်ဆွေများ နှစ်ဦးစလုံးတို့၏ စိတ်ထားများအား အာရုံစူးစိုက်မှုပြုသည့် လုပ်ငန်းတာဝန် တစ်ရပ်လည်း ဖြစ်ပေသည်။ ယင်းသည် နှစ်ဦး ပူးပေါင်းဆောင်ရွက်သည့် လက်တွေ့ကျသော မဟာဗျူဟာများကို ဦးဆောင် ဖြစ်ပေါ် စေပေသည်။

အမှန်တကယ်ပင် ကြံ့ခိုင်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် အရပ်ဘက်အုပ်ချုပ်မှုအား တလေးတစား အသိအမှတ်ပြုသော ပညာရှင်ပီသသည့် စစ်ဘက်ယဉ်ကျေးမှုတို့သည် ယင်းတို့ချည်း သက်သက်အားဖြင့်တော့ အာဖရိကတောင်ပိုင်းဒေသ တ၀ှမ်းမှ အမျိုးသားရေး ဆိုင်ရာနှင့် ဒေသဆိုင်ရာ တည်ငြိမ်မှုကို လုံခြုံ သေချာစေလိမ့်မည်တော့ မဟုတ်ပေ။ သို့သော် ယင်းတို့သည် အနာဂါတ်ကာလအတွက် အရေးကြီးသော အခြေခံအုတ်မြစ်များကိုတော့ ကိုယ်စားပြုနေပေသည်။ ယင်းအတွက်ကြောင့်လည်းပဲ တောင်အာဖရိကဒေသ (southern Africa) မှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ သဘာဝတို့ကို သေသေချာချာ လေ့လာစစ်ဆေးမှုများ ပြုလုပ်ရန် ထိုက်တန်ပေသည်။


အာဖရိကတွင် နိုင်ငံတော်နှင့် စစ်ဘက်တို့အကြား ဆက်ဆံရေးသည် ဖွံ့ဖြိုးပြီးကမ္ဘာတွင် အတွေ့ရ အများဆုံးဖြစ်သည့် နည်းလမ်းများနှင့် ကွဲပြားကာ ဖြစ်ထွန်း တိုးတက်လာခဲ့ပေသည်။ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်ကာလက ထွက်ခွာသွားခဲ့သော ကိုလိုနီပြုနိုင်ငံများမှ သူတို့၏ ကိုယ်ပိုင်စစ်ဘက်ဆိုင်ရာ ထူထောင်ဖွဲ့စည်းမှု ပုံစံများ၏ ပုံစံတူများကို ချန်ထားပစ်ခဲ့ပေသည်။ (တောင်အာဖရိကနိုင်ငံ (South Africa) သည် ၄င်းတို့၏ ဘိုးဘွားမိဘပိုင် လွတ်လပ်သော ဒေသကြီး ၄ ခု ဖြစ်သည့် ထရမ်စကီ (Transkei)၊ ဘိုဖူသာစ်ဝါနာ (Bophuthatswana)၊ ဗဲန်ဒါး (Venda) နှင့် စစ်ကီ (Ciskei) တို့တွင် အထက်ပါပုံစံတူများ အတိုင်း အတော်များများ နောက်ပိုင်းတွင် ပြုလုပ်ခဲ့ပေသည်)။ လွတ်လပ်ရေးရလာသည့် ကာလများအတွင်း အာဖရိက၏ အချုပ်အခြာ အာဏာပိုင် နိုင်ငံအသစ်များအား အမြဲတန်းတပ်ဖွဲ့များက ထောက်ပံ့ ပံ့ပိုးမှုများသည် နိုင်ငံတော်တစ်ရပ်၏ အရေးကြီးအခန်းအနားဝင် ချပ်ဝတ်တန်ဆာလိုမျိုး ဖြစ်နေပေသည်။ ၄င်းတို့၏တပ်ဖွဲ့များနှင့် ၄င်းတို့၏ စစ်ဘက်အရာရှိများ အနေဖြင့် မိမိခြံပေါက် ပညာရှင်ပီသမှု လက္ခဏာများ (home-grown professional self-image) လျော့နည်းနေသေးဆဲ ဖြစ်သော်လည်း ၄င်းတို့၏ လက်ထဲတွင် အရပ်ဘက် အာဏာပိုင်မှုကို ဖယ်ရှားရန် လေးလေးနက်နက် စဉ်းစားမလား၊ ဒါမှမဟုတ် သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွား သို့မဟုတ် အမျိုးသားရေးအတွက် ကောင်းကျိုးထမ်းဆောင် ယောင်ဆောင်ထားသည့် ပုံဖျက် ထားသော ပုံရိပ်များအသွင် တာဝန်ထမ်းဆောင်ရမလား ဆိုသည်ကို ပြုလုပ်ရန် အချိန်ကောင်းစွာ ရနေပေသည်။

အာဖရိကနှင့်မတူဘဲ အနောက်ဘက်ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်မှာတော့ စစ်ဘက် ဖွဲ့စည်းထူထောင်မှုများသည် အမျိုးသားနိုင်ငံများ စတင် ပုံပေါက်လာပြီးသည့်နောက် ထိုအမျိုးသား နိုင်ငံများကို ပုံဖေါ်ယူရာတွင် ဗဟိုအရေးကြီးသည့် အခန်းကဏ္ဍတွင် တည်ရှိ နေပေသည်။ အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေး စတင်သည်နှင့် တပြိုင်နက် စစ်ဘက် တာဝန် ထမ်းဆောင်မှုများကို ရီပါဘလီကင် (Republican) နိုင်ငံသားများ၏ အရေးကြီးသော အစိတ်အပိုင်း အဖြစ် ရှုမြင်ကြပေသည်။ Republican အဓိပ္ပာယ်မှာ ပြည်သူများနှင့် သူတို့၏ အရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ်များက နိုင်ငံ၏အချုပ်အခြာ အာဏာကို ပိုင်စိုးသော အစိုးရပုံစံ ဖြစ်သည်။ အနောက်ဘက်က အမျိုးသားနိုင်ငံများ (nation-states) တွင် အကျယ်အပြန့် ဖြစ်နေသော (အားလုံးတော့မဟုတ်) အမျိုးသားစစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများတွင် စစ်မှုမထမ်း မနေရ စနစ် (compulsory national military service) အပေါ် အမှီပြုနေခြင်းသည် နိုင်ငံသားဖြစ်မှု၏ ကြိုတင်လွှမ်းမိုးနေသော တွေးဆချက်များ (predominant conception of citizenship) ကို ပုံဖေါ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ပေသည်။ ယေဘူယျအားဖြင့် ဆိုရလျှင် လူသိများ ထင်ရှားခဲ့သော လူမှုရေးဘ၀ ဖြစ်ထွန်း တိုးတက်မှုများ ဖြစ်သည့် စက်မှုဖြစ်ပေါ်တိုးတက်ခြင်း၊ မြို့ပြများ ဖြစ်ပေါ်တိုးတက်ခြင်းနှင့် ခေတ်မီရေးဖြစ်စဉ် ဖြစ်ပေါ်တိုးတက်ခြင်း စသည်တို့ ကဲ့သို့ပင် ဖြစ်ခဲ့ပေသည်။


ခေတ်မီသော စစ်ဘက်ထူထောင်မှုများနှင့် ခေတ်မီသော ပါလီမန်စနစ် ထူထောင်မှုများသည် စက်မှု ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သော အနောက်ဘက်နိုင်ငံများတွင် တချိန်တည်း တပြိုင်တည်းတွင် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ပေသည်။ စစ်ဘက်တာဝန်ထမ်းဆောင်မှု (သို့မဟုတ် အနည်းဆုံးအားဖြင့် အကယ်၍ လိုအပ်ပါက ထိုကဲ့သို့သော တာဝန်ထမ်းဆောင်မှုအတွက် အရည်အသွေးပြည့်မီမှု) သည် နိုင်ငံသား ဖြစ်မှု၏ အရည်အချင်းကောင်း (hallmark) ဖြစ်လာခဲ့ပြီး နိုင်ငံသားဖြစ်မှုသည် ဒီမိုကရေစီနိုင်ငံ၏ အရည်အချင်း ကောင်းဖြစ်လာခဲ့ပေသည်။ ထို့အပြင် အရပ်သား အရန်တပ်ဖွဲ့ဝင်များဖြင့် ကျောထောက် နောက်ခံ ပြုထားသော နိုင်ငံသားတပ်မတော် (citizen army) သည် နိုင်ငံခြား ရန်သူများကို ဆန့်ကျင် ကာကွယ်ရန်ထားသည့် ဒိုင်းနှင့် အမျိုးသားရေးဆန္ဒများကို ဖြည့်တင်း ပေးသည့် ကိရိယာ တန်ဆာပလာမျှသာ မဟုတ်ဘဲ အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှု (Profession) ကိုလည်း ထိန်းသိမ်းသော အဖွဲ့အစည်း တစ်ခုလည်း ဖြစ်နေပေသည်။ ဤဖြစ်စဉ်၏ အရေးကြီးသော အပိုင်းသည် အနည်းဆုံးဥရောပတွင် ၁၉ ရာစု၌ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ၏ ၄င်းတို့၏ သစ္စာရှိမှုကို ပဒေသရာဇ်များထံမှ အသစ်ဖြစ်သော နိုင်ငံရေးအစိုးရများထံသို့ လွှဲပြောင်းပေးခဲ့မှု ဖြစ်ပေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။