Wednesday, June 5, 2013

ဦးသိန်းစိန်၏ ရေဒီယိုစကား မုသား – မယုံလေနဲ့သတိထား (Tu Maung Nyo)

(မိုးမခ) တူမောင်ညို  (၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်)

သမ္မတ (ဗိုလ်)ဦးသိန်းစိန်ကို ဆူပါမီဒီယာကြီး(CNN) က (Icon of Reform) လို့ သမုတ်ပါတယ်။
 ကျနော်တို့ ပြည်သူပြည်သားများကလည်း အားကျမခံ သမ္မတကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ (Icon of Lie) လို့ အနွတ္တသညာပြု လိုက်ရပါတယ်။ 

“နိုင်ငံရေးအကျဉ်းသားမရှိ” လို့ ဗြောင်လိမ်ရာကနေ၊ “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြား” တာပါလို့  ပတ်ပြီးလိမ်ညာလာပြန် ပါတယ်။ “နိုင်ငံရေးအကျဉ်းသား” အဖြစ် အသိအမှတ်ပြုဖို့အရေး (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရမှာ ခက်ခဲလှပါဘိတော့တယ်။


အမေရိကန် သမ္မတအိုဘားမားဖိအား တယ်လည်းကြီးမားလှပါကလား။
- မသေချာမရေရာမှုတွေက များပြား
  စိန်ခေါ်မှုတွေကလည်း ကြီးမား
  အဟန့်အတားတွေက ပြည့်နှက် ဗရုတ်ဗရက်၊ ရှုပ်ရှက်။
- အကြမ်းဖက်လူသတ် မီးရှိုမှုတွေကလည်း နေရာအနှံ့အပြား၊ ဖြစ်ပွား
   ဦးသိန်းစိန် ပြောသမျှတွေကလည်း ရှုပ်ထွေး၊ ဝေဝါး
   မုသား၊ မုသား ၊ မုသား။
လို့ဆိုပြီး “ဟစ်ဟုပ်” ဆိုရရင်ကောင်းမယ်ထင်ပါတယ်။

  “ဘယ်နိုင်ငံမှာမှ မကြုံဖူးခဲ့တဲ့ အသွင်ကူးပြောင်းရေးလမ်းကြောင်းတစ်ရပ်ကို လျှောက်လှမ်း ချီတက်နေရတာဖြစ်ပါတယ်” တဲ့။

 သမ္မတ(ဗိုလ်) ဦးသိန်းစိန်ရဲ့ ရေဒီယိုစကား မုသားလို့ ပြောရမယ်။ ဒါမှမဟုတ် “ဦးသိန်းစိန် – လိမ်နေသည်” “ဦးသိန်းစိန် – ညာနေသည်”၊  “ဦးသိန်းစိန်၏ရေဒီယိုစကားမုသား – မယုံလေနဲ့သတိထား”လို့ ပြောရမယ်ထင်ပါတယ်။ 

“အမှန်တကယ် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင် ထဲ တွင်ရှိနေစေလိုခြင်းမရှိပါဘူး” တဲ့။ ဘယ်လောက်ကြိုဆို/ ထောက်ခံချင်စရာ ကောင်းလိုက်တဲ့အချက်ပါလဲ။ လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးဆောင်ရွက်နေကြတဲ့ ကိုဟန်ဝင်းအောင် အပါအဝင် လူငယ် ၁၅ ဦးကို  ဖမ်းဝရမ်းထုတ်ထားတယ်၊ ဖမ်းမိရင်အကျဉ်းထောင် ထဲ ထည့်မယ်ပေါ့။ 

“ဦးသိန်းစိန်ကို ယုံချင်ပါတယ်”။ ဒါပေမယ့်လေများများလျှော့ပြီး လက်တွေ့အလုပ်ကလေးတွေနဲ့ သက်သေပြစေချင်ပါတယ်။ 

“ယခင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့နိုင်ငံရေးပြစ်မှုမကွဲပြားတဲ့ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်နေရတဲ့ အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်တယ်” တဲ့။ 

ယခင်ခေတ်အဆက်ဆက် ဆိုတော့ (ဖဆပလ) (မဆလ) ခေတ်တွေကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာရှိနေသေးလို့လား။

 (နဝတ-နအဖ)စစ်အစိုးရခေတ်မှာ အရေအတွက်အများဆုံးဖမ်းတယ်။ အကြီးမားဆုံးပြစ်ဒဏ်၊ ထောင်ဒဏ်တွေချခဲ့တာပါ။ ဘယ်ခေတ်၊ ဘယ်အစိုးရ (ဖဆပလ) (မဆလ) လက်ထက်မှာမှ မကြုံဖူး/မကြားဖူးတဲ့ထောင်ဒဏ်ကြီးတွေဖြစ်ပါတယ်။ 

 “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု”  မကွဲပြားတာ ဘယ်သူတွေပါလိမ့်။ 

 တရားသူကြီးတွေနဲ့ရှေ့နေတွေလား၊အရပ်ဘက်တရားရုံးကတရားသူကြီးတွေလား၊ စစ်ခုံရုံးက စစ်ဗိုလ်တရားသူကြီးတွေလား။ 

ဒါမှမဟုတ် (နဝတ-နအဖ) စစ်အစိုးရနဲ့ထောက်လှမ်းရေးက စစ်ဗိုလ်တွေလား။

“ နိုင်ငံရေးလှုပ်ရှားမှု”မှန်သမျှကို ရာဇဝတ်ပြစ်မှုကြီးများအဖြစ် အညှိုးတကြီးသဘောထားပြီး ဖိနှိပ်ဖမ်းဆီးခဲ့ တာတွေကတော့  (နဝတ-နအဖ) စစ်အစိုးရခေတ်မှာ အများဆုံးဖြစ်ပါတယ်။  ဦးသိန်းစိန်ဟာ(နအဖ) အတွင်းရေးမှူး (၁) ၊ ဝန်ကြီးချုပ်လုပ်ခဲ့သူပဲ။ ဦးသိန်းစိန် ကိုယ်တိုင်ရော “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု” ဆိုတာ သေသေချာချာ၊ ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်းရှိပါပြီလား။ ရှုပ်ထွေးဝေဝါးနေ တုန်းပဲလား။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ကရော “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု” ရှင်းရှင်းလင်းလင်းရှိပြီလား။ 

“ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ အသုံးချပြီး အရေးယူခြင်းပြုလုပ်ရန် အစီအစဉ်မရှိ” တဲ့။ ဒီလိုပြောတာကို (ကာလုံ) နဲ့ ပြည်ထဲရေးဝန်ကြီးက သဘောတူပါရဲ့လား။ 

ဒါဖြင့်ရင် ဘာကြောင့် ပြစ်မှုအားလုံးကနေ တရားသေမလွှတ်နိုင်ရတာလဲ။ ချွင်းချက်မရှိ လွှတ်မပေးနိုင်ရတာ ဘာကြောင့်လဲ။ (ကာလုံ) ကသဘောမတူလို့လား။ “ပုဒ်မ ၄၀၁” နဲ့ချည်တုတ်ပြီး လွှတ်ရမယ်လို့ (ကာလုံ) က ဆုံးဖြတ်လို့လား။

အခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) နဲ့  “လွတ်ငြိမ်းချမ်းသာခွင့်” မပေးနိုင်တာ (ကာလုံ) က ထောက်ခံချက်မပေးလို့လား။ 

မိထ္ထီလာမြို့ကအနေအစပြုပြီး လားရှိုးမြို့ထိဖြစ်ပွားလာနေတဲ့ အကြမ်းဖက်သတ်ဖြတ်မီးရှို့မှုတွေရဲ့ အဓိကလက်သည်တရားခံ တွေကို ဖမ်းဆီးနှိမ်နင်းအပြစ်ပေးနိုင်ခြင်း မရှိသေးတာကလည်း “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု”  မကွဲပြားလို့လား။ 

“ဦးသိန်းစိန် – လိမ်နေသည်” ၊ “ဦးသိန်းစိန် – ညာနေ သည်”၊  “ဦးသိန်းစိန်၏ ရေဒီယိုစကား မုသား – မယုံလေနဲ့သတိထား”

ညွန်း
- မြန်မာ့အလင်းသတင်းစာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၄- ၆- ၂၀၁၃)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။