Friday, June 21, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။

ရွေးထုတ်စီစစ်ရေး ကော်မတီ

အစိုးရ အပြောင်းအလဲ ဖြစ်ပြီး နှစ်လ အကြာမှာ ပြည်ထဲရေး ဝန်ကြီးဌာန ဌာနစိတ် (၂) (နိုင်ငံတော် လုံခြုံရေး ဌာန StB) ကို ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ဖျက်သိမ်းလိုက်တယ်။ အဲဒီကာလက စလို့ ဌာနစိတ် (၂) အဖွဲ့ဝင်တွေဟာ ပြည်သူ့ကော်မတီနဲ့ ရွေးချယ် စီစစ်ရေး ကော်မတီလို့ ခေါ်တဲ့ ကော်မတီတွေရဲ့ စီစစ်ခံ ပုဂ္ဂိုလ်တွေ ချက်ချင်း ဖြစ်လာကြတယ်။ ပြည်သူ့ ကော်မတီများကို ပြည်သူ့ဟစ်တိုင်နဲ့ တခြား ပါတီများရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေက တော်လှန်ရေး အဖွဲ့အစည်း စစ်စစ် ဖြစ်တယ်။ ပြည်သူ့ ကော်မတီရဲ့ လမ်းစဉ်ကို လက်တွေ့ အကောင်အထည်ဖေါ်တဲ့ အဖွဲ့ဖြစ်တဲ့ ရွေးထုတ် စီစစ်ရေး ကော်မတီမှာ ထောက်လှမ်းရေး တဖြစ်လဲတို့က တက်ကြွတဲ့အခန်းက ပါဝင်ကြတယ်။



ထောက်လှမ်းရေး တဖြစ်လဲတို့ရဲ့ ပါဝင်မှုဟာ ချက်ကိုစလိုဗက်ကီးယားရဲ့ ထူးခြားတဲ့ လက္ခဏာ ဖြစ်တယ်။ ကျွန်တော် သိသလောက် ကွန်မြူနစ်ကနေ ပြောင်းလဲသွားတဲ့ တခြားနိုင်ငံတွေမှာ အလားတူ မရှိပါဘူး။ ဒီလို ပါဝင်ဖို့ သမိုင်းကြောင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေက စေ့ဆော် ပေးတယ်။ အထူးသဖြင့် ၁၉၆၈ ခုနှစ်က ဆိုဗီယက်ရဲ့ ကျူးကျော်မှုက စေ့ဆော်ပေးတယ်။ အဲဒီ ကျူးကျော်မှုက ဆိုဗီယက် အင်ပါယာအတွင်း အင်မတန် သတ္တိပြောင်တဲ့ ဒီမိုကရေစီ ရရှိရေး အားထုတ်မှုတွေကို ရပ်တန့်သွားစေတယ်။ အဲဒီနောက်ပိုင်း ပုံမှန် အခြေအနေကို ပြန်အသက်သွင်းတဲ့ (စတာလင်စနစ် ပြန်ရှင်သန်စေတဲ့) ကာလလို့ အများသိကြတဲ့ ခေတ် အတွင်း၊ အထူးသဖြင့် ၁၉၆၈ နဲ့ ၁၉၇၂ နှစ်များအတွင်း လက်နက်ကိုင် တပ်ဖွဲ့၊ ရဲနဲ့ StB အဖွဲ့ဝင် အများအပြားဟာ အလုပ်ဖြုတ် ခံရတယ်။ (သူတို့ထဲက တချို့ဟာ အလုပ်ဖြုတ်ခံရပြီးတော့ ဖမ်းဆီး အကျဉ်းချ ခံကြရတယ်) ဒီနှိပ်ကွပ်မှုက လွတ်လပ်ခေတ်မှီပြီး ဒီမိုကရေစီ အတွေးအခေါ်ရှိတဲ့ တပ်ဖွဲ့ဝင်တွေကို သိပ် ထိခိုက်စေတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်မှာ နိုင်ငံ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြုပြင်ဖို့ စီစဉ်နေတဲ့ လူများကို စိတ်ထိခိုက်စေတယ်။ ဒီအလုပ်ဖြုတ်ခံထားရတဲ့ ထောက်လှမ်းရေးဟောင်း တွေကို ၂၁ နှစ်ကြာပြီး နောက်မှာ ပြန်လည် ထူထောင်ပေးတယ်။ သူတို့ထဲက တချို့ (ကျွန်တော်ရဲ့ ခန့်မှန်းချက် အရ နိုင်ငံလုံခြုံရေးနဲ့ နယ်ဘက်မှာ လူတစ်ရာလောက်) ကို မူလတာဝန်တွေမှာ ပြန်လည် ထမ်းဆောင်ခွင့်ပြုတယ်။

ဒီလိုနဲ့ ၁၉၆၈ ခုနှစ် နောက်ပိုင်းမှာ ချက်ကိုစလိုဗက်ကီးယား ကွန်မြူနစ် အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့တွေမှာ ဝန်ထမ်းခါးဆက် ပြတ်သွားခဲ့တယ်။ ပုံမှန်အခြေအနေကို ပြန်အသက်သွင်းတဲ့ ကာလ အတွင်း သဘောတရား ပို့ချချက်တွေက ဟန်ဂေရီနဲ့ ပိုလန် ထောက်လှမ်းရေး အဖွဲ့အတွင်းမှာ ရှိတဲ့ အမျိုးသား ကွန်မြူနစ် ဝါဒ ပုံစံကို ချက်ထောက်လှမ်းရေးအဖွဲ့ထဲ ပြောင်းလဲဖန်တီးဖို့ လုံးဝ မဖြစ်နိုင်ဘူး။ (အရေးပေါ် အခြေအနေ ဖျက်မြင်းနဲ့ စည်းလုံးညီညွှတ်ရေးအဖွဲ့ကို ဖိနှိပ်မှုကြောင့် ကြေကွဲစရာတို့နဲ့) ဟန်ဂေရီနဲ့ ပိုလန်တို့မှာ ရှိတဲ့ လူမှုရေး ဖြစ်ထွန်းမှုက တိုးတက်တဲ့ ပြုပြင်ပြောင်းလဲရေး၊ ထင်ရှားတဲ့ ယဉ်ကျေးမှု လွတ်လပ်ရေးနဲ့ နိုင်ငံရေး တစိတ်တပိုင်း လွတ်လပ်ရေးတို့ကို လိုလားနေကြတယ်။ အစိုးရပြောင်းပြီးနောက် အဲဒီတုန်းက ဒီနိုင်ငံတွေမှာ ရှိတဲ့ ပြည်သူတွေက အတွင်းရန် ကိုင်ခဲ့တဲ့ လုံခြုံရေး အဖွဲ့ဝင်များကို ဖြုတ်ပစ်လိုက်တာကို သဘောကျ ကျေနပ်နေကြတာ အံ့သြစရာ မဟုတ်ပါဘူး။

ရွေးထုတ်စီစစ်ရေးရဲ့ ရည်ရွယ်က အဖွဲ့ဝင်များကို အုပ်စု (၃) ခု ခွဲထုတ်ဖို့ ဖြစ်တယ်။ ဒီသုံးခုကတော့ ဌာနသစ်မှာ ထမ်းဆောင်ခွင့်ပြုတဲ့သူတွေ၊ ရဲတပ်ဖွဲ့သို့ ပြောင်းရွေ့ရမဲ့ လူတွေနဲ့ လုံးဝ နှုတ်ထွက် ခိုင်းခံရမဲ့ လူတွေ ဆိုပြီး သုံးအုပ်စု ဖြစ်ကြတယ်။ ရလာဒ်က ထူးထူးခြားခြား ကွဲပြားနေပြီး စာရင်းအားလုံးက လုံးဝ စိတ်မချရဘူး။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းက စီစစ်ရေး ကော်မတီ တစ်ခုစီဟာ စနစ်တကျ ပြင်ဆင်မှု မရှိဘဲ ဗဟို ကွပ်ကဲမှု မရှိဘဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့်နဲ့ လုပ်ကြတာကြောင့် ဖြစ်တယ်။ ဒီလို ဖြစ်ပေမဲ့ အဲဒီအချိန်က အဲဒါ တစ်ခုတည်း ရှိတဲ့ ရွေးစရာလမ်း ဖြစ်ပြီး အရေးကြီးတဲ့ ခြေလှမ်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီ့အပြင် နောက်ပိုင်း အရမ်း ဝေဖန်ခံခဲ့ရတဲ့ ထောက်လှမ်းရေးဟောင်းများကို အသုံးပြုတာကို မလုပ်ရင် လုံးဝ မဖြစ်နိုင်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အဆုံးမှာတော့ လူသစ်တွေထဲမှာ စီစစ်သန့်ရှင်းမှု၊ ပုဂ္ဂိုလ်ရေးဖိုင်၊ ထောက်လှမ်းရေး ဝေါဟာရနဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ အတွင်းသဘောနဲ့ ကမ္ဘာလွှမ်းခြုံ စဉ်းစားပုံ အကြောင်း အသင့်အတင့် နားလည်သူ (အသေးစိတ် နားလည်ဖို့တော့ ထားလိုက်ပါတော့) ဘယ်သူ တစ်ဦး တစ်ယောက်များ ရှိပါသလဲ။


တန်ပြန်ထောက်လှမ်းရေး

နိုင်ငံတော် လုံခြုံရေး StB ကို ဖျက်သိမ်းပြီး ရွေးထုတ်စီစစ်ရေး စတင်တဲ့အခါ ပထမဆုံး ဆက်ခံတဲ့ ဌာနကို တည်ထောင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေးရုံး (UOUD) ခေါ်တဲ့ ဌာနပါ။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ထောက်လှမ်းရေး တဖြစ်လည်း ဇီဒန်းဟာ ဒီဌာနရဲ့ ပထမဆုံး ညွှန်ကြားရေးမှူး ဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီးဌာနထဲမှာ ဝရုန်းသုန်းကား နိုင်တဲ့ ဆက်ဆံရေးကြောင့် သူလည်း ရာထူး နှစ်လဘဲ မြဲပါတယ်။ အရင် အစိုးရ ဆန့်ကျင်ရေးသမား ပြည်ထဲရေး ဒုတိယ ဝန်ကြီး ယန်းရူမဲက နောက်မှာ ဌာနကို လွှဲပြောင်း ယူလိုက်တယ်။ ၁၉၉၀ ပြည့်နှစ် ပထမဆုံး နိုင်ငံလုံး ဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၁၉၆၀ လွန် နှစ်များက ကျောင်းသားခေါင်းဆောင် ယန်းမေလာရဲ့ အလှည့် ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ရွေးထုတ်စီစစ်ရေး ကော်မတီ အဖွဲ့ဝင် အများအပြားကို ဖွဲ့စည်းဆဲ ဌာနမှာ ဝင်ခိုင်းတယ်။ ဒါနောင် သိပ်ကြီးထွားလာမဲ့ ပြဿနာရဲ့ မျိုးစေ့ပဲ။ ရွေးထုတ် စီစစ်နေတဲ့ လူတွေက ဝန်ထမ်းတွေကို ခန့်နေတယ်လေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။