Tuesday, November 13, 2012

ထောက်/ပို့တပ်ရင်းတွေရဲ့ သဘောသဘာဝ

(စည်းလုံးခြင်းရဲ့အင်အား)
 
ထောက်/ပို့တပ်ရင်းတစ်ခုတွင် ပြုလုပ်သော မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းမြင်ကွင်း

တပ်မတော် လက်အောက်ခံ တပ်တွေထဲမှာ ထောက်/ပို့တပ်ရင်းတွေဟာ အေးအေး လူလူနေရပြီး ထောက်/ပို့ ဆိုတဲ့အတိုင်း ရိက္ခာ ထမင်းအိုးကြီးကို ခွကိုင်ရတာမို့ တပ်မတော်သား အများစု အကြိုက် တာဝန် ထမ်းဆောင်ဖို့ လိုလားကြတဲ့ ရေပန်းစားတဲ့ တပ်တွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ အောက်ခြေတပ်ရင်း/တပ်ဖွဲ့တွေ အင်အားနည်းနေတာကို သိလျှက်နဲ့ မသိကျိုးကျွံပြုပြီး ထောက်/ပို့တပ်ရင်းတွေလို တပ်မျိုးကိုတောင် အင်အားထုတ်နုတ်ကာ ခိုင်းစေတာမျိုး ရှိပါတယ်။ ဥပမာ တောင်ငူအခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင်  စစ်သည်အများစုဟာ တပ်ရင်းဌာနချုပ်မှာ လနဲ့ချီပြီး နေထိုင်ခွင့်ရတာ အင်မတန်နည်းပါးကြောင်း သိရှိရပါတယ်။ အဲဒီတပ်က စစ်သည်တွေဟာ ခပေါင်းတံတား လုံခြုံရေးတာဝန်ကျနေသူနဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ဧရိယာတွေမှာ လုံခြုံရေးတာဝန်ကျနေတဲ့သူတွေ အများကြီးရှိကြောင်း သိရှိရပါတယ်။ တပ်ရင်းမှူးတောင် တပ်ရင်းဌာနချုပ်မှာ အမြဲတမ်း မရှိတာများကြောင်း သိရှိရပါတယ်။


ထောက်ပို့တပ်ရင်းဌာနချုပ်ကို ဌာနချုပ်ရုံး၊ မော်တော်ယာဉ်ရုံးနဲ့ အထူးမော်တော်ယာဉ် ဌာနချုပ်ရုံးဆိုပြီး ရုံးဌာန (၃) ခု ခွဲထားပါတယ်။ အဲဒီတပ်မှာ အေရိုးလက်စ်ကား (၈) စီး၊ ဖောကား (၆) စီး၊ လန်ဂျန်းကား (၃) စီး၊ တီအီးကား (၃) စီး ရှိပါတယ်။ ထောက်/ပို့ တပ်ရင်းက စစ်သည်တွေဟာ အခြေခံ ကားမောင်းသင်တန်းကို မိတ္တီလာမှာ သုံးလခွဲတက်ရောက်ရပြီး ကျွမ်းကျင်အဆင့်အနေနဲ့ နောက်ထပ်တစ်လခွဲ တက်ရပါတယ်။ နောက်ဆုံး ၀န်တင်ယာဉ်ကြီးသင်တန်း (၁၅) ရက် တက်ပြီးရင် သင်တန်းပြီးဆုံးကြောင်း သိရပါတယ်။ တပ်ရင်းပိုင် မွေးမြူရေးအနေနဲ့ ဆိတ်အကောင် (၃၀)၊ နွား (၁၂) ကောင်နဲ့ ၀က် (၁၇) ကောင် မွေးမြူထားကြောင်း သိရပါတယ်။


ထောက်/ပို့တပ်မှ မော်တော်ယာဉ်များအား အဝေးပြေးလမ်းမပေါ်တွင် တွေ့ရစဉ်

စိုက်ပျိုးရေးအနေနဲ့ တပ်ပိုင် စပါးစိုက်ဖို့ လယ်ဧက (၂၀) ရှိပြီး  တပ်ပိုင် ဆန်စက်မှာဘဲ ထွက်ရှိတဲ့ စပါးကြိတ်ပြီးတော့ တပ်ရင်းက မှီခိုသူများအတွက် ဆန်ရောင်းပေးပါတယ်။ ဒါပေမဲ့ တပ်ရင်းမိသားစုတွေအတွက် မလောက်ငှလို့ အပြင်ရွာတွေကနေ စပါးဝယ်နေရပါတယ်။ အခြားစိုက်ပျိုးသီးနှံတွေ အနေနဲ့ ခရမ်းသီး၊ ဗူးသီး၊ သီဟိုသီး၊ ချဉ်ပေါင်ပင်၊ ခ၀ဲပင်တွေ စိုက်ပျိုးထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ် သံတောင်မှာ ထောက်/ပို့တပ်ရင်းပိုင် လက်ဖက်ခြောက်စက်ရုံ ရှိတယ်လို့ သိရှိရပါတယ်။ ထောက်/ပို့တပ်ရင်းတိုင်း စစ်သည်တွေဟာ နံနက်တန်းစီပြီးတာနဲ့ ဖက်ထိပ်ဆိုတဲ့ လုပ်အားပေးကို တန်းပြီး လုပ်ရပါတယ်။ ငုတ်တွေ၊ ချုံနွယ်တွေ ရှင်းလင်းရတာမို့ စစ်သည်တိုင်း နောက်တန်းမှာ မနေချင်ကြကြောင်း သိရပါတယ်။

တပ်ရင်းပိုင် လက်ဖက်ခြောက်စက်ရုံမှာလည်း လက်ဖက်ခူးရပြီး စက်ရုံမှာ တခြားအလုပ်တွေကို ဆက်လုပ်ရကြောင်း သိရပါတယ်။ စက်ရုံမှာ ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်၊ စစ်သည်အယောက် (၂၀) ကျော်ရှိကြောင်း သိရှိရပါတယ်။ အဲဒီစက်ရုံက လက်ဖက်ခူးခိုင်းတဲ့အပြင် စစ်သည်တွေကို လက်ဖက်စိုက်တဲ့ ဘောင်များအား ပေါက်ခိုင်းပြီး မိုးရွာနေတာတောင် အနားမပေးကြောင်း သိရှိရပါတယ်။ အဲဒီစက်ရုံက ဗိုလ်ကြီးဟာ စစ်သည်တွေ ခေတ္တနားနေရင်တောင် ဆဲဆိုကြိမ်းမောင်းကာ ဆက်ဆံရေး ဆိုးဝါးတဲ့အပြင် စစ်သည်တွေအနေနဲ့ ရိက္ခာလည်းမလောက်၊ အလုပ်လည်းပင်ပန်း၊ စားစရာလည်းမရှိတာမို့ တစ်လမှာ ဆယ်ရက်လောက်က လက်ဖက်နဲ့သာ ဖြစ်သလို စားနေကြရကြောင်း သိရှိရပါတယ်။ အောက်ခြေအခက်အခဲတွေကို တပ်ကြပ်ကြီးက တပ်ရင်းမှူးအား သတင်းမပို့ရဲသေးကြောင်းနဲ့ နာမည်ကြီးထမင်းငတ် ထောက်/ပို့တပ်တွေရဲ့ လက်တွေ့သဘာဝအကြောင်းတွေကို ထောက်/ပို့တပ်ရင်းနဲ့ နီးစပ်သူများက ပေးပို့တင်ပြသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။