Thursday, November 29, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၄၃၅) ခြေမြန်တပ်ရင်း၏ ဂိတ်ဝ

ဒီတစ်ပတ်မှာတော့ စည်းလုံးခြင်းအင်အား ၀က်ဘ်ဆိုက်ဒ်မှာ တင်ပြပေးခဲ့တဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များရဲ့ အရာရှိ/စစ်သည်များ စားဝတ်နေရေးတွေ ယနေ့အချိန်ထိ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တပ်ရင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေနှင့်အတူ မေးမြန်ဆွေးနွေးခန်းကဏ္ဍအနေနဲ့ တင်ပြနေပါတယ်။

မေး။    ။ ဗိုလ်မှူးရေ၊ ကက(ပံ့) လက်အောက်ခံတပ်ရင်းနဲ့ ရိုးရိုးခြေလျင်တပ်ရင်းတို့ ကွာခြားချက်ရှိတယ်ဆိုတာ တော်ရုံလူတော့ ခန့်မှန်းတတ်ပါတယ်။ ဒါပေမဲ့ ချမ်းသာပါတယ်ဆိုတဲ့ တပ်တွေကရော အဲဒီတပ်တွေမှာရှိတဲ့ စစ်သည်တွေဟာ အပျံစားနေနိုင်တယ်လို့ ဆိုနိုင်မလား။


ဗိုလ်မှူး။    ။ တကယ်တမ်း စာရင်းဇယားကြည့်ရင် ကိန်းဂဏာန်းတွေက သိန်းရာနှင့်ချီပြီးရှိတော့ ဟန်ကျတယ်လို့ ထင်ကြတယ်။ အခု စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုက်ဒ်မှာ တင်ပြသွားတဲ့ ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်ရင်းရဲ့ စာရင်းကို ပြန်ကြည့်လေဗျာ။ ကျောင်းဆရာ/ဆရာမတွေကို ကျပ် (၆၁၇၅၅၀) နဲ့ (၂၃၈) ဦးကို စားကြည့်ရင် တစ်နှစ်လုံးနေမှ တစ်ယောက်ကို ထောက်ပံ့ကြေး ငွေကျပ် (၂၆၀) ကျော်ပဲရှိတယ်။ ကလေးမုန့်ဖိုးပေးသလို ဖြစ်နေတယ်။ တပ်သားသစ် (၇၃) ယောက် စုဆောင်းဖို့အတွက် ကျပ် (၃၃၀ ၀၀၀) သုံးတယ်ဆိုတော့ တစ်ယောက်ကို (၅၀၀၀) ကျပ်နှုန်းပဲ ကျတယ်ဆိုတော့ သဘာဝ သိပ်မကျဘူးဗျ။ ရဲဘော်သစ်တစ်ဦး ပေါက်ဈေးက ပြင်ပမှာ ကျပ် (၅၀၀၀၀) နဲ့အထက် ရှိတယ်လေ။ ထောက်/ပို့တပ်ဆိုတော့ “ထော” လို့လာချင်ကြတယ်ဆိုရင်တော့ မပြောတတ်ဘူး။ ခြေလျင်တပ်ရင်းတွေဆိုရင် ပိုက်ဆံပေးဝယ်ပြီး အတင်းအကျပ်ဖြည့်ရတာဗျ။ ချမ်းသာတယ်ဆိုတဲ့ အဲဒီတပ်က လူပျိုစားရိပ်သာခေါင်းစဉ်အရ စစ်သည် တစ်ဦး/တစ်ရက် ထပ်ဆောင်းရန် လိုအပ်ငွေ ၂၇.၇၀ ကျပ်ရှိရာ တပ်က ၁၃.၈၇ ကျပ်ထပ်ဆောင်းပေးနိုင်တယ်ဆိုတော့ တစ်ရက်ကို (၅၀%) ပဲရှိတယ်နော်။ ကျန်တဲ့တပ်တွေဆိုရင် ဒီထက်နည်းတဲ့ပမာဏပဲရှိတယ်ဗျ။ အဲဒီတပ်ရဲ့ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ တစ်လစာ စာရင်းပြန်ကြည့်ရင် သင်တန်းတက်လို့ ကျပ် (၂၀၀ ၀၀၀) လောက်သုံးထားပြီး ဆေးရုံတက်လို့ (၁၄ ၀၀၀) ကျပ်သာ သုံးတယ်ဗျာ။ ဗဟိုကင်းစစ်ရေးပြကို ကျပ် (၁၀၀ ၀၀၀) လောက်သုံးတယ်တဲ့။ အိမ်ထောင်သည် ထောက်ပံ့ကြေးကြတော့ လုံးဝအသုံးမပြထားဘူးဗျ။ တပ်နှစ်ပတ်လည်နေ့မှာတော့ ပိုက်ဆံတွေပုံအောပြီး သုံးထားတယ်။ တပ်တွေက သုံးတဲ့နေရာတွေမှာ လိုအပ်ချက်တွေအများကြီး တွေ့လာရတယ်ဗျ။



အမှတ်(၃၀၅)ခြေမြန်တပ်ရင်း၏ တပ်ရင်းမိသားစုများအား ထောက်ပံ့နိုင်မှု အခြေပြဇယား

မေး။ ။ ဗိုလ်မှူးရေ ခမရ(၃၀၅) တပ်ရင်းအပေါ် ဝေဖန်သုံးသပ်ပေးပါဦး။

ဗိုလ်မှူး။ ။ ဟာ အဲဒီ တပ်ရင်းကတော့ တပ်ရင်း ရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၁၅၀) ကျော်ရှိတယ်ဗျ။ ဦးပိုင်ငွေ ထည့်ဝင်ငွေ ကျပ် သိန်း (၅၀၀) ရှိတာမို့ သက်သာချောင်ချိရေး အပျံစားလုပ်နိုင်တာပေါ့ဗျာ။ ထောပါတယ်ဆိုတဲ့ ထောက်ပို့ တပ်တွေတောင် မမှီဘူးဗျ။ ဒါပေမဲ့ ပြင်ပလူတွေ သတိမထားမိတာက အဲဒီတပ်ရင်းက ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးတို့ရဲ့ လုံခြုံရေး ၊ယာဉ်တန်းလုံခြုံရေး၊ အဆောက်အဦးလုံခြုံရေး တာဝန်ယူဆောင်ရွက်ရတာမို့ ၀န်ကြီးတွေကိုပဲဖြစ်ဖြစ်၊ စစ်ထောက်ချုပ်ကိုပဲဖြစ်ဖြစ် တပ်ရဲ့သက်သာချောင်ချိရေး လိုအပ်ချက်တွေကို အခွင့်အရေး တစ်ရပ်အနေနဲ့ ရယူခဲ့တာမို့ ရန်ပုံငွေတောင့်တင်းတာဖြစ်တယ်။ ဆင်းရဲတဲ့ ခြေလျင်တပ်ရင်းတွေ အများကြီး ရှိနေလို့ တပ်ရင်းတစ်ရင်းနဲ့တစ်ရင်း သက်သာချောင်ချိရေး ကွာဟချက် ကြီးမားတာတွေ့ရတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တော အခြေစိုက်တပ်ရင်းတွေ၊ ချင်းပြည်နယ်ထဲမှာ ရှိတဲ့ အခြေစိုက်တပ်ရင်းတွေ ဆိုရင် တပ်ရင်းရန်ပုံငွေ တိုးတက်မှုဟာ နှစ်စဉ် ဦးပိုင်က ရရှိတဲ့ အမြတ်ငွေတွေကို အပြည့်အ၀မသုံးရဲပဲ အစုရှယ်ယာတိုးဖို့ ပြန်ထည့်ရတဲ့ ဖြစ်စဉ်တွေ ကြားနေရတယ်။ အဲဒီ ခမရ (၃၀၅) တပ်ရင်းဆိုရင် အင်အားပြုန်းတီးဇယားအရ စစ်ပြေး (၁) ယောက်၊ ထုတ်ပယ် (၂) ယောက်၊ ထွက်ခွင့် (၁၀) ယောက်၊ သေဆုံး (၂) ယောက် စုစုပေါင်း (၁၅) ယောက်ရှိပြီး တပ်သားသစ် ဖြည့်ဆည်းမှုဟာ (၁၆) ယောက်ရှိတဲ့အတွက် အင်အားတိုးတက်မှု မရှိတာကိုတွေ့ရတယ်။ သက်သာချောင်ချိရေး အင်မတန် ကောင်းအောင်လုပ်ထားပေးတာတောင်မှ စစ်ပြေး၊ ထွက်ခွင့်၊ ထုတ်ပယ် အရေအတွက် ဘာကြောင့်များရတယ်ဆိုတာကိုတော့ တပ်ရင်းမှူး အသိဆုံးပဲဖြစ်တယ်။ ဆင်းရဲတဲ့တပ်ရင်းတွေဆိုရင် ခွင့်မဲ့ပျက်ကွက်နဲ့ စစ်ပြေးတွေ များလွန်းအားကြီးလို့ လစဉ်ပြန်တမ်းကို ချွေတာပြီး ပြနေရတယ်ဗျ။

 တပ်ရင်းတစ်ခု၏ မွေးမြူရေးလုပ်ငန်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုက်လံစစ်ဆေးနေစဉ်

မေး။       ။ တကယ်တမ်းတပ်နေပျော်ရေး စီမံချက်ပါ ခေါင်းစဉ်တွေက လှပနေပြီး လက်တွေ့မှာ ဘာတွေ ကွာခြားချက်တွေ ရှိသေးလဲ ဗိုလ်မှူး။

ဗိုလ်မှူး။   ။ တပ်သားသစ်နှင့် အခြားတပ်မှ ပြောင်းရွှေ့ရောက်ရှိ စစ်သည်များအား နွေးထွေးစွာ ကြိုဆို နေရာ ချထားပေးခြင်း၊ အခြေခံသင်တန်းဆင်းပြီး ရောက်ရှိလာသော တပ်သားသစ်များကို သံသေတ္တာ၊ ဖျာ/ခေါင်းအုံး စီစဉ်ပေးခြင်း ခေါင်းစဉ်ကတော့ လက်တွေ့မှာ အသစ်ပြောင်းလာတဲ့စစ်သည်တွေကို ပေါက်တူးကိုင်ခိုင်းပြီး ဖက်ထိပ် (လုပ်အားပေး) မိတ်ဆက်ခိုင်းတာမို့ သေချင်စော်ကို နံနေတာပဲဗျာ။ စုပေါင်းမိတ်ဆုံစားပွဲ ပြုလုပ်ပေးခြင်း ခေါင်းစဉ်ကတော့ တပ်ခွဲအဆင့်ထိ တပ်ရင်းအတော်များများမှာ လုပ်ပေးကြပါတယ်။ စစ်သည်တွေ အကြိုက် အာမီရမ်ကတော့ အရာရှိတွေခွဲတမ်းယူတာ များသွားတာမို့ အာစွတ်ရုံ သောက်ကြရတယ်ဗျာ။ အမြဲတမ်း ပြောင်းရွှေ့/နှုတ်ထွက်သူများ ဂုဏ်ပြုခြင်းခေါင်းစဉ်ကတော့ ပြောင်းရွှေ့တာကိုသာ ဂုဏ်ပြုပြီး နုတ်ထွက်သွားသူတွေကိုတော့ ဂုဏ်ပြုတာမလုပ်ကြပါဘူး။ ဆဲဆို မေတ္တာပို့တာပဲ ကြားရပါတယ်။ အဆင့်တိုးမြှင့်ပေးခြင်း ခေါင်းစဉ်ကတော့ စစ်တပ်မှာ တော်သုံးတော်ကနေ ဇာတာ၊ နက္ခတ်တော်ဆိုတဲ့ တော် လေးတော် ဖြစ်သွားတာမို့ ကိုယ်တိုင်တော်သူကလွဲလို့ ကျန်တော် သုံးတော် (အဖားတော်၊ အမျိုးတော်၊ ဇာတာတော်) တွေသာ ရာထူး/အဆင့်တွေ တိုးမြှင့်ပေးတာ တွေ့ရပါတယ်။

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၇) အား ဆက်လက်တင်ပြသွားပါမည်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။