Thursday, December 27, 2012

ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား

(နေ့သစ်)


ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ ပြည်တွင်းစစ်ကြီး စတင်ဖြစ် ပေါ်ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ရှေးဦး လမ်းဖောက် သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ ဆိုရှယ်လစ် အုပ်စုဟာ အရေးကြီးတဲ့ အခန်း က ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့ လက်ထက် တလျှောက်လုံး မှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်း အထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေး ကြွေးကြော်သံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ခဲ့ ကြပါတယ်။

ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ အာ ဏာ သိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ် ဆိုခဲ့တဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက ဒီဆွေးနွေးပွဲ ကိုခေါ်ရတာရဲ့နောက်ခံက


(၁) ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲဟာ ပြည်သူလူထုက တဘက်စောင်းနင်း ၀ှဲချီးမဲပေးခဲ့တဲ့ ဦးနုရဲ့ပထစအစိုးရလက်ထဲက အာဏာသိမ်းတာမို့ တပြည်လုံးကမခံမရပ်နိုင်ဖြစ်နေချိန် ဖြစ်တယ်။
(၂) ၇ရက်ဇူလိုင်ကျောင်းသားသတ်ပွဲလို၊ ရနိကုန် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ အဆောက်အဦကြီးဖြိုချတာလို လူ ထုဆန့်ကျင်ရေး လုပ်ငန်းတွေကြောင့် စစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ အကြီး အကျယ် နာမည်ပျက်ပြီး အထီးကျန်ဖြစ် နေရတယ်။
(၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ အသစ်အဆန်းတခုကိုလည်း ပွဲထုတ်တော့မှာမို့ အားလုံးကအထင်ကြီးမယ့်၊ အာရုံ ဆွဲဆောင်နိုင်တဲ့ စတန့်လုပ်ရပ်တခုလုပ်ပြဖို့ လိုနေပါတယ်။ ဒါကြောင့် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲဆို တာကို ခေါ်ဆိုလိုက်တာပါ။


အဲဒီဆွေး နွေးပွဲတွေပြီးသွားတဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ လက် နက်ကိုင်အဖွဲ့အစည်းတခုက ခေါင်းဆောင်၂ ဦးကို ရာထူးပေး၊ အခွင့် အရေးပေးပြီးဝယ်ယူလိုက်နိုင်တာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။ ကျန်လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်တော့ ကြီးမားတဲ့ ထိုး စစ်ကြီးတွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။

ဒုတိယတကြိမ်က ၁၉၈၀-၈၁ တုန်းက ဗကပ၊ ကေအိုင်အိုတို့နဲ့ တိုးတိုး တိတ်တိတ် ခေါ်ဆိုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲဆိုတာတွေပါ။ အဲဒါကလည်း ဗိုလ်နေ၀င်းတို့ကဆန္ဒရှိလို့ လက်ဦးမှုယူခေါ်ခဲ့တာ မဟုတ် ပါဘူး။ တရုတ်က သူ့တိုင်း ပြည်စီးပွားရေးတွန်းတင်ဖို့အတွက် ဗမာပြည်နဲ့ နယ်စပ်တလျှောက်မှာ စစ်တိုက်တာတွေ ရပ်စဲစေချင်လို့ တိုက်တွန်းတာနဲ့ တရုတ်ခေါင်းဆောင်တွေကျေနပ်အောင် ဗိုလ်နေ၀င်းက ဟန်ဆောင် ဆွေးနွေးပွဲခေါ်ခဲ့တာပါ။ ဗကပနဲ့ ကေအိုင်အိုတို့က တော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်းဖော်ပြချင်တာနဲ့ သွားဆွေးနွေး ကြပါတယ်။ ဒါပေမဲ့ မဆလ အစိုးရဟာ ဗကပနဲ့ဆွေးနွေးပွဲကို တမနက်ပဲ ဆွေးနွေးပြီး ဘာအကြောင်းပြချက်မှ မယ်မယ်ရရမပြဘဲ ဖျက်ပစ်ခဲ့ပါ တယ်။ ကေအိုင်အိုနဲ့ဆွေးနွေးတာကိုတော့ ရုပ်ပြကောင်းအောင် အချိန် ဆွဲထားပြီး နောက်ဆုံးကျတော့လည်း ဘာအသီးအပွင့်မှ မတွေ့ကြရဘဲ စစ်ပြန်ဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။

တတိယအကြိမ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးလို့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလုပ်တော့မယ့် အချိန် တ၀ိုက်မှာ ပါ။ အားလုံးသိကြ တဲ့အတိုင်းပါပဲ အဲဒီအချိန်လောက် စစ်အစိုးရအထီးကျန်ဖြစ်တာ ဘယ် တုန်းကမှမရှိပါဘူး။ သူတို့မှာ အင်အားကြီးလှတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီး ကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ စစ်မျက်နှာ တွေအများကြီးမဖွင့်နိုင်ပါဘူး။ အဲဒီတုန်းက သူတို့ရဲ့စစ်အင် အားဟာ အဓိကအားဖြင့် ဆန္ဒပြလူထုကိုဖြိုခွဲဖို့ အရံတပ်အဖြစ် ထားရှိရ ပါတယ်။ ဒီလိုအခါမှာ န၀တအစိုးရဟာ “အပစ်ရပ်” လှုပ်ရှားမှုကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ နောက်ပြီး အဲဒီတုန်းက တိုင်းရင်း သားတပ်တွေက လမ်းခွဲလိုက်တဲ့ ဗကပကို ခြေကုပ်အသစ်မရအောင် လုပ်ဖို့ကလည်း အထူးလိုအပ် နေပါတယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်နီးပါး ကြာတဲ့ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်ဆိုတဲ့အနေ အထား တခုကို တိုင်းပြည်ရဲ့ သယံဇာတတွေအဆုံးအရှုံးခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိုလ်ခင်ညွန့်ကို အကူအညီအ ထောက်အကူ တွေ အများကြီးပေးခဲ့တဲ့ ဘိန်းဘုရင်လော်စစ်ဟန်နဲ့ သူ့သားကို စစ်အုပ်စု က သူတို့ပိုင် မူးယစ်ဆေးဝါးကရ တဲ့ ငွေစက္ကူတွေခ၀ါချဖို့အတွက် တခြား လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်ပေးတာအပြင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံ ကိန်းအ တွက် စားပေါက်တွေဖန်တီးဆုချခဲ့ပါတယ်။

အခု အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ရဲ့လက်ထက်မှာ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ တွေ ပြန်ခေတ်ထလာပါတယ်။ ဒီတခါ ဟာလည်း သူတို့ရဲ့ “အပြောင်းအလဲ” ဇာတ်လမ်းသစ်အတွက် ရုပ်ပြကောင်းဖို့လိုအပ်နေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါ အနောက်နိုင်ငံတွေရဲ့ အသိ အမှတ်ပြုဆက်ဆံမှုကို အရမ်းလိုချင်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အနှစ် ၆၀ ကျော် တိုက်လာတဲ့ စစ်တပ်အနေနဲ့ ဒီစစ်ကိုနိုင်အောင်တိုက်လို့ မရဘူးလို့ သဘောပေါက်လာတာကလည်း တကြောင်းဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ “ငြိမ်းချမ်းရေး” ခေါ် ဆိုတယ်ဆိုတာတွေကို ပြန်ကြည့်လိုက်ရင် စစ်အ စိုးရတွေဟာ သူတို့ရဲ့ နိုင်ငံရေးအကြပ်အတည်းကိုကျော်လွှားဖို့၊ ဒါမှမဟုတ် ပြည်ပအင်အားကြီး တွေကို မျက်နှာချိုသွေးဖို့၊ မီဒီယာအမြတ် ထုတ်ဖို့  ”ငြိမ်းချမ်းရေး ဆွေး နွေးပွဲ” ဇာတ်ခင်းလေ့ရှိတယ်ဆိုတာကို တွေ့ရမှာပါ။ တနည်းပြောရရင် ဒီကွေ့ မျိုးကို ဒီတက်နဲ့မှ ကျော်လို့ရတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိနေပါပြီ။ ဗိုလ်နေ၀င်း လက်ထက်ကစလို့ ပြည်တွင်း စစ်ကို တမင်မွေးထားတဲ့စစ်အုပ်စုဟာ နောင်မှာလည်း ဒီလို “ငြိမ်းချမ်း ရေးဆွေးနွေးပွဲ” ဇာတ်လမ်းတွေ လိုအပ် ရင် လိုအပ်သလို ခင်းနေဦး မယ်ဆိုတာ သေချာပါတယ်။

ဒီနေ့ကာလမှာ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ အရာတွေဟာ ကြံ့ဖွတ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မတရားသင်းဥပဒေ၊ ပုဒ်မ (၅) တို့လို ဥပဒေတွေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဥပဒေတွေကိုမဖျက်သိမ်းဘဲ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာဟာ ရေပေါ်မှာသဲပုံစေတီတည်သလိုသာ ဖြစ်ပါလိမ့် မယ်။

ကြံ့ဖွတ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ဆိုရာမှာ တကယ် တမ်းသာ ရိုးသားတယ်ဆိုရင် တဘက်အင်အား စုတွေကို ဖြိုခွဲဖို့၊ ဥစ္စာဓန အခွင့်အရေးနဲ့ ဆွဲဆောင်တာ မဖြစ်ဖို့လိုပါတယ်။ စစ်အစိုးရတွေနဲ့ “ဆွေးနွေး” လို့ အဖွဲ့အစည်း တွေအတွင်း ကွဲတယ်ပြဲတယ်ဆိုတာဟာ ၁၉၆၃-၆၄ခုနှစ်တွေကတည်းက တွေ့ခဲ့ရပြီးပါပြီ။ အခုအခါမှာလည်း တဖွဲ့ချင်း၊ တစုချင်း၊ တဦးချင်း ပဲ့ထွက်၊ ကွဲထွက်တာတွေ မမြင်ချင့်အဆုံး တွေ့နေရပါတယ်။

ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲတုန်းက ဗိုလ်နေ၀င်းဟာ “လက်နက် ကိုင်တိုက်ခိုက်နေကြသော တောတွင်းအဖွဲ့ အစည်းအား လုံးသို့” လို့ လိပ်မူပြီး တိုင်းပြည်တနံတလျားကို ဆွေးနွေးပွဲဖိတ်ခေါ် ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဒါနဲ့ပြောင်းပြန် ကြံ့ဖွတ်အစိုးရ ကတော့ “ကြားခံ” လူတွေကတဆင့် ခိုးကြောင်ခိုးဝှက်လုပ်၊ အခြေအနေ တခုရောက်ရင် လူ သိရှင်ကြားကြေညာ ဆိုတာမျိုးတွေလုပ်နေပါတယ်။
အဲဒီအခါတုန်းက နှစ်ဘက်သဘောတူညီချက်တွေမရှိပေမဲ့ နှစ်ဘက် ဟာစစ်ရပ်ထားသလို ပြုမူကြပါတယ်။ ဒီနေ့ ကြံ့ဖွတ် အစိုးရကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်အကြီးအသေးတွေကို ရပ်ထားခြင်းမရှိတဲ့အပြင် ဒီလို စစ် တိုက်ပြီး ဆွေးနွေးပွဲတွေမှာ ဖိအားပေးတာတွေတောင်လုပ်နေပါတယ်။

၁၉၆၃ ခုနှစ်တုန်းက ရန်ကုန်မှာ (၇) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး၊ မန္တလေးမှာ (၅) ခရိုင် ငြိမ်းချမ်းရေးဆန္ဒ ပြပွဲကြီးတွေကို လူတွေသိန်းချီတက်တာရှိခဲ့ပါတယ်။ ဒါတွေကို ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေ မဖျက်သိမ်း မချင်း ခွင့်ပြုထားပါတယ်။ 
(ဆွေးနွေးပွဲတွေပြီတော့မှ အားလုံးကို ၀ါးလုံးသိမ်းလိုက်ဖမ်းပါတယ်) ဒါနဲ့မတူ့ အငြိမ်းစား ဗိုလ် ချုပ်ကြီး ဦးသိန်းစိန်ကတော့ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” တွေလုပ်နေတယ် ဆိုတဲ့ကာလအတွင်းမှာပဲ ညမှာအိပ်နေတဲ့ သံ ဃာတော်တွေ (သူတို့ထက်ငြိမ်းချမ်းစွာဆန္ဒပြတာမရှိ) ကို မီးလောင် တိုက်သွင်းတာ၊ အနယ်နယ်အရပ်ရပ်က သပိတ် သမားတွေကို ဖမ်းဆီး နှိပ်စက်တာတွေလုပ်နေပါတယ်။

ဗိုလ်နေ၀င်းကစလို့ ဗိုလ်သိန်းစိန်အထိ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာတွေမှာ ထူး ထူးခြားခြား တူညီချက်နှစ် ချက်ကတော့ ဒီဆွေးနွေးပွဲတွေထဲမှာ ထောက်လှမ်းရေးကအဓိက ပါဝင် နေ တာနဲ့ အစိုးရဟာ လူထုကိုလှုံ့ဆော်ကျင်းပတာမျိုး မလုပ်တာပါပဲ။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်အလိုလားဆုံးသူဟာ ပြည်သူလူထုတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် သူတို့တတွေ အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရုံမက တက်တက်ကြွကြွ ပါဝင်ကြမှာပါ။ ဒါပေမဲ့ စစ်အစိုးရတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူထုကို ခြောက်လှန့်တာ တွေတောင် လုပ်ထားကြပါတယ်။

၁၉၆၃ ခုနှစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ အမ်အိုင်တင်ဦး၊ ၁၉၉၀ ခုနှစ် တ၀ိုက်က “အပစ်ရပ်ဆွေးနွေးပွဲ” တွေနဲ့ ဗိုလ်ခင်ညွန့်၊ ဒီနေ့လုပ် နေတဲ့”ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွေနဲ့ဗိုလ်အောင်မင်း (ဗိုလ်အောင်မင်း ဟာ တပိုင်းက ထောက် လှမ်းရေးအလုပ်ကို လုပ်နေတယ်ဆိုတာ လူတိုင်း သိကြပါတယ်)၊ ခွဲမရနိုင်တဲ့ လက်သည်တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ရိုးသားမှုမရှိတာကိုဖော်ပြနေတာလို့ ပြောရင် မမှားပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း သန်းစိန်တို့အနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်ဆိုရင်
(၁) တနိုင်ငံလုံးကို ကြေညာပြီးအဖွဲ့အစည်းအားလုံးနဲ့ တတန်းတည်း ဆက်ဆံလုပ်ကိုင်ပါ။
(၂) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ပါဝင်ခွင့်ပြုပါ။

(၃) ပြည်တွင်းငြိမ်းချမ်းရေးကို အတားအဆီဖြစ်နေတဲ့၊ ပြည်တွင်းစစ် ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါ မတရားတဲ့၊ နိုင်ငံရေးလက္ခဏာဆောင်တဲ့ အမိန့်ဥပဒေတွေကို ဖျက်သိမ်းပစ်ပါ။ (၄) ကိုယ့်နိုင်ငံရေး၊ ဒါမှမဟုတ် စီးပွားရေး၊ ဒါမှမဟုတ် သံတမာန်ရေးအကြပ်အတည်းတွေကို ကျော်လွှားနိုင်ရုံ တနပ်စား ဖြေရှင်းနည်းတွေနဲ့ မဖြေရှင်းပါနဲ့။

ရဲဘော်ဖိုးသံချောင်း 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။