Tuesday, February 12, 2013

ဖါထေး နည်းပညာ ဘယ်ကထွက်၊ စစ်သက္ကသိုလ် ကထွက်။

(Kachinduwa)


ဒီနေ့ အေးချမ်းမွန် တင်ထားတဲ့ ပိုစ့်ကို ဖတ်မိရင်း တွေးမိ တွေးရာလေးတွေကို ပြန် ဝေငှ ချင်တာနဲ့ ရေး ဖြစ်တာပါ။

စစ်ဗိုလ်တွေကို အဓိက Training ပေးတဲ့ အချက်မှာ ရန်သူကို လိမ်ညာ လှည့်ဖြား နည်း ဖြစ် ပါတယ်။ စစ်တိုက်ရာမှာတော့ ဒါဟာ မဖြစ်မနေလိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သဘောတရား နဲ့ မြန်မာပြည်ကြီး ကို အုပ်ချုပ်လာတာ ရာစု နှစ် ၀က်လောက် ရှိပြီ ဆိုတော့ မြန်မာပြည်သားတွေလဲ စစ်တပ်ရဲ့ လေ့ကျင့်ရေး ကောင်းကောင်း ၀ နေပြီ။


အာဏာရှင်ခေတ်က သူတို့လုပ်တာကိုင်တာ ဟုတ်မဟုတ် ဘေးဖယ်အုံး၊ ကြွေးကြော်သံ တော်တော်များများတော့ ပြောစမှတ်ရှိခဲ့ပါတယ်။

မြန်မာ အားကစား ကမ္ဘာကို လွမ်းရမယ် ဆိုပြီး သုဝဏ ကွင်းမှာ စာလုံး အကြီးကြီးကပ်ထားလို့ ကမ္ဘာလှည့် ခရီးသည်များ အူတက်မတတ် ရီပွဲနွဲခဲ့တယ် ဆိုတာလဲ ကြားဖူးပါတယ်။

နောက်တခုက ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေး ဆိုတာလဲ တခု အပါအ၀င်ပါ။

ယဉ်ကျေးမှု ဆိုတာ လူတွေရဲ့ မိရိုးဖလာ အကျင့်စရိုက် တခုလဲ ဖြစ် ပါတယ်။ စစ်အာဏာရှင် ခေတ်မှာ အများအားဖြင့် တွေ့ရတတ်တာသည်၊ လူကြီးလာရင် ထုံးသုတ်၊ သန့်ရှင်းရေးလုပ်၊ စာရင်းစစ်လာရင် စာရင်းလုပ်၊ စသည်စသည်များ မရိုးနိုင်အောင် လှည့်ဖြားခြင်း အတတ်ပညာများပါ။ ဒါကိုပဲ ဖွတ်အစိုးရက အမွေအနှစ် အနေနဲ့ ကောင်းကောင်းလေး ထိန်းသိမ်းထားပါတယ်။

ရှေ့တန်းက စစ်ဗိုလ်တွေလဲ ဒီ နည်းပညာ နဲ့ လုပ်စားလာတာ တော်တော် အလေ့အကျင့် ရနေပြီ။ တပ်ရင်းက စစ်ပြေးများကို အထက်ကို မတင်ပြပဲ လစာ ဆက်ထုတ်စားခြင်း၊ စစ်သား အသေအပျောက် စာရင်းလိမ်ပြီး လစာကို ဆက်ထုတ်စားတာမျိုး၊ စစ်ကြောင်းစရိတ်ကို ဖြတ်ယူထားပြီး စစ်သားတွေကို အငတ်ထားတော့ တွေ့တဲ့ ရွာက ကျွဲနွား ကြက် ၀က် ဘာတခုမှ မကျန်အောင် ဒမြတိုက်စား ခိုင်းတာမျိုး၊ တိုက်ပွဲ ဖြစ်တိုင်း ကျည်ဆံ စာရင်းလိမ်တင်ပြီး မှောင်ခိုဈေးကွက် ရောက်သွားတာမျိုး၊ စုံအောင်ပါပဲ။

ဦးသိန်းစိန် အဖွဲ့ရဲ့ ကချင် တိုက်ပွဲ လှည့်ဖြားမှုကို ကမ္ဘာက သြချရတဲ့ နောက်တော့ ဖင်မနိုင်ပဲ ခေါင်းထောင်နေတဲ့ ဇာတ်ရှုပ်ကြီးက ခေတ္တငြိမ်လျှက်၊ ဘာတွေ အကောက်ကြံအုံးမလဲ မသိ။ နေ့တိုင်း လက်နက်ကြီး လှမ်းလှမ်းထု ပြီး၊ နေပြည်တော်မှာတော့ ပြည်ထောင်စု ကြီး ငြိမ်းချမ်းပြီ၊ ဆိုတဲ့ လက္ခဏာ ကမ္ဘာကို ညာပြဖို့ ပြည်ထောင်စု အခန်းအနားလုပ်မယ် ဆိုသတဲ့။ ကေအိုင်အေ က မတက်ဘူး ဆိုတော့ ကေအိုင်အေ ဟာ ငြိမ်းချမ်းရေး မလိုချင်ဘူး ဖြစ်ပြန်ရော။ အလိမ်အညာ ကို လက်မခံ ရဲ တဲ့ သတ္တိဟာလဲ သတ္တိ ပါပဲ။

အခုချိန်မှာ သူတို့ လိုချင်တာ မြန်မာပြည်ကြီး ငြိမ်းချမ်းပြီ ဆိုတဲ့ မျက်လှည့်ပြထားပြီး စီးပွါးရေး ပိတ်စို့မှု အပြီးတိုင် ရုတ်ခိုင်းမယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များ အခြေအခိုင် ရအောင် သွပ်သွင်းမယ်။ တဖက်မှာတော့ တိုင်းရင်းသား အခွင့်အရေး ဆိုတာကို ဘေးရောက်သွားအောင် ကြံဆောင်နေခြင်းဖြစ်ပါတယ်။ စီးပွါးရေး သာ အဓိက ဖြစ်တယ်။ လူတိုင်း အလုပ်အကိုင် အခွင့်အလှမ်း ရရင် ဖြစ်ပါတယ်။ ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဦးတည်ချက် နဲ့လဲ ကိုက်ညီ ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ လူဦးရေ အများပိုင်းရဲ့ လူမှုအခွင့်အရေး အတွက် ကမ္ဘာ့ဘဏ်ဟာ မျက်ကွယ်ပြုထားတယ် ဆိုပြီး ခဏခဏ Occupy Movement သပိတ်မှောက်နေတာကိုတော့ မြန်မာက သိပုံ မပေါ်ဘူး။ နောက်တော့ မြန်မာဟာ ကမ္ဘာ့ဘဏ် ဥာဏ်ကြီးရှင်တွေ အတွက် ကျွန် ဖြစ်သွားမယ် ဆိုတာလဲ သိပုံမရ။ အာဏာ နဲ့ ငွေ သာ ငန်းငန်း တက်နေတဲ့ အစိုးရ ဆိုတော့ မြန်မာနိုင်ငံသား လူများစုထက် မြန်မာ့ခရိုနီများကို ဦးစားပေးတာ သဘာဝ ပေါ့။ မြန်မာပြည်သားတွေရဲ့ ဂုဏ်သိက္ခာကို ဘေးချိတ်ပြီး ကမ္ဘာ့အလယ် ကို သွားမယ်တဲ့လေ။ ဂုဏ်သိက္ခာ ဆိုတာလဲ သူတို့ နားလည်ပုံက တမျိုး ဖြစ်နေပြန်တယ်။ သူတို့က လူသတ်ရတာ သိက္ခာ လို့ မြင်တယ်။ ကမ္ဘာ့အမြင်မှာတော့ အမှန်တရားကို လက်ခံရဲ့တဲ့ သတ္တိ ပါ။ ဖါထေး နည်းပညာ နဲ့ သိက္ခာ ဆယ်လို့ မရပါဘူး။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။