(စည်းလုံးခြင်းရဲ့အင်အား)
ယခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ
တပ်မတော်နဲ့စပ်လျဉ်းပြီး ထူးခြားတဲ့ သံတမန်ရေးရာ စကားလုံးထိုးစစ်များကို မြင်ရ၊ ကြားနေရပါတယ်။
အဲဒါကတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး
သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့
ဆိုခဲ့ပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ
တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့
ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း
ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့
ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ အနေနဲ့ ၁၉၈၈
ခုနှစ်ကစပြီး ယနေ့တိုင် အချိန်ကာလအတွင်း တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့
ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်ခဲ့တဲ့အမြင်များနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာ
စကားလုံးများအပေါ် တပ်မတော်သားများရဲ့ တုန့်ပြန်သံများအား အလျဉ်းသင့်သလို တင်ပြသွားပါမယ်။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း
ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ တပ်မတော်သား အများစုရှိရာ မဂ်လာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေလိုမှာ
NLD သာ အနိုင်ရတဲ့အပြင် စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ်ကို NLD ကပင် အရှုံးလို့
တွက်ထားပြီး အရည်အချင်း သာမန်သာရှိတဲ့ ရိုးရိုးဘွဲ့ရ လူငယ်လေး တစ်ယောက်ကို ရွေးကောက်ပွဲ
ဝင်ခိုင်းခဲ့လိုက်ရာ သူကလည်း အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ်
သွားခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။
အစိုးရသတင်းစာတွေမှာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ PSO ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး
ခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ကက
(ပြည်) မှလည်း စိတ်ဓာတ်စစ်ဆင်ရေး ဆက်တိုက် လုပ်ဆောင်ပါတော့တယ်။ ထိုစဉ်က နဝတ အတွင်းရေးမှူး
(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်ကြီးထဲမှာ စစ်ရုံးရှိ
အရာရှိ အရာခံများကို ခေါ်ယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့
စကားမျိုး ပြောဆိုကြောင်း အရာရှိဟောင်း တစ်ယောက်က ဆိုပါတယ်။
“ကျွန်တော်တို့ရုံးက စစ်ရုံးဆိုပေမယ့် ယခင် အမေရိကန် မျက်စိ၊
နား၊ နှာခေါင်း ဆေးရုံကို သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေမှာ ရုံးထိုင်ရတာဗျ။
(S-2) ကြီး ခေါ်တယ်ဆိုလို့ လုပ်လက်စဖိုင်တွဲကို ချပြီး ခန်းမဆောင်ကြီးကို ချီတက်ရတာပေါ့ဗျာ။
သူက ပြောရာမှာ ကုလားမယား (ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်) ဟာ ကိုယ့်အဖေကိုသတ်တဲ့ ကုလားဖြူကို
ပြန်ယူလို့ မျိုးချစ်စိတ်မရှိဘူး၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး နေထိုင်ခြင်း
မရှိဘဲ နိုင်ငံခြားမှာ နေလာခဲ့တာ ယခုတော့ ဘုမသိ၊ ဘမသိ ခေါင်းဆောင်လုပ်တော့မယ်။ တပ်မတော်ရဲ့ပြိုကွဲရေးကို
သူနဲ့ NLD တို့က လုပ်နေတာကွ။ ဗမာ့နိုင်ငံရေးအကြောင်း မပြောနဲ့ တပ်မတော် အကြောင်းလည်း
သိမှာမဟုတ်ဘူးလို့ ပစ်ပစ်ခါခါ ပြောတယ်ဗျာ။ နောက်ပြီး သူမဟာ အစိုးရဆန့်ကျင်ရေး ထိပ်တိုက်ရင်ဆိုင်ရေး
မတရားပြောတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်”
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ မပါပဲ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း
ကြည်မောင်ရဲ့ စကားဖြစ်ကြောင်း သိရပါတယ်။ သူက NLD အနိုင်ရရင် တပ်မတော်မှာရှိတဲ့ တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီး အထက်မှာ ရှိတဲ့လူတွေကို မယူဘူး။ သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေကို
နုရင်ဘတ် စစ်ခုံရုံးလိုမျိုးနဲ့ စစ်ဆေးရမယ်လို့ ပြောကြောင်းသိရပါတယ်။ ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အေးဟာ တပ်မတော်က အာဏာမလွှဲရတဲ့ အကြောင်းရင်း တစ်ချက်ဟာ
အဆိုပါ ခြိမ်းခြောက်တဲ့ စကားကြောင့် ဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ဆိုသွားပါတယ်။
ဆက်လက်ပြီး တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့
သွေးထိုး သွေးခွဲမှုကို နားယောင်မိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ NLD အဖွဲ့အား
မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တပ်မတော်အပေါ် မေတ္တာထားဆဲလို့ ပြောလိုက်တဲ့
အချိန်မှာတော့ တပ်မတော်သား အများစုဟာ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာသွားတယ်လို့ သိရှိရပါတယ်။
ဒါပေမဲ့ တပ်မတော် အရာရှိကြီး တစ်ဦးကတော့ အောက်ပါအတိုင်း ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ကို လေလှိုင်းထဲမှာ
စကားလုံးတွေ ပစ်သွင်းနေမဲ့အစား နယ်လှည့် ခရီးစဉ်တွေမှာ တပ်မတော်ရဲ့ အခြေခံ တပ်ရင်း
၊ တပ်ဖွဲ့တွေရဲ့ တပ်ရဲဂိတ်တွေမှာ ဖြစ်ဖြစ်၊ ဆေးရုံမှာဖြစ်ဖြစ်၊ ကျောင်းတွေမှာဖြစ်ဖြစ်
ခရီးသွားဟန်လွှဲ တပ်မိသားစုများအား တွေ့ဆုံအားပေး ထောက်ပံ့ပေးသင့်တယ်။ အကြပ်တစ်ဦးရဲ့
ကလေးကို သကြားလုံးပေးရင်ပဲ ဖြစ်ဖြစ် ပါရာစီတမောဆေး ပေးရင်ပဲဖြစ်ဖြစ်၊ ဆန်တစ်အိတ် ပေးရင်ဖြစ်ဖြစ်
အဲဒီဖြစ်စဉ်ကို အင်တာနက် မီဒီယာမှာ တင်လိုက်ရင် တပ်မတော် တစ်ခုလုံး တုန်ခါသွားမှာ သေချာတယ်ဗျ။”
အပိုင်း
(၂) ကို နောက်အပတ်မှာ ဆက်လက် တင်ပြသွားပါမယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။