(စည်းလုံးခြင်းရဲ့အင်အား)
အယ်ဒီတာ။ ။
အုပ်ချုပ်ရေး ယန္တရား အဓိက အားနည်းချက်တွေက ဘာလဲ။
ဗိုလ်မှူးကြီး။ ။
အစိုးရအဖွဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရအောင် ပြည်တွင်းပြည်ပ ဖြစ်ပေါ်လာနေတဲ့ သတင်းတွေကို
အချိန်နှင့် တပြေးညီ တည်ဆောက်နိုင်ဖို့လိုတယ်။ သတင်း အခြေအမြစ်နှင့် သတင်းဌာန အမျိုးအစား၊
သတင်းပေးပို့တဲ့ ပုဂ္ဂိုလ် အဆင့်အတန်း၊ အဖွဲ့အစည်း လွမ်းမိုးမှု၊ နောက်ခံ Background
နဲ့ ရာဇဝင် စတာတွေကို မူတည်ပြီး သတင်းမှန်ကန်မှုကို ဆုံးဖြတ်ရတယ်။ ပိုဆိုးတာက အမျိုးသား
ထောက်လှမ်းရေးအဖွဲ့ တရားဝင် မဖွဲ့သေးတာကြောင့် သတင်း တည်းဖြတ်မှု စီစစ်မှု အားနည်း နေပါတယ်။
ဟိုတစ်လောက ထောက်လှမ်းရေးမှာ လုပ်ခဲ့တဲ့ ဘန်ကောက်က သံအမတ်ကြီး ဦးကျော်ဝင်းဟာ ဒုဝန်ကြီးနဲ့
သမ္မတရုံးကို ရောက်လာပြီး အမျိုးသား လုံခြုံရေး အဖွဲ့ကို ကိုင်ရတာ ကြားရတာပဲ။
အယ်ဒီတာ။ ။
သမ္မတဟာ ဝန်ကြီးတွေနဲ့ လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေတာ အဆင်မပြေတာကို တွေ့ရှိရတယ်။
ဖြုတ်ဆိုဖြုတ်၊ ရွှေ့ဆိုရွှေ့၊ ထွက်တူထွက်၊ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားက အတော့ကို လျော့တိလျော့ရဲ
နိုင်တယ် ဗျာ။ ဗိုလ်မှူးကြီး ဘယ်လိုမြင်သလဲ သုံးသပ်ပြပါဦး။
ဗိုလ်မှူးကြီး။ ။
ယခင် နအဖ၊ နဝတ ခေတ်တုန်းက အတွင်းရေးမှူး (၁/၂/၃) ဆိုပြီး ဖွဲ့စည်းကာ နိုင်ငံတော် ကောင်စီရုံးမှ
ရုံးအဖွဲ့ ငယ်များနှင့် ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြတယ်။ ညွန်ကြားရေးမှူးချုပ် ဦးဖေငြိမ်းက
အတွင်းရေး (၁) အတွက် တာဝန်ခံပြီး ဦးမြသိန်း၊ အထူးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး သန်းတင်က
အတွင်းရေးမှူး (၂) အတွက် တာဝန်ခံ လုပ်ပေးတယ်။ နောက်ပိုင်း ဦးဇော်မြင့်ဖေတို့ လုပ်ကိုင်
ဝိုင်းရံပေးကြတာဖြစ်တယ်။ ယခင်က အတွင်းရေးမှူး (၁/၂) ဆိုရင် ဝန်ကြီးတွေဟာ ဖင်တုန်အောင်
ကြောက်ရတယ် ဗျ။ ဒါကြောင့် အဖိုးကြီး ဦးသန်းရွှေအဖို့ ဂေါက်ရိုက်ချိန်၊ ဒူးနှံ့ချိန်ရတာပေါ့
ဗျာ။ သမ္မတ ဦးသိန်းစိန် စဖြစ်လာကတည်းက သမ္မတ အကြံပေးတွေနဲ့ ဝိုင်းရံပြီး သမ္မတရုံး ဝန်ကြီး
တစ်ပါး၊ နှစ်ပါးသာ ထားကာ အရှိန်ယူစတင်တာ ထွက်လာခဲ့တယ်။ ခက်တာက သမ္မတရုံးမှာ ရှိတဲ့လူတွေဟာလည်း
သမ္မတကို အထောက်အကူပြုဖို့ အားနည်းဟန်တူတယ်။ DSA-23 က ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး
သန့်ရှင်းဆိုရင် သင်တန်းမှာ ကတည်းက အီးရောင်ဝါး (Easy Going) လုပ်ခဲ့တာ ဗျ။ အကြံပေး
အရာရှိ ဦးကိုကိုလှိုင်ကလည်း တော်ပါတယ်ဆိုမှ လူထုကို ဖရောင်းတိုင်နဲ့ ချွေတာခိုင်းနေလို့
Out သွားတယ်။ ယခုခေတ် ဝန်ကြီး အချင်းချင်းကလည်း အပြန်အလှန် ဘောလီဘောပုတ်၊ ခြေရာခြင်း
တိုင်းနေကြတာကြောင့် အပြန်အလှန် ညှိနှိုင်းမှု ဟန်ချက်ညီ လှုပ်ရှားမှု အားနည်းခဲ့ဟန် တူတယ်။
နိုင်ငံတကာများနှင့် ထိတွေ့ ဆက်ဆံနေရလို့ ဝန်ကြီးဌာနများ အောက်ခြေကို ဆင်းမကြည့်နိုင်တဲ့
သမ္မတ ဦးသိန်းစိန်အဖို့ ခါးဆက် ပြတ်သွားတယ်လို့ ယူဆရတယ်။ အရေးထဲ ဒုသမ္မတ ရှစ်လုံး ထွက်သွားတာကြောင့်
သမ္မတ ဦးသိန်းစိန် အဖို့ ပိုပြီးအကြပ် ရိုက်သွားပါတယ်။ ဝန်ကြီးတွေ လုပ်ချင်ရာ ပေးလုပ်သလို
ဖြစ်သွားတယ်။ မကြာခင်မှာဘဲ ပြဿနာတွေပေါ်လာလို့ တချို့ ဝန်ကြီးတွေ ဖြုတ်လိုက်ရင် ပြဿနာ
ပိုကြီးသွားမှာ စိုးတာကြောင့် သမ္မတရုံးဝန်ကြီးများ အဖြစ် ရွေ့ပေးလိုက်ရတယ်။ ဒါနဲ့ပဲ
သမ္မတရုံးမှာ ဝန်ကြီးတွေ တစ်အုပ်တစ်မကြီး ရောက်လာတော့တာပဲ။ တချို့ကတော့ ယခုခေတ် သမ္မတရုံး
ဝန်ကြီးတွေကတော့ ဩဇာပိုရှိတယ်လို့ ပြောကြပါတယ်။ နယ်စပ်စည်ပင် ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေး နံမည် ရလာပြီးမှ ရခိုင်ပြည်နယ်ကိစ္စ မထိန်းနိုင်လို့ စစ်ဖက်ကို ပြန်သွားရတယ်။
သဘာဝ မကျတာ တခုက လေချုပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်းတို့ကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နယ်စပ်စည်ပင် ဝန်ကြီးများအဖြစ် အသီးသီး ခန့်အပ်ခဲ့တာဟာ
စစ်တပ်ရဲ့ လွှမ်းမိုးမှု ပိုပြီး ပေါ်လွင်စေတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခြေခံ
ဥပဒေအရ ခွင့်ပြုထားတာဟာ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်စည်ပင်ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး
(၃) ပါးသာ တိုက်ရိုက် အမည်စာရင်း တင်သွင်းခန့်ခွင့် ရပေမဲ့ အခြား ဝန်ကြီးဌာနတွေကိုတော့
ညှိနှိုင်းပြီးမှ ခန့်ရတယ်လို့ ရေးထားတာကြောင့် စစ်တပ် သြဇာပိုရှိနေတယ်။
အယ်ဒီတာ။ ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတ သဘောထားကွဲလွှဲ ခဲ့တာရော ဘယ်လိုသုံးသပ်မလဲ
ဗိုလ်မှူးကြီး ခင်ဗျာ။
ဗိုလ်မှူးကြီး။ ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာ၊ အနေနဲ့ နယ်ဘက် အုပ်ချုပ်ရေးမှာ
ပါဝင်ခဲ့ရင်ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး စစ်ရေး ကဏ္ဍပါဝင် ပတ်သက်လာပြီးဆိုရင်
သမ္မတနှင့် တပ်ချုပ် ထိပ်တိုက် တွေ့ကြစမြဲ ဖြစ်တာမို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကတည်းက
အခြေခံဥပဒေမှာ မဖော်ပြရင်တောင် နည်းဥပဒေမှာ
ကွဲကွဲပြားပြား အသေးစိတ် တိတိကျကျ ဖော်ပြမထားတဲ့အတွက် ဒီပြဿနာ ဖြစ်ပေါ် လာရခြင်းဖြစ်တယ်။
အခြေခံ ဥပဒေမှာ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြီးဆုံးသေးတဲ့
အချိန်အခိုက်အတန့်တွင် ရှေ့တန်းတပ်များအား ရိက္ခာပို့ အစီအစဉ် ဆောင်ရွက်ရမည် ဆိုလျှင်
ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပါက သမ္မတက မည်သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို ဖော်ညွန်းထားခြင်း
မရှိသလို တစ်ဖက်သတ် တပ်မတော်အား အပစ်ရပ်ခိုင်းပါက သတ်မှတ်တဲ့ အချိန်ကာလ ညှိနှိုင်းပေးမည်ဆိုတာကို
တွက်ချက်ပါသင့် ပါတယ်ဗျာ။ သမ္မတ ကိုယ်တိုင်ကလည်း အမျိုးသား ညီလာခံမှာ ကော်မရှင် ဥက္ကဌ
အနေနဲ့ ပါဝင် ခဲ့တာဖြစ်ပေမယ့် အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ကြိုးကိုင်ချယ်လှယ်မှု
အပေါ် မလွန်ဆန်နိုင်ခဲ့တဲ့ အကျိုးဆက် ခံစားရတာ ဖြစ်တယ်ဗျာ။ အချုပ်ဆိုရရင် ဗိုလ်ချုပ်မှူးကြီး
ဟောင်း သန်းရွှေဟာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်
ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေကို လုပ်ပိုင်ခွင့်
အာဏာအား သူ့နေရာနဲ့သူ တိတိကျကျ သတ်သတ်မှတ်မှတ် မပေးပဲ ဗိုလ်ချုပ်မှူးကြီး (ဟောင်း)
သန်းရွှေအနေနဲ့ သူ့အား အန္တရာယ် ပြုလာမှာ စိုးရိမ်လို့ အခြေခံ ဥပဒေကို ထက်ခြမ်းခြမ်းပြီး
အချင်းချင်း ထိန်းညှိနေအောင် ရောထွေး စီစဉ်သွားခဲ့တာ ဖြစ်ပါတယ်။
အယ်ဒီတာ။ ။
ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊
လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ် ဘယ်လိုသုံးသပ် မြင်ပါသလဲ။ ဗိုလ်မှူးကြီး။ ။ ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး၊
ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ်
ပီပီပြင်ပြင် တိတိကျကျ မလုပ်ခဲ့လို့ ဟိုတလောက အစည်းအဝေးခေါ်ပြီး သမ္မတက ပြန်လည်သတ်မှတ်
ပေးလိုက်ရတယ်။ ဒုသမ္မတ နှစ်ဦးကိုလည်း ဝန်ကြီးတွေ အပေါ် အုပ်စုလိုက် ကွပ်ကဲပိုင်ခွင့်
ပေးလိုက်တယ် ထင်တယ်။ ဒုသမ္မတ အသစ်တစ်ယောက် ရောက်လာတာမို့ သူတို့ နှစ်ဦးလည်း သမ္မတ အရိပ်အခြေ
ကြည့်ပြီး လှုပ်ရှားနေဟန် တူတယ်။ နိုင်ငံတော်အဆင့် စီမံကိန်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊
လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ နိုင်ငံတကာနှင့် ဆက်စပ် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များ၊
နေ့ကြီးရက်ကြီး အခမ်းအနား ကျင်းပရေးနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အခမ်းအနား
ကျင်းပရေး စတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တွေကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ဒုသမ္မတတွေအား
အမျိုးအစားလိုက် တာဝန်ခွဲဝေမှု ပေးလိုက်ဟန်တူတယ်။ အဲဒီမှာ အဂတိ လိုက်စားမှုနဲ့ စပ်လျဉ်းပြီး
စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တာဝန်ပေးလိုက်တာတော့ ကောင်းပါတယ်
ဗျာ။
အယ်ဒီတာ။ ။
သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားအပေါ် ခြုံငုံသုံးသပ်ပေးပါဦး ခင်ဗျာ။
ဗိုလ်မှူးကြီး။ ။
သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေအကြား ဆက်သွယ်မှု ရုံးလုပ်ငန်းအဆင့်ဆင့် တင်ပြနိုင်မှု၊
ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ တို့အကြား ဆက်သွယ်မှု ရုံးလုပ်ငန်း
အဆင့်ဆင့် တင်ပြနိုင်မှု Duty and Function လမ်းကြောင်း ပီပီပြင်ပြင် ဖြစ်စေဖို့ ရုံးလုပ်ငန်း
ကျွမ်းကျင်တဲ့ ဦးစီးအရာရှိများ ခန့်ထားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ လမ်းကြောင်းများ၊ ခိုင်ခိုင်မာမာ
စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် ဒေသန္တရအာဏာပိုင်
အဖွဲ့အစည်းတွေကို Mandate ပေးထားမှု ဟာလည်း လက်ရှိ ခေတ်ကာလနှင့် လျော်ညီစွာ အသက်ဝင်
လှုပ်ရှားပံ့ပိုးသင့်ပါတယ်။ ဘဏ္ဍာရေး ဘတ်ဂျက်ကို ဗဟိုပြည်ထောင်စုကသာ ထိန်းချုပ်မထားသင့်ပဲ
အလတ်စားနဲ့ အသေးစားအဆင့် စီမံကိန်းတွေကို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက တာဝန်ယူနိုင်စွမ်းရှိပါက
ခွဲဝေသတ်မှတ် ချပေးသင့်တယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူက ပိုပြီး ရာထူးကြီးတယ် ဆိုတာကို မသဲကွဲသေးပါ။
တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီးများကလည်း သတင်းစာဖတ် ဂေါက်ရိုက်ယုံကလွှဲလို့ အလုပ်မယ်မယ်ရရ
မရှိသေးတာကို တွေ့ရပါတယ်။ အာဏာကို စုစည်းထားပါက အာဏာရှင် ဖြစ်သွားနိုင်လို့ အာဏာခွဲဝေ
သုံးစွဲသူများကလည်း အချင်းချင်းအပြန်အလှန် လေးစားမှုရှိရှိ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့
လိုပါတယ်။
အယ်ဒီတာ။ ။
ဟုတ်ကဲ့ အခုလို စိတ်ရှည် လက်ရှည် ရှင်းပြပေးတဲ့အတွက် ဗိုလ်မှူးကြီးအား အထူးပဲ ကျေးဇူးတင်ပါတယ်။
လေးစားပါတယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။