(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဒေါ်ခင်ကြည်တို့ မိသားစုအား စုံစုံညီညီတွေ့ရစဉ်
ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေ
ဤသို့ တစတစနှင့် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် ရင်းနှီးခဲ့ပါသည်။
ဗိုလ်ချုပ်၏ စိတ်ဓာတ်များ ပြောင်းလဲ လာသကဲ့သို့ပင် ဒေါ်ခင်ကြည်လည်း ပြောင်းလဲ လာသည်ကို
ကျွန်တော် အကဲခတ်မိပါသည်။ အစပထမတွင် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် တွေ့ဆုံရန် သွားတိုင်းလိုလို
ကျွန်တော် လိုက်ပါခဲ့ရသော်လည်း နောက်ပိုင်းတွင်မူ ကျွန်တော် လိုက်ပါသွားရန် အကြောင်း
မပေါ်ပေါက်တော့ပါ။ သို့သော် တစ်နေ့ညနေ (၅) နာရီခန့်တွင် ကျွန်တော်၏ လုပ်ငန်းတာဝန်များ
ပြီးစီး၍ အနားယူနေခိုက် ဗိုလ်ချုပ်သည် ရွှေပေါက်ပင် ဦးဘသိန်း (ယခု - ကွယ်လွန်ပြီး) နှင့်အတူ
ကျွန်တော့် အခန်းဝတွင် ပေါ်လာပါသည်။
“ဗျို့ …. ဒေါက်တာမြင့်ဆွေ၊ လာဗျာ၊ မိန်းမ သွားတောင်းမလို့
လိုက်ခဲ့စမ်းပါ” ဟု ဆိုင်းမဆင့် ဗုံမပါပဲ ဗြုန်းကနဲ ပြောလိုက်သဖြင့် လွန်မင်းစွာ အံ့အား
သင့်သွားသော်လည်း ဗိုလ်ချုပ်က ခေါ်နေသည်မို့ မငြင်းဆန်နိုင်ပဲ လိုက်သွားခဲ့ပါသည်။ ဒေါ်ခင်ကြည်တို့၏
အခန်းဝသို့ ရောက်သည့်အခါ ဗိုလ်ချုပ်က “မိန်းမတောင်းရအောင် လာတယ်” ဟု အော်လိုက်ပါသည်။
ဗိုလ်ချုပ်အသံကို ကြားသည်နှင့် တပြိုင်နက် ဒေါ်ခင်ကြည်သည် ရှက်ကိုးရှက်ကန်းနှင့် အခန်းထဲသို့
ဝင်ပြေးသွားပါသည်။ သို့သော် ကြာရှည်စွာ ပုန်းမနေနိုင်ပါ။ ဗိုလ်ချုပ်က အော်ခေါ်နေသဖြင့်
ဒေါ်ခင်ကြည်သည် အခန်းထဲမှ ထွက်လာရပါသည်။ ဗိုလ်ချုပ်က “ကျွန်တော်လာတာ တခြားမဟုတ်ပါဘူး။
မိန်းမတောင်းရအောင် လာတာပါ ” ဟု ထပ်မံ ပြောလိုက်ပြန်ရာ ရွှေပေါက်ပင် ဦးဘသိန်းနှင့် ကျွန်တော်မှာ
ကြောင်နေကြပါသည်။ ဒေါ်ခင်ကြီးကမူ ပြုံးနေပါသည်။ ဒေါ်ခင်ကြည်ခမျာ နှင်းဆီရှက်သွေး ဖျန်းနေသည့်
မျက်နှာကို အောက်ချလျက် ခေါင်းမဖော်ပဲ ရှက်ပြုံးပြုံး နေရှာပါသည်။ ဒေါ်ခင်ကြည်က မည်သို့မှ
မပြောသဖြင့် ဗိုလ်ချုပ်မှာ ထိုနေ့က သူလိုသည့် အဖြေကို မရရှိဘဲ အခြားစကားများကို ပြောပြီး
ကျွန်တော်တို့တတွေ ပြန်လာခဲ့ကြပါသည်။
ထိုနေ့မှစပြီး ဗိုလ်ချုပ်လာတိုင်း ဒေါ်ခင်ကြည် ပုန်းနေလေ့
ရှိသည်ကို ကျွန်တော် တွေ့ရပါသည်။ မကြာမီမှာပင် ဗိုလ်ချုပ်မှာ ရောဂါများ ပျောက်ကင်း၍
ဆေးရုံမှ ဆင်းသွားပါသည်။ ဆေးရုံမှ ဆင်းပြီးနောက် တိုင်းပြည်အတွက် ကြီးလေးလှသည့် တာဝန်များကို
ဆက်လက် ထမ်းဆောင်နေရသည့် ဗိုလ်ချုပ်နှင့် ဆေးရုံမှာ အတော်ကြာ အဆက်ပြတ် သွားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဒေါ်ခင်ကြည်
တစ်နေ့ညနေ (၅) နာရီခန့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက
ဒေါ်ခင်ကြည်အား ညစာထမင်းစားရန် ဖိတ်ပါသည်။ ထိုထမင်းစားပွဲသို့ ဒေါ်ခင်ကြည်နှင့်အတူ ဆရာမ
မတင်ထွေးလည်း လိုက်ပါသွားရန် ဖြစ်သော်လည်း အကြောင်းတစ်ခုကြောင့် မတင်ထွေးမလိုက်ဖြစ်ပဲ
ဆရာမ မမြ လိုက်ပါသွားပါသည်။ ထိုညက ဗိုလ်ချုပ်၏ ထမင်းစားပွဲမှာ သူ၏ ဘ၀ကြင်ဖော်ရွေးသည့်ပွဲပင်
ဖြစ်ပါသည်။ ထမင်းစားပွဲအပြီးတွင် ဗိုလ်ချုပ်က ဒေါ်ခင်ကြည်အား သူ၏ ဘ၀ခရီးဖော်အဖြစ် လက်တွဲရန်
ခွင့်ပန်တော့ရာ ဒေါ်ခင်ကြည်လည်း မငြင်းသာတော့ပဲ လက်ခံလိုက်ရပါတော့သည်။
နောက်တစ်နေ့နံနက် ၇ နာရီအချိန်ခန့်တွင် ဒေါ်ခင်ကြည်သည်
Pantry ထဲတွင် ဆရာကြီး ဦးဘသန်းနှင့်တကွ ဆရာဝန်များသောက်ရန် ကော်ဖီဖျော်နေပါသည်။ ကျွန်တော်
ကော်ဖီသောက်ရန် Pantry ထဲသို့ ၀င်သွားသည့်အခါ ဒေါ်ခင်ကြည်က “ဒေါက်တာမြင့်ဆွေ … ညက ထမင်းစားပွဲမှာ
ဗိုလ်ချုပ်က သူနဲ့ လက်ထပ်ဖို့ ပြောလို့ ကျွန်မကတော့ ကတိပေးခဲ့ပါပြီ။ အဲဒါ ဒေါက်တာ မြင့်ဆွေ
ဘယ်လို သဘောရသလဲ” ဟု မေးပါတော့သည်။ ဘယ်လို သဘောရရမှာလဲ၊ ဒီလို ပုဂ္ဂိုလ်ကြီးမျိုးကို
ကြင်ဖက် အဖြစ်ရတာ ဆရာမအတွက် အင်မတန် ကုသိုလ်ထူးပါတယ်။ နောင်တစ်ခေတ်မှာ ဆရာမဟာ အင်မတန်
ထင်ရှားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာရမှာပဲ” ဟု ကျွန်တော် ပြန်ပြောလိုက်ပါသည်။ ကော်ဖီသောက်ပြီးနောက်
ကျွန်တော့် အလုပ်ရှိရာ အောက်ဆုံးထပ်သို့ ဆင်းလာခဲ့ပါသည်။ ၁၀ နာရီခွဲ အချိန်ခန့်တွင်
ကျွန်တော့်ထံသို့ သူနာပြုလက်ထောက် မောင်သန်းထွန်းရောက်လာပြီး ဆရာကြီး ဦးဘသန်းက ခေါ်နေကြောင်း
ပြောသဖြင့် ဆရာကြီး အခန်းထဲသို့ ၀င်သွားပါသည်။ အခန်းထဲတွင် ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်နှင့်
လက်ထပ်တော့မည် ဖြစ်ကြောင်းနှင့် လက်ထပ်ခွင့်ပေးပါရန် ဆရာကြီးထံခွင့်ပန်နေသည်ကို တွေ့ရပါသည်။
ကျွန်တော့်အား မြင်သည်နှင့်တပြိုင်နက် ဆရာကြီးက “မောင်မြင့်ဆွေ၊
ဆရာတို့တတွေတော့ ခုချိန်မှာ ဆေးရုံကြီးအတွက် အင်မတန်လိုအပ်နေတဲ့ ဆရာမကောင်းတစ်ယောက်
ဆုံးရှုံးရဦးတော့မယ်။ ရှင်နည်းရတဲ့အထဲ အဂ္ဂလူထွက်ပြန်တာပေါ့။ မခင်ကြည် လက်ထပ်တော့မယ်လေ။
ဒါပေမဲ့ သူ့တစ်သက်တာ နောင်ရေးအတွက်မို့ ဆရာတို့ ခွင့်ပြုရမှာပေါ့၊ ကဲ မခင်ကြည်၊ ဆရာခွင့်ပြုပါတယ်။
မင်းလုပ်စရာရှိတဲ့ အစီအစဉ်သာ လုပ်ပေတော့။ မောင်မြင့်ဆွေ၊ မင်းဟာ ဆရာ့ရဲ့ ညီဆိုလည်း
ဟုတ်တယ်၊ တူဆိုလည်း ဟုတ်တယ်၊ ခုလိုအချိန်ကြီးမှာ မခင်ကြည်လို ဆရာမတစ်ဦးကို လက်လွှတ်ရတာဟာ
ဆရာတို့ ဆေးရုံအတွက် ဆုံးရှုံးမှုတစ်ရပ်ပဲ။ ဒါပေမဲ့ ဆရာတို့ ၀မ်းနည်းနေကြလို့ မပြီးသေးဘူး။
ဆရာတို့မှာ တာဝန်တွေ အများကြီးရှိတယ်။ ကျန်ရစ်တဲ့သူနဲ့ ဖြစ်အောင် လုပ်ရမှာပဲ။ မောင်မြင့်ဆွေလည်း
အားမငယ်ပါနဲ့” ဟု ပြောပြီး ကျွန်တော့်အား လုပ်ရန်ရှိသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ရန်
ပြောလိုက်သဖြင့် ကျွန်တော်လည်း ဆရာကြီး၏ အခန်းတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပါသည်။
ဆရာကြီးမှာ ဆရာမကောင်းတစ်ဦး လက်လွှတ်ရတော့မည်ဖြစ်၍ မျက်နှာမကောင်းလှပဲ ကျန်ရစ်ရှာပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအား ပြည်သူ့ရဲဘော်ဥက္ကဌအဖြစ်
တာဝန်ယူထားစဉ် မန္တလေးတောင်ပေါ်တွင် မိသားစုနှင့်အတူတွေ့ရစဉ်
ဒေါ်ခင်ကြည်၏လက်ထပ်မင်္ဂလာ
အကြိုည
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာအခမ်းအနားအတွက်
ခန်းဝင် ပစ္စည်းများကို ဗိုလ်ချုပ်ဈေးမှ ၀ယ်ယူကြပါသည်။ ဆရာမကောင်းတစ်ယောက်၏ လက်ထပ်ပွဲအတွက်
ဆရာကြီး ဦးဘသန်းမှာ လိုအပ်သော ပစ္စည်းများကို အထူးဂရုစိုက်ပြီး ရှာဖွေ ၀ယ်ခြမ်းပေးပါသည်။
လက်ထပ်ရန်အချိန်မှာလည်း တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီဖြစ်သော်လည်း ဒေါ်ခင်ကြည်သည် ဆေးရုံ၏
တာဝန်များကို မလစ်ဟင်းစေဘဲ ထမ်းဆောင်မြဲ ထမ်းဆောင်လျက်ရှိနေပါသည်။ ဒေါ်ခင်ကြည်သည် အကယ်ပင်
ဆရာမကောင်းတစ်ယောက်ပီသသူ ဆရာဝန်များက အားကိုးရသူဖြစ်၍လည်း ဆရာကြီး ဦးဘသန်း၏ အချစ်တော်
ဖြစ်နေခဲ့ရပါသည်။
၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် ဒေါ်ခင်ကြည်၏ လက်ထပ်ပွဲ
ကျင်းပပါတော့မည်။ လက်ထပ်ပွဲ မကျင်းပမီ တစ်ရက်အလို ၁၉၄၂ ခု စက်တင်ဘာလ (၅) ရက်နေ့က ဖြစ်ပါသည်။ ထိုရက်တွင် ဆရာဝန်ဖြစ်သူ ကိုစံမြင့်ကလည်း ပဲခူးသို့သွားနေ၍
ကျွန်တော်တို့ နေထိုင်ရာ အခန်းကျယ်ကြီးထဲတွင် ကျွန်တော်တစ်ယောက်တည်း နှစ်ခြိုက်စွာ
အိပ်မောကျနေခိုက် တံခါးခေါက်သံ တဒုန်းဒုန်းနှင့်အတူ မှောင်ကြီးမဲမဲတွင် တွေ့မြင်လိုက်ရ၍
အိပ်ယာမှ လူးလဲထပြီး “ဟေ့၊ ဘယ်သူလဲကွ၊ ရပ်လိုက်၊ မလှုပ်နဲ့” ဟု အော်လိုက်မိပါသည်။ “မောင်မြင့်ဆွေ၊
ဆရာပါကွ၊ အရေးတကြီးခွဲစိတ်ဖို့ရှိတယ်။ ခွဲစိတ်ခန်းကို ပြင်ဖို့ မခင်ကြည်နဲ့ အထွေးတို့ကိုပါ
နှိုးလိုက်ပါ” ဆိုသည့် ဆရာကြီး ဦးဘသန်း၏ အသံကို ကြားရသဖြင့် ကျွန်တော်လည်း ဆရာကြီး၏
အမိန့်အတိုင်း ဒေါ်ခင်ကြည်တို့ အခန်းသို့ သွားနှိုးပြီး ခွဲစိတ်ခန်းကို ပြင်ဆင်ကြရပါသည်။
ခွဲစိတ်ခန်းကြီးထဲတွင် ထိုညက မီးမလာ၍ ဒေါ်ခင်ကြည်၊ အထွေးနှင့်
ကျွန်တော်တို့သည် အို-ပီ-ဒီ ဘက်သို့ သက်ဆိုင်ရာ ပစ္စည်းများကို ယူပြီး လျှောက်လာခဲ့ကြသည်။
အို-ပီ-ဒီ အခန်းရှေ့ရှိ အခန်းကြီးထဲတွင် ဆရာကြီးသည် ကုလားထိုင်တစ်လုံးနှင့် ထိုင်နေပါသည်။
ကျွန်တော်တို့ သုံးယောက်ကို မြင်သည့်အခါ ဆရာကြီးက “မောင်မြင့်ဆွေ၊ ဆရာ့ အနီးကြည့်မျက်မှန်
ချာချီလမ်းကအိမ်မှာ ကျန်ရစ်ခဲ့တယ်။ ပြန်ယူရလိမ့်ဦးမယ်” ဟု ပြောပြီး စားပွဲပေါ်တွင် တင်ထားသည့်
လူနာရှိရာသို့ ကျွန်တော်တို့အား ခေါ်သွားပါသည်။ လူနာမှာ စစ်မဖြစ်မီ အင်္ဂလိပ်ခေတ်က နာမည်ကျော်ကြားသော
ဓာတုဗေဒ ကထိက ဆရာကြီးတစ်ဦး ဖြစ်ပါသည်။ လူနာမှာ ရောဂါမှာ ပေါင်တွင်းသို့ အူကျပြီး ပိတ်ဆို့သွားခြင်း
ဖြစ်သည်။ ထို့နောက် လူနားအား မော်ဖီးယား ထိုးပေးလိုက်ပြီးနောက် ဆရာမများကို အစောင့်ထားခဲ့ကာ
ကျွန်တော်နှင့်ဆရာကြီးသည် ချာချီလမ်း၊ အမှတ် (၃) ရှိ ဆရာကြီး၏ နေအိမ်သို့ ထွက်လာခဲ့ကြသည်။
မှောင်နှင့်မည်းမည်း ညအချိန် မတော်ကြီးတွင် စီးစရာ မည်သည့်ယာဉ်မှမရှိသဖြင့်
ဆရာတပည့် နှစ်ယောက် ခြေလျင်လျောက်ကြရပါသည်။ ခရီးကလည်း မနီးပါ။ သို့နှင့် တဖြည်းဖြည်း
လျှောက်လာကြပြီး လူအိုရုံလမ်းထိပ်သို့ ရောက်သော် ထိုစဉ်က တိရိစ္ဆာန်ရုံထောင့်တွင် နေထိုင်သော
ခေါင်းဆောင်ကြီး သခင်မြ၏ အိမ်သို့ သွားကာ သခင်မြကို နှိုးပြီး အကျိုးအကြောင်း ပြောပြ၊
သူ့ထံမှ မော်တော်ကား ငှားရပါသည်။ သခင်မြကလည်း မဆိုင်းမတွပင် သူ့မော်တော်ကားနှင့် သူ့ဒရိုင်ဘာကို
ငှားလိုက်ပါသည်။ ချာချီလမ်းရှိ ဆရာကြီး၏အိမ်သို့ မျက်မှန် ပြန်ယူပြီးနောက် ဆေးရုံသို့
ထိုကားနှင့်ပင် ပြန်လာကြပါသည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ရန်ကုန်မြို့တွင်း၌
အင်အားပြနေသော ဂျပန်တပ်ဖွဲ့များ
ဆေးရုံသို့ ပြန်ရောက်သည့် အချိန်တွင် ဒေါ်ခင်ကြည်နှင့် အထွေးတို့မှာလည်း
ခွဲစိတ်ရာတွင် အသုံးပြုရမည့် ကိရိယာများကို ပြုတ်ပြီးသလောက်ရှိ၍ လူနာအား ခွဲစိတ်ရန်
အသင့်ပြင်ထားကြပါသည်။ အထွေး၏ သူငယ်ချင်းဖြစ်သူ ဆရာမ မမြ (နောင် - မင်္ဂလာဒုံ စစ်ဆေးရုံမှ
ဗိုလ်ကြီး ဒေါ်မြ) နှင့် ထိုစဉ်က ဆေးရုံကြီးသို့ ခေတ္တ အလည်ရောက်နေသော ဗိုလ်မှူးကြီးဟောင်း
ကျော်မြင့်တို့မှာလည်း အိပ်ယာမှာနိုးလာပြီး ကျွန်တော်တို့ ခွဲစိတ်ကုသသည်ကို ကြည့်ရှုရန်
အို-ပီ-ဒီ သို့ဆင်းလာကြပါသည်။ ကျွန်တော်တို့ ရောက်ပြီးနောက် ခွဲစိတ်ရာတွင် လိုမည်ထင်သည့်
ကိရိယာများကို ထပ်မံပြုလုပ်ပေးရန် ဆရာကြီးက ညွှန်ကြားသဖြင့် အထွေးသည် ထင်းချောင်းများကို
ယူကာ ရေနွေးအိုးတည်ကာ ထိုကိရိယာများကို ထပ်မံပြုပေးရပြန်ပါသည်။ ဆရာကြီးသည် ကိရိယာများပြုတ်ပေးသည်ကို
စောင့်ရင်း ၎င်း၏ ရုံးခန်း၌ ဒေါ်ခင်ကြည်နှင့် စကားထိုင်ပြောနေပါသည်။ ဆရာကြီးသည် ထိုသို့
စကားပြောရင်းက မနီးမဝေးတွင် ထိုင်နေသည့် ကျွန်တော့်ဘက်သို့ လှည့်ပြီး “စံနမူနာ တင်လောက်တဲ့
သူနာပြု ဆရာမကြီးပေပဲ။ လက်မထပ်မီ အကြိုညမှာတောင် ခွဲစိတ်တဲ့ သမားတော်ကို ကူညီခဲ့တယ်”
ဟု အင်္ဂလိပ်လို လှမ်းပြောလိုက်ပါသည်။ ထိုနောက် ဆရာကြီးသည် နေရာမှ ထကာ လူနာအား သွားရောက်ကြည့်ရှုပြီး
“မခင်ကြည်၊ Sctub (ဘရပ်ရှ်နဲ့ ပွတ်တိုက်ဆေးခြင်း) လုပ်တော့၊ အားလုံး အဆင်သင့်ဖြစ်နေပြီ”
ဟု ပြောပါသည်။
ဒေါ်ခင်ကြည်သည် သူဝတ်ဆင်ထားသော ကုတ်အင်္ကျီ အပြာရောင်လေးကို
ချွတ်လိုက်ပြီး လက်များကို ရေစက်တွင် သွားကာ သွားပွတ်တံဖြင့် ပွတ်တိုက်ဆေးကြောလိုက်ပါသည်။
ပြီးနောက် နှာခေါင်းနှင့် ပါးစပ်တို့ကို စည်းကာ ခွဲစိတ်ခန်းသုံး ၀တ်စုံရှည်ကြီးကို
ဝတ်လိုက်ပါသည်။ ကျွန်တော်သည်လည်း ဆရာကြီး၏ အမိန့်အရ လူနာအား ကလိုရိုဖောင်းမေ့ဆေးဖြင့်
မေ့ဆေးပေးလိုက်ပါသည်။ လူနာသတိလစ်သွားသည်နှင့်တပြိုင်နက် ဆရာကြီးသည် စတင် ခွဲစိတ်ပါတော့သည်။
ဆရာမ ဒေါ်ခင်ကြည်နှင့် ကျွန်တော်က ခွဲစိတ်ရာတွင် ၀ိုင်းဝန်းကူညီပေးပြီး ဆရာမ မမြနှင့်
ကိုကျော်မြင့်က ဘေးမှ ကြည့်ရှုလေ့လာနေကြပါသည်။
နောက်ဆုံးတွင် ခွဲစိတ်မှုကား အောင်မြင်စွာပြီးဆုံးသွားပါသည်။ကထိကကြီးသည်
ခွဲစိတ်ကုသသည့် စားပွဲလေးပေါ်တွင် အသက်မှန်မှန်ရှုနေပါသည်။ ထိုအချိန်တွင် ကထိကကြီး၏ ဆွေမျိုးသားချင်းများလည်း
ရောက်လာကြပါသည်။ မိုးလည်း ထိန်ထိန်လင်းနေလေပြီ။ လူနာအား ခွဲစိတ်သည့်နေရာကို ပတ်တီးဖြင့်
သပ်ယပ်စွာ စည်းပေးပြီး ဒုတိယထပ်ရှိ ခုတင်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ပါသည်။ လူနာကို
နေသားတကျထားပြီးနောက် အပေါ်ထပ်သို့ ကျွန်တော် ပြန်တက်လာသည့်အခါ ဆရာကြီးနှင့် ဒေါ်ခင်ကြည်တို့သည်
ဒေါ်ခင်ကြီး ပို့လိုက်သည့် ကော်ဖီပူပူလေးကို သောက်ရင်း စကားပြောနေကြပါသည်။ ထို့နောက်
ကျွန်တော်တို့သည် မိမိတို့ ဆိုင်ရာအခန်းသို့ သွားရောက်ပြီး တရေးတမော အိပ်စက်ကြပါတော့သည်။
ဆောင်းပါးရှင်
- ဒေါက်တာမြင့်ဆွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည် - အပိုင်း (၃) ကို ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။