(စည်းလုံးခြင်းရဲ့အင်အား)
မင်္ဂလာဧည့်ခံပွဲတွင် တွေ့ရသော
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီး သူနာပြု ဆရာမဒေါ်ခင်ကြည်
အယ်ဒီတာအဖွဲ့၏ တင်ပြချက်။ကကကက။ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀တကွေ့မှ လူသိနည်းသော အဖြစ်အပျက်တို့အကြောင်း တင်ဆက် လိုက်ရပါသည်။
ဗိုလ်ချုပ်သည် မနေမနား အလုပ်လုပ်လွန်းသဖြင့် ပင်ပန်းနွမ်းနယ်က ပန်းဖျား အပြင်းဖျားသည်။
ဆေးရုံကြီး၌ တက်ရောက် ကုသခံရန် အတန်တန် ၀ိုင်းပြောကြသော်လည်း တိုင်းပြည်အတွက် လုပ်စရာတွေ
အများကြီး ရှိသည်ဟုဆိုကာ ငြင်းပယ်နေခဲ့သည်။ အဖျားသည် ပြင်းသထက် ပြင်းလာသည်။ ဤတွင်မှ
မရမက နားချ၍ ဆေးရုံကြီးသို့ ပို့ဆောင်ရသည်။ နာမကျန်း ဖြစ်နေခိုက် ဆေးရုံကြီး၌ သူ၏ ဖူးစာဖက်၊
ဘ၀ကြင်ဖော်ဖြစ်သော သူနာပြုဆရာမ မခင်ကြည်နှင့် မည်သို့တွေ့ကြုံ၊ မေတ္တာဆုံလျက် လက်ထပ်ပွဲ
ဆင်နွှဲကြသည်တို့ကို မှတ်သားဖွယ်ရာ အဖြစ် ဒေါက်တာမြင့်ဆွေ ရေးသားသည့် မှတ်မိသေးတယ် ဂျပန်ခေတ်
ဆေးရုံကြီးဝယ် စာအုပ်မှ ထုတ်နုတ် ဖော်ပြပေးလိုက်ပါသည်။
ဆောင်းပါးရှင်
- ဒေါက်တာမြင့်ဆွေ
တစ်နေ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်း အသည်းအသန် ဖျားနေသဖြင့်
တပည့် စစ်ဗိုလ်များက ဆရာကြီး ဦးဘသန်းအား လာခေါ်ကြပါသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ
ယခုအင်္ဂလိပ်သံရုံး ဖွင့်ထားသည့် အလံပြဘုရားလမ်းရှိ တိုက်တွင်နေပါသည်။ ထိုအချိန်တွင်
ယခင်က ချာချီလမ်းတွင်နေပြီး ဆေးရုံသို့ နေ့စဉ်
အလုပ်ဆင်းလေ့ရှိသည့် ဒေါ်ခင်ကြီးနှင့်
ဒေါ်ခင်ကြည်တို့ ညီအစ်မမှာလည်း ဘီအိုင်အေဆေးရုံကြီး အပေါ်ဆုံးထပ်သို့ ပြောင်းရွှေ့လာကြပါသည်။
ဒေါ်ခင်ကြည်တို့ ညီအစ်မနှင့် ရင်းနှီးသည့် ဆရာမ မတင်ထွေးမှာလည်း ပြည်မြို့မှ ရောက်လာပြီး
သူတို့ ညီအစ်မနှင့်အတူပင် ဘီအိုင်အေ ဆေးရုံကြီးတွင် ဆရာမအဖြစ် ၀င်ရောက် လုပ်ကိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းထံမှ အခေါ် ရောက်လာသည့်အခါ ဆရာကြီး ဦးဘသန်းနှင့်အတူ ဒေါ်ခင်ကြည်လည်းသည်
လိုက်ပါသွားပြီး ကြည့်ရှုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်မှာ အပြင်းဖျားလျက်ရှိရာ အပူချိန်မှာ
103 အထိ ဖြစ်နေပါသည်။
ဆရာကြီးသည် ဗိုလ်ချုပ်အား စမ်းသပ်ကြည့်ရှု၍ ဆေးရုံသို့ ပြန်လာပြီးနောက်
အပူချိန် များစွာ ရှိနေသည့် ဗိုလ်ချုပ်အား အနားတွင် စောင့်ကြပ် ကြည့်ရှုရန်အတွက် ဆရာမ
မတင်ထွေးအား အထူး သူနာပြုအဖြစ် ဗိုလ်ချုပ်ထံ စေလွှတ်လိုက်ပါသည်။ အများသိရှိပြီး ဖြစ်ကြသည့်အတိုင်း
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ မည်သည့်အမျိုးသမီးနှင့်မှ အရောတ၀င် ပြုံးရွှင်ရယ်မော၍
မနေတတ်ပဲ အမျိုးသမီးများနှင့် ဆက်ဆံရာတွင် မျက်နှာထား တည်လွန်း၊ တင်းလွန်းသဖြင့် ငယ်ရွယ်သေးသူ
ဆရာမ မတင်ထွေးမှာ ကြောက်ကြောက်လန့်လန့်နှင့်ပင် ဗိုလ်ချုပ်အား ပြုစုခဲ့ရပါသည်။ အပူချိန်များသည့်
ဗိုလ်ချုပ်မှာ ချွေးများ အဆမတန် ထွက်နေသည့်အတွက် အိပ်ယာတွင် အောက်မှ ကန့်လန့်ခံရန်
Draw-Sheet လိုလာပါသည်။ “Dear Dr. Myint, Draw-Sheet ပေးလိုက်ပါ ” ဆိုသည့် စာတိုလေးတွင်
အောက်မှ “မထွေး”
ဟု လက်မှတ်ထိုးလျက် ကျွန်တော့် လက်ထဲသို့ ရောက်လာပါသည်။ ထိုစာလေး ရောက်လာသည့် အချိန်တွင်
ကျွန်တော်သည် ဗိုလ်လှသမိန်၊ ဗိုလ်ကျော့မောင်တို့နှင့်အတူ အို-ပီ-ဒီ အခန်းတွင် ရှိနေရာ
ဗိုလ်လှသမိန်နှင့် ကိုကျော့မောင်တို့ကလည်း ဆရာမ မတင်ထွေးထံမှာ စာကို ၀ိုင်းဖတ်ကြပါသည်။
စာဖတ်ပြီး ကျွန်တော်က စာလာပေးသူ လက်သို့ Draw-Sheet ပေးမည်လုပ်ခိုက် ဖိုးကျော့မောင်က
“ဗျို့ ကိုမြင့်ဆွေ၊ ဒီစာကို သေသေချာချာ ဖတ်စမ်း၊ ဒီးယားဒေါက်တာမြင့် …. တဲ့။ အောက်ကလည်း
အထွေးလို့ လက်မှတ် ထိုးထားတယ်။ အဲဒါ ဘာသဘောလဲ။ ဒါဟာ ဘယ်နည်းနဲ့မှ ရိုးမှာ မဟုတ်ဘူး။
ဒီလို အချိန်ကြီးမှာ လာစွန်နေပါလား” ဟု ၀ိုင်းစကြပါတော့သည်။
ကျွန်တော်လည်း Draw-Sheet ကို ပေးလိုက်ပြီးသည့်နောက် အထွေးရေးလိုက်သည့် စာကို အပြန်ပြန်
အလှန်လှန်ဖတ်ရင်း ကျန်ရစ်ခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအား ကျောင်းသားသမဂ္ဂ၏
ဥက္ကဌအဖြစ် တာဝန်ယူစဉ်က တွေ့ရစဉ်
အထွေးသည် ဆရာကြီး ဦးဘသန်းကို၎င်း၊ အစ်မသဖွယ်ဖြစ်သော ဒေါ်ခင်ကြည်ကို
၎င်း မလွန်ဆန်ဝံ့၍သာ ဗိုလ်ချုပ်အိမ်သို့ သွားရောက်ပြုစုနေရသော်လည်း ဗိုလ်ချုပ်မျက်နှာထားကိုလည်း
ကြောက်ရွံ့ဖြင့် အနားကပ်သို့ မကပ်ရဲပဲဖြစ်နေရာ သို့နှင့်ပင် ညနေပိုင်းတွင် အထွေးဆေးရုံသို့
ပြန်လာပါတော့သည်။ အထွေးက ဆရာကြီးအား “ဆရာ၊ ဗိုလ်ချုပ်ကို ဆေးရုံခေါ်ထားရင် ပိုကောင်းပါတယ်။
အိမ်မှာဆိုတော့ ဆေးရုံမှာလို အစစ ပြည့်စုံတာ မဟုတ်လို့ လုပ်ရတာလဲ အဆင်မပြေပါဘူး။ ဆရာတို့၊
မမကြည်တို့ အနားမှာ ထားပြီး ကုသရင် ပိုအဆင်ပြေတာပေါ့”
ဟု ပြောသဖြင့် ဆရာကြီးက ဗိုလ်ချုပ်အား ဘီ-အိုင်-အေ ဆေးရုံကြီးသို့ တင်လိုက်ပါတော့သည်။
ဆေးရုံသို့ ရောက်ပြီး ကြပ်ကြပ်မတ်မတ် ပြုစုကုသသည့်အခါ ဗိုလ်ချုပ်၏ ဝေဒနာမှာ သိသိသာသာကြီးပင်
သက်သာသွားပါသည်။ အဖျားကျသွားပြီး သက်သာလာသော်လည်း အားအင်ဖြည့်တင်းရန် လိုသေးသဖြင့်
ဆေးရုံမှ ဆင်းခွင့်မပေးပဲ ဆက်လက် ပြုစု၍ နေခဲ့ပါသည်။ အားရှိရန် ကြက်ဥ၊ နွားနို့ စသည့်
အဟာရများကို ကျွေးမွေးခြင်း၊ ရေပတ်တိုက်ပေးခြင်း စသည့်ကိစ္စများကို လုပ်ဆောင်ရန်အတွက်
မျက်နှာထားတည်လွန်းသည့် ဗိုလ်ချုပ်အား အခြားဆရာမများ လုပ်ကိုင်၍ မပေးရဲကြသဖြင့် လူကြီးဖြစ်သူ
ဒေါ်ခင်ကြည်ကိုယ်တိုင် တာဝန်ယူကာ ပြုစုပေးခဲ့ရပါသည်။ ဒေါ်ခင်ကြည် ကိုယ်တိုင်မှာလည်း ဆရာမကောင်းတို့၏
စိတ်ထားပြည့်ဝစွာ ထားပြီး စိတ်တိုတတ်သူ ဗိုလ်ချုပ်အား စိတ်ရှည်ရှည်နှင့် အတော်ပင် သည်းခံ
ပြုစုခဲ့ရခြင်း ဖြစ်ရာ မိခင်စိတ် အပြည့်အ၀ ရှိသည့် ဒေါ်ခင်ကြည်၏ ပြုစုယုယမှုအောက်တွင်
ဗိုလ်ချုပ်၏ သံမဏိစိတ်ဓာတ်မှာ ဖော့ဖယောင်းပမာ ပျော့ပျောင်း၍ လာပါတော့သည်။ ယခင်က အမြဲမျက်နှာထား
တင်းမာနေခဲ့သည် ဗိုလ်ချုပ်မှာ ယခုအချိန်တွင် ပြုံးရိပ်သန်းလာသည်ကို တွေ့မြင်လာကြရပါသည်။
တစ်ညတွင် ကျွန်တော်သည် ၀ရန်တာတွင် ထိုင်ပြီး တယောလေးကို
စမ်းနေခိုက် ဗိုလ်ချုပ်သည် အပြင်မှ ဗိုလ်စကြာနှင့်အတူ ပြန်လာပြီး ကျွန်တော့်၏ အခန်းတံခါးကို
ခေါက်ကာ “ဒေါက်တာမြင့်ဆွေ၊ တယောယူပြီး လိုက်ခဲ့စမ်းဗျာ။ ဟိုဆရာမ မခင်ကြည်တို့ဆီ အလည်သွားရအောင်” ဟု ပြောသဖြင့် ကျွန်တော်လည်း အချစ်တော် တယောလေးယူကာ
လိုက်သွားရပါတော့သည်။
ကျွန်တော်တို့ သုံးဦးသားသည် ဆေးရုံကြီး အပေါ်ဆုံးထပ်ရှိ
ဒေါ်ခင်ကြည်တို့ အခန်းသို့ တက်လာခဲ့ကြပါသည်။ အပေါ်ဆုံးထပ် ကော်ရစ်ဒါတွင် လရောင်ဖြာကျနေပါတယ်။
လေအေးကလေးမှာလည်း မြက်ခင်းပြင်ကို ကျော်ဖြတ်ကာ ကျွန်တော်တို့အား ဆီးကြိုနှုတ်ဆက်လိုက်ရာတွင်
ကျွန်တော်တို့မှာ လွန်စွာမှ ချမ်းမြေ့ကြည်နူးနေမိပါသည်။ ဗိုလ်ချုပ်သည် အစဉ်သဖြင့် တင်းမာ
ခက်ထန်နေသော မျက်နှာထားရှိရာ ဗိုလ်ချုပ်ကို အစဉ်သဖြင့် တင်းမာခက်ထန်သော သွင်ပြင်ကိုသာ
မြင်ဖူးကြပါလိမ့်မည်။ အေးမြကြည်သာသော မျက်နှာပေးကို မြင်ဖူးသူ ရှိလိမ့်မည် မဟုတ်ဟု
ကျွန်တော် ထင်မိပါသည်။ ထိုညကမူ ဗိုလ်ချုပ်၏ မျက်နှာမှာ နူးညံ့ပျော့ပျောင်း သိမ်မွေ့စွာဖြင့်
နှစ်သိမ့်ကြည်နူးစွာ ပြုံးနေသည်ကို ကျွန်တော် သတိထား မိခဲ့ပါသည်။ ဗိုလ်ချုပ်၏ ထိုမျက်နှာပေးမျိုးကိုလည်း
ကျွန်တော်တစ်ယောက်သာ မြင်ဖူးလိမ့်မည် ထင်ပါသည်။
ဗိုလ်ချုပ်၏ မျက်နှာထားကို တင်းမာစေခဲ့သည့် တိုင်းပြည်နှင့် လူမျိုးအတွက် သေရေးရှင်ရေး
ကိစ္စများမှာ ထိုည ထိုအချိန်က ဗိုလ်ချုပ်ထံမှ အခိုက်အတန့်အားဖြင့် ရှောင်ခွာနေပေလိမ့်မည်ဟု
ကျွန်တော်ယူဆခဲ့မိသည်။ ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့်ရှိ အခန်းလေးတွင်
ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီးနှင့် ဆရာမ မတင်ထွေးတို့ နေထိုင်ကြပါသည်။
ဂျပန်ခေတ်ကာလအတွင်း မြန်မာသူနာပြုဆရာမလေး
တစ်ဦး၏ ပုံ
“ဆရာမ၊
ဧည့်သည်လာတယ်”
အခန်းဝတွင် ရပ်ပြီး ဗိုလ်ချုပ်က အသံပြုလိုက်ပါသည်။ ဗိုလ်ချုပ် အသံကြားသည်နှင့် တပြိုင်နက်
ဒေါ်ခင်ကြီးနှင့် ဆရာမ မတင်ထွေးတို့သည် ဧည့်ခန်းတွင် ထိုင်နေရာမှ အိပ်ခန်းတွင်းသို့
ဝင်သွားကြပါတော့သည်။ ဒေါ်ခင်ကြည်ကမူ ပြုံးရွှင်စွာဖြင့် “ဗိုလ်ချုပ်တို့ အလည်လာကြသလား၊
ထိုင်ကြပါ၊ ထိုင်ကြပါ။ ဧည့်ခန်းထဲက အိုက်ပါတယ်။ ၀ရန်တာ ထွက်ကြရအောင်”
ဟု ပြောပြောဆိုဆိုဖြင့် ဧည့်ခန်းထဲမှ ကုလားထိုင်နှစ်လုံး ဆွဲထုတ်ပြီး ၀ရန်တာတွင်ရှိသော
စားပွဲဝိုင်းလေးကို ၀ိုင်းပြီးချလိုက်ပါသည်။ ကျွန်တော်သည်လည်း အခြား ကုလားထိုင်တစ်လုံး
ဆွဲထုတ်ပြီး စားပွဲလေးနားသို့ ပို့လိုက်ပါသည်။ လေးယောက်သား အသီးသီး နေရာယူပြီး စကားစမြည်ပြောကြပါသည်။
ကျွန်တော့် အချစ်တော် တယောလေးကိုမူ ဧည့်ခန်း အတွင်းရှိ ခုံရှည်လေး တစ်ခုပေါ်တွင် တင်ထားလိုက်ပါသည်။
ဗိုလ်ချုပ်က စတင်၍ - “ဘယ်နှယ့်လဲ ဆရာမ၊ အလုပ်လုပ်ရတာ ပျော်ရဲ့လား။ အမှုထမ်းက နည်း၊ လူနာက
တဖြည်းဖြည်းများလာ၊ ဆေးရုံကလည်း နေသားတကျ မဟုတ်သေးတော့ ပင်ပန်းမှာပေါ့။ ရွှေတောင် တိုက်ပွဲက
ဒဏ်ရာရလာတဲ့ လူနာတွေ ဘယ်အခန်းမှာ ထားသလဲ”
“အခုအချိန်မှာ
အလုပ်လုပ်ရတာ ပင်ပန်းတာတော့ ပင်ပန်းတာပဲ။ ဒါပေမဲ့ ပင်ပန်းတာကိုချည်း ကြည့်လို့တော့
မဖြစ်ဘူးပေါ့။ ကျွန်မတို့ သူနာပြုဆရာမတွေလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကိုယ့်တိုင်းပြည်အတွက်
ဝင်ရောက် ကူညီဖို့ရာက ကျွန်မတို့ရဲ့တာဝန်ပါပဲ။ ရွှေတောင် တိုက်ပွဲတုန်းက ဒဏ်ရာရတဲ့ လူနာတွေကတော့
အခန်း နံပတ်(၂) မှာ ရှိပြီး ဒေါက်တာမြင့်ဆွေက စောင့်ရှောက်နေပါတယ်”
“ဆရာမရေ
.. ကျွန်တော်တို့တတွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီးတလျှောက်မှာ ဆရာမတို့လို
ကြင်နာယုယစွာ ပြုစုခြင်းကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံရောက်မှ အခုလို
ပြုစုယုယတဲ့ ဆရာမတို့နဲ့ တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ကြည်နူးမိတယ်ဗျာ။ ကိုင်း … ဆရာမ
သီချင်းတစ်ပုဒ်လောက် ဆိုစမ်းပါ။ ဒေါက်တာ မြင့်ဆွေက တယောကိုင်ဗျာ”
“အို..ဗိုလ်ချုပ်ကလည်း
ရှက်စရာကြီး၊ ဘယ်ဆိုတတ်ပါ့မလဲ”
“ဆိုသာဆိုပါ။
ရှက်စရာမရှိပါဘူး။ ကျွန်တော့်ချည်းပဲရှိတာပါ”
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက်ဂျပန်စစ်သားများ
ကျွန်တော်သည် တယောလေးကို ထယူပြီး တို့ထိလျက် အသံပေါ်အောင်
ဖြည်းညင်းစွာ ဆွဲလိုက်ပါသည်။ ဗိုလ်စကြာက ကြားဝင်၍ “မခင်ကြည်၊ ခဗျား စိန်ချူးကြာညောင်
ဆိုတတ်သားပဲ”
ဟု ဒေါ်ခင်ကြည်အား ပြောလိုက်ပါသည်။ ထိုအချိန်က ကြီးကျယ်ထင်ရှားသော ပုဂ္ဂိုလ်ကြီးနှစ်ဦး၏
ခိုင်းစေမှုကို မလွန်ဆန်နိုင်တော့ပဲ သီချင်းဆိုရန် ပြင်ပါတော့သည်။ သိုဖြင့် ဒေါ်ခင်ကြည်သည်
စစ်ကြိုခေတ် နာမည်ကျော် ရုပ်ရှင်မင်းသမီး မေရှင်ဆိုခဲ့သော စိန်ချူးကြာညောင် ဘောလယ်ကွက်ပါသော
“မယ်ခုမျှော်” သီချင်းကို သီဆိုပြခဲ့ပါသည်။ နာမည်ကျော် အဆိုတော်
မေရှင်၏ မယ်ခုမျှော်သီချင်းမှာ ဗိုလ်ချုပ်၏ နားထဲသို့ သာယာကြည်နူးစွာ စိမ့်ဝင်သွားစေခဲ့ပါသည်။
ကျွန်တော်သည် ဗိုလ်ချုပ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်ဖြစ်ရာ တယောထိုးရင်း ဗိုလ်ချုပ်ကို
စူးစူးစိုက်စိုက် ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုအခိုက် သီချင်းသံမှာ ရပ်သွားပါတော့သည်။
“သိပ်ကောင်းတာပဲဗျာ။ နောက် တစ်ခေါက်လောက် ထပ်ဆိုပြပါဦး”
ဟု ဗိုလ်ချုပ်က ထပ်မံတောင်းဆိုလာသဖြင့် ဒေါ်ခင်ကြည်မှာ ထပ်ဆိုရပြန်သည်။ တယောသံမှာလည်း
ဒေါ်ခင်ကြည်၏ အသံကိုမှေးလျက် အကွက်ကျ ဖြစ်နေပါတော့သည်။ “ကိုင်း … တော်ပါတော့”
ဟု ဗိုလ်ချုပ်က ပြောမှ ကျွန်တော်တို့ ရပ်လိုက်ကြပါသည်။ ထို့နောက် ဒေါ်ခင်ကြည် ဧည့်ခံသည့်
ကော်ဖီနှင့် မုန့်များကို စားသောက်ပြီး ကျွန်တော်တို့ ပြန်လာကြပါသည်။
ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဒေါ်ခင်ကြည် - အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။