Tuesday, February 12, 2013

လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာ။          ။ ရှစ်မိုင် တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးကို တပ်မ (၁၁) ဝင်ရောက် စီးနင်း ခဲ့တုန်းက အချက်အလက်တွေကို ရရှိဖို့ ကွန်ပြူတာတွေကို အချိန်မှီ ဝင်ထိန်းဖို့ ကြိုးစားပေမယ့် delete လုပ်ခံရကာ မရလိုက်ဘူး သိရတယ်ဗျ။ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်တွေ ဘာတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို ဆက်လက် ရှင်းပြပေးပါဦး။

ဗိုလ်မှူးကြီး။          ။ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အချိန်ယူ တည်ဆောက်ထားခဲ့ရတဲ့ ထောက်လှမ်းရေး (ကွန်ယက်) နှင့် ချိတ်ဆက်မှု အားလုံး ရာနူန်းပြည့်နီးပါး ရပ်တန့် ပျက်စီးခဲ့ရပါတယ်။ ယခင်က လ္ဘက်ရည်ဝယ်၊ စားပွဲထိုးသာသာ အဆင့်ရှိတဲ့ SB ခေါ်တဲ့ သတင်းတပ်ဖွဲ့လည်း မျက်ကန်းဘဝ ရောက်ခဲ့ရတယ်။ အသစ်ဖွဲ့စည်းခဲ့တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး အနေနဲ့ လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ချက်များကြောင့် နိုင်ငံရေးကိစ္စများမှာ ပါဝင်ပတ်သက်မှု ယခင်ကလို ချုပ်ကိုင်လို့ မရတော့ဘဲ SB နဲ့ ညှိနှိုင်း ဆောင်ရွက်ရတဲ့ အနေအထား ရှိလာရတယ်။ ဒုသမ္မတ ဦးဥာဏ်ထွန်းရဲ့ နောက်ကြောင်း ရာဇာဝင် တင်ပြတဲ့ အပေါ်မှာ SB က ဦးဥာဏ်ထွန်းဟာ ကုလားအနွယ်ဝင် ဖြစ်တယ်လို့ တင်လာတဲ့အပေါ် စရဖက SB Report အပေါ် မင်းတို့ ဆက်မလုပ်ဖို့ သတိပေးပြီး ဝင်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းတာဝန် ကွဲကွဲပြားပြား မရှိတဲ့အတွက် စရဖနဲ့ SB သူလုပ်ရမလို ကိုယ်လုပ်ရမလိုနဲ့ လစ်ဟာချက်တွေ ရှိနိုင်တယ်။ ယခု စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အရေးအခင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာရတဲ့ အကြောင်းရင်း တွေထဲမှာလည်း အဲဒီဆိုးကျိုး သက်ရောက်မှုကြောင့်ဆိုတာ အနည်းနဲ့အများ အကျုံးဝင်နေမှာ ဖြစ်ပါတယ်။

အယ်ဒီတာ။          ။ ရခိုင်ကိစ္စ လက်ပန်းတောင်းတောင် ကိစ္စ၊ ကချင်ပြည်နယ် KIA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ  ဆိုရင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား အားနည်းမှုတွေကို ဖော်ပြမနေဘူးလား။



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေး ကော်မရှင် (၂/၂၀၁၂) အစည်းအဝေး

ဗိုလ်မှူးကြီး။          ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီနှင့် ရခိုင်အရေးအခင်း သတင်းတွေဟာ သတင်း ဖေါင်းပွနေပြီး သမ္မတ ထုတ်ပြန်ချက် ပြန်လည် ရုတ်သိမ်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ သမ္မတ ထုတ်ပြန်ချက် မထုတ်ပြန်ခင်မှာ သေသေချာချာ စဉ်းစားဆုံးဖြတ်သင့်တယ်။ အစိုးရအဖွဲ့ ကာကွယ်ရေး ဝန်ကြီး ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်လှမင်းလည်း တပ်မတော်သို့ ပြန်သွားရတဲ့အထိ ဖြစ်သွားတယ်။   ကချင်ပြည်နယ် တိုက်ပွဲတွေမှာ သမ္မတရုံးက ပြောတဲ့လေသံတွေနဲ့ တပ်မတော် အသံလွှင့်ဌာန မြဝတီက ထုတ်လွှင့်ချက်တွေဟာ လွှဲချော်နေတာ တွေ့ရတယ်။ လေယာဉ်နဲ့ မတိုက်ဘူး ပြောပြီးမှ တိုက်တယ် ဖြစ်ပြန် ရောဗျ၊ လဂျားယန်စခန်း သိမ်းပွဲသတင်းကို မြဝတီက အရင်ထုတ်ပြန်ခဲ့ပြီးမှ မြန်မာ့အသံက နောက်တစ်ရက်ကျမှ ထုတ်ပြန်သွားတာ တွေ့ရှိရတယ်။ သမ္မတက လက်အောက်ခံ ၀န်ကြီးတွေဟာ သတင်းတွေ စီစစ်တင်ပြမှု အားနည်းပြီး လုပ်ငန်း အကောင်အထည် ဖေါ်ရာမှာ အပြန်အလှန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အားနည်းချက်ကို ထောက်ပြသွားတယ်လို့ အခမ်းအနား တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒီလို အရေးအခင်းတွေ ဖြစ်ပြီဆိုရင် သတင်းဌာန မီဒီယာတွေဟာ ယခင်နဲ့မတူ မြန်ဆန်သလို သတင်းဖေါင်းပွဲ နိုင်တာကြောင့် သတင်း တည်းဖြတ်မှု အားနည်းချက်တွေ ရှိရပါတယ်။ ယခုဆိုရင် သာသနာရေးဝန်ကြီး သူရဦးမြင့်အောင် နှုတ်ထွက်သွားပြီဆိုတော့ ဘုန်းကြီးတွေကို နိုင်အောင် မထိန်းနိုင်ဘူးဆိုကာ ဖြုတ်ထုတ်ချ လမ်းစဉ် စပြီပေါ့ဗျာ။ ဘုန်းကြီးတွေကို တောင်းပန်တဲ့ ပွဲဟာ ကမ္ဘာအေးမှာ လုပ်ခဲ့ပေမယ့် ဘုန်းကြီးတွေက လက်မခံတာကြောင့် မန္တလေးမှာ ထပ်ပြီးတောင်းပန်ပွဲ လုပ်ခဲ့ရတာမို့ အဲဒါကိုကြည့်ရင် သမ္မတနဲ့ ဝန်ကြီးတွေ အကြိတ်အနယ် ဖြစ်ခဲ့တာ သေချာတယ်ဗျာ။ သမ္မတရုံးက ဝန်ကြီးဦးလှထွန်းက မန္တလေးမှာ ဘုန်းကြီးတွေကို တောင်းပန် နေချိန်မှာ သမ္မတက အလုပ်များချင် ယောင်ဆောင်နေတယ်ဗျာ။ တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကိုယ်တိုင် မတောင်းပန်တာ စဉ်းစားလို့ မရဘူး။ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ယခင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ဆိုရင် သမ္မတနှင့် အမျိုးသား ညီလာခံမှာ အတူတူတာဝန် ထမ်းဆောင်ခဲ့တာမို့ ပိုင်တယ်ဆိုပြီး အစိုးရသစ် ဖွဲ့တာနဲ့ ခပ်ကြမ်းကြမ်း တာထွက်ခဲ့တာပဲ။ မကြာခင်မှာပဲ ဦးကျော်ဆန်းဟာ နှုတ်ကျွံသွားလို့ Media မှာ ပြဿနာ ရှိသွားတာနဲ့ ရာထူးရွှေ့သွား ခံရတယ်။ သတင်း ထုတ်ပြန်ရေးအဖွဲ့ဆိုတာ တော်တော်နဲ့ Media ပေါ်သို့ ထွက်မလာတော့ပဲ  အစိုးရကိုယ်စား တရားဝင် ဘယ်သူက ပြောမလဲ ဆိုတာကို Media တွေက ဘယ်ကို လိုက်ရမှန်း မသိဖြစ် နေတယ်။ နောက်ကျမှ ဦးရဲထွဋ်ဆိုတာ သိလာရတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။