Tuesday, February 19, 2013

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေ

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ လက်ထပ်ပွဲ

၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ နေ့လည် နှစ်နာရီအချိန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ လက်ထပ်ပွဲ ကျင်းပပါတော့သည်။ ညက ခွဲစိတ်ခန်း ၀င်ထားရသည့် အရှိန်ကြောင့် မည်မျှလောက်ကြာအောင် အိပ်ပျော်သွားသည် မသိရပါ။ ကျွန်တော် အိပ်ယာမှ နိုး၍ မျက်လုံးဖွင့်ပြီး လက်မှနာရီကို ကြည့်လိုက်သည့်အခါတွင် နံနက် (၉) နာရီထိုးနေပေပြီ။ ကျွန်တော်လည်း အိပ်ယာမှ လူးလဲထကာ ရေချိုး အ၀တ်အစားလဲ ရပါတော့သည်။ မျက်လုံးများကား ကျိန်းစပ်နေပါသည်။ ကျွန်တော်၊ ဆာဂျင် ကိုကျော့မောင်နှင့်တကွ ဆေးရုံရှိ သူနာပြုဆရာမများ၊ အလုပ်သမားများသည် ဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ အခန်းကျယ်ကြီးထဲတွင် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းပြင်ဆင်ကြပါသည်။ စင်မြင့်ပေါ်တွင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့အတွက် နှစ်ယောက်ထိုင် ဆိုဖာကြီး တစ်လုံးပြင်ဆင်ပေးထားသည်။ ဆေးရုံအလုပ်သမားများအတွက် အပျော်ရွှင်ဆုံးသော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
နောင်တွင် ဆေးတပ်မှ ထင်ရှားသော ဗိုလ်မှူးများ၊
ဗိုလ်ကြီးများဖြစ်လာကြသည့် (ထိုစဉ်က) သူနာပြု ဆရာမလောင်းလေးများမှာလည်း မမောနိုင် မပန်းနိုင်ပဲ မင်္ဂလာ အခမ်းအနားကို မလှလှအောင်၊ မယဉ်ယဉ်အောင် အမျိုးမျိုးပြုပြင် မွမ်းမံနေကြပါသည်။ စင်မြင့်ပေါ်တွင် မဟော်ဂနီရောင် ပြောင်လက်နေသည့် စန္ဒယားတစ်လုံးနှင့် ခန်းမကြီး၏ နောက်ဘက်နံရံတွင် စန္ဒယားတစ်လုံး ပြင်ဆင်ထားပါသည်။ လက်ထပ်ပွဲအတွက် ဆေးရုံရှိ အလုပ်သမားများ အားလုံးလိုလို အလုပ်များနေကြသော်လည်း ကျွန်တော်နှင့် ကိုစံမြင့်မှာမူ ၀တ္တရား မပျက်ရအောင် လူနာများအား လိုအပ်သလို ပြုစု ကုသနေရပါသည်။ အထွေးမှာမူ ဒေါ်ခင်ကြည်အား ဖီးလိမ်းဝတ်စား ပြင်ဆင်ရာတွင် ကူညီလုပ်ကိုင်ပေးနေပါသည်။ နေ့လည် ၁ နာရီခွဲခန့်တွင် ကားကြီး ကားငယ်အသွယ်သွယ်တို့ အလံပြ ဘုရားလမ်း တလျှောက်မှ ဆေးရုံရှိရာသို့ ရောက်လာကြပါသည်။ သစ်လွင်တောက်ပြောင်သော ၀တ်ကောင်းစားလှများနှင့် ဧည့်သည့်တော်များသည်လည်း မင်္ဂလာခန်းမတွင်းသို့ အသီးသီး ၀င်ရောက် နေရာယူကြပါသည်။ စစ်ဘက်မှ ပုဂ္ဂိုလ်ကြီးများသည်လည်း သတိုးသားနှင့် သတို့သမီးတို့၏ ရှေ့နားတွင် နေရာယူပြီးကြပါပြီ။

စစ်မဖြစ်မီခေတ်က အေ၀မ်းရုပ်ရှင် ကုမ္ပဏီမှ နာမည်ကျော် အဆိုတော် ပြည်လှဘေနှင့်မေရှင်တို့ သီဆိုခဲ့ပြီး လူတိုင်း နှုတ်ဖျားတွင် ရေပန်းစားခဲ့သည့် “သက်ဝေ” သီချင်းသံလေးသည် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဧည့်ခံပွဲတွင် သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာပါသည်။ သီဆိုသူမှာ အခြားသူမဟုတ်။ ဆရာကြီး ဦးဘသန်းပင် ဖြစ်ပါတော့သည်။ သီချင်းဆုံးသော် လက်ခုပ်သြဘာသံများ ခန်းမကြီးတစ်ခုလုံး ဆူညံသွားပါတော့သည်။ ထိုအခိုက်တွင်ပင် ခမ်းနားလှသော စစ်ဝတ်စုံကို ၀တ်ဆင်လျက် ဂျပန်စစ်ဦးထုပ်ကို ဆောင်းထားသည့် သတို့သား ဗိုလ်ချုပ်အောင်ဆန်းသည် သတို့သမီး ဒေါ်ခင်ကြည်ကို ယှဉ်တွဲလျက် အပျိုရံ၊ လူပျိုရံများ ခြံရံကာ အခန်းဝတွင် ပေါ်လာပါတော့သည်။
ဧည့်ပရိသတ်များလည်း အားလုံးထပြီး သတို့သားနှင့် သတို့သမီးတို့အား အရိုအသေပြုကြပါသည်။ ဗိုလ်ချုပ်သည် သတို့သမီး၏ လက်ကိုဆွဲပြီး တည်ကြည်သော မျက်နှာပေးနှင့် ခြေလှမ်းမှန်မှန်နှင့်ပင် စင်မြင့်ဆီသို့ လျှောက်သွားပါသည်။ ဗိုလ်ချုပ်တို့ စင်မြင့်ပေါ်တွင် နေရာယူ ပြီးသည့်နောက်မှာမှ ဧည့်ပရိတ်သတ်များလည်း အသီးသီး ပြန်ထိုင်ကြပါသည်။ ကစ်တီဘသန်း (နောင်တွင် ဦးနေ၀င်း၏ ဇနီး ဒေါ်ခင်မေသန်း) သည် စင်မြင့်ပေါ်ရှိ စန္ဒယားရှေ့တွင် ထိုင်ရင်း တီးကွက်စမ်းကာ ဖခင်ဖြစ်သူ ဆရာကြီး ဦးဘသန်း၏ သီချင်းသံကို စောင့်နေပါသည်။ စင်မြင့်ပေါ်ရှိ သတို့သားဗိုလ်ချုပ်မှာ တည်ငြိမ်စွာဖြင့် ရှေ့သို့သာ အာရုံစိုက်ပြီး ကြည့်နေပါသည်။ ကျွန်တော် အပါအ၀င် ဧည့်ပရိတ်သတ် အပေါင်းမှာကား ဒုတိယအကြိမ်ပြန်လည် သီဆိုနေသည့် ဆရာကြီးနှင့် သမီးဖြစ်သူ ကစ်တီတို့၏ သက်ဝေ သီချင်းသံကို အာရုံစိုက်နေကြပါသည်။

ဘီအိုင်အေ ဆေးရုံကြီးနှင့် ဆေးရုံ အမှုထမ်းများကိုသာမက လူနာများ အားလုံးအပေါ်တွင်လည်း သံယောဇဉ်ကြီးမားလှသည့် သူနာပြု ဆရာမကောင်း သတို့သမီး ဒေါ်ခင်ကြည်မှာမူ ငေးမောတွေးတောနေဟန်ရှိပါသည်။ “ငါတော့ ဒီနေ့ကစပြီး ဘီအိုင်အေဆေးရုံကြီးနှင့်တကွ ရဲဘော် ရဲဘက်တွေကို ခွဲခွာရတော့မယ်” ဆိုသည့် ဆွေးစိတ်လေးများ ၀င်ရောက် နေမည်လားတော့ မသိပါ။ ကျွန်တော်ကိုယ်တိုင်သည်လည်း ဒေါ်ခင်ကြည်ကို ငေးကြည့်ရင်း တချိန်က မောင်နှမအရင်းသဖွယ် သွားလာလုပ်ကိုင် နေထိုင်ခဲ့ကြပုံများကို မျက်စိထဲ တရေးရေးမြင်ယောင်မိပါသည်။

တပည့်မ၏ မင်္ဂလာပွဲကို ချီးမြှင့်သည့် အနေဖြင့် သက်ဝေသီချင်းကို ကိုယ်တိုင်သီဆိုနေသော ဆရာကြီး ဦးဘသန်း၏ မျက်နှာမှာလည်း မသာယာလှပဲရှိနေသည်ကို သတိထားမိပါသည်။ ကျွန်တော်ပင်လျင် တာဝန်ကျေလှသော သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ခွဲရမည်ကို နှမြောသယောင်၊ ၀မ်းနည်းသယောင် ဖြစ်နေသေးရာ၊ ဒေါ်ခင်ကြည် အပေါ်တွင် သမီးရင်းပမာ ခင်တွယ်အားထားခဲ့သည့် ဆရာကြီးအဖို့ ကျွန်တော့်ထက်ပိုမို၍ နှမြောပေလိမ့်မည်။ ပို၍ စိတ်ထိခိုက်ပေလိမ့်မည်မှာ မလွဲပင်။ ကစ်တီဘသန်း၏ စန္ဒယားသံနှင့် သီချင်းသံတို့ကိုမူ ဧည့်ပရိသတ်အပေါင်းတို့က ဆူညံစွာ သြဘာပေးလျက်ရှိနေကြပါသည်။

ဤသို့နှင့်ပင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့၏ လက်ထပ်ပွဲကား ပြီးဆုံးခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။