Wednesday, November 19, 2014

မြန်မာစစ်တပ် တစ်ကျော့ပြန်လာပြန်ပြီလား

(Eleven Media Group)



မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်တစ်ပတ်က လာရောက်ခဲ့သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် လုံးဝပြီးစီးခြင်း မရှိသေးဘဲ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ကြောင်း သတိပေးစကား ပြောကြားခဲ့သည်။


သူ၏လေသံသည် ယခင် ၂ဝ၁၂ ခုနှစ် ခရီးစဉ်တုန်းကထက် စိတ်အားထက်သန်မှု နည်းနေသည်ကို သိသာစွာ ဖော်ပြနေသည်။ မကြာသေးခင်က ကျမ်းသစ္စာ ကျိန်ဆိုထားသော သမ္မတဦးသိန်းစိန်၏ အယောင်ဆောင်အရပ်သားအစိုးရသည် ရာစုနှစ်ဝက်နီးပါး စစ်အုပ်ချုပ်မှု တစ်ခန်းရပ်ပြီးနောက် လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အချက်ပြနေသည်ဟု ထိုစဉ်က ထင်ခဲ့ရသည်။



အတိုက်အခံနိုင်ငံရေးသမား အမြောက်အမြား အကျဉ်းထောင်မှ လွတ်လာခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။


သို့သော် ယခုအခါတွင် အတိုက်အခံတို့နှင့် ပါဝါခွဲဝေရေး၊ လက်နက်ကိုင် တိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဆက်ဆံရေး၊ လူနည်းစုအခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ရှိရေး စသည့်အဓိကအရေး အားလုံးနီးပါးတွင် တိုးတက်မှုက ရပ်ဆိုင်းနေပြီဖြစ်သည်။


စစ်တပ်က အာဏာချုပ်ကိုင်မှုကို ထပ်မံတင်းကျပ်လာသောကြောင့် တိုးတက်မှုများ ရပ်ဆိုင်းနေခြင်းဖြစ်သည်။


၂ဝ၁၁ ခုနှစ်တွင် စစ်အစိုးရကို ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ရှေ့နှစ်တွင် ပထမဆုံးသော သမိုင်းဝင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်သည် မကြာသေးခင်လများအတွင်းက သဘောထား ပိုမိုတင်းမာလာခဲ့သည်။


ထိုတပ်မတော်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကိုယ်တိုင်ရယူထားသော အထူးအခွင့်အာဏာကို ပိုမိုကျင့်သုံးလာရုံသာမက ထိုအာဏာကိုပင် ထပ်မံတိုးချဲ့ရန် ကြိုးပမ်းနေသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ယခင်က ကိုယ်ရံတော်၊ အလွတ်တန်းဂျာနယ်လစ် ကိုပါကြီး မကြာသေးခင်က အသတ်ခံရမှုသည် သိသာထင်ရှားသော သာဓကတစ်ခုဖြစ်သည်။ ကိုပါကြီးသည် အောက်တိုဘာအစောပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။ စစ်တပ်သည် အစောပိုင်းက ကိုပါကြီးသေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ပြီး ကိုပါကြီးသည် ထွက်ပြေးရန်ကြိုးစားစဉ် စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဖြစ်ပွားပြီးနောက် သုံးပတ်အကြာတွင်မှ ထုတ်ဖော်ကြေညာခဲ့သည်။


အာဏာပိုင်များသည် ကိုပါကြီးအလောင်းကို စစ်ဆေးရန် ပြန်ဖော်ခဲ့ပြီးနောက် သူ၏ရုပ်ပျက်နေသော ဓာတ်ပုံများသည် Facebook တွင် ပျံ့နှံ့ခဲ့ပြီး လူထုက နာကြည်းဒေါသထွက်ခဲ့ကြသည်။ ယင်းဓာတ်ပုံများက ကိုပါကြီးသည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း သံသယကို ခိုင်မာစေခဲ့သည်။


သို့သော်လည်း ယင်းဖြစ်ရပ်က စစ်တပ်၏ ဝိုင်းရံခံထားရသော စိတ်နေစိတ်ထားကို ပြန်လည်အသက်ဝင်စေခဲ့သည်ဟု ထင်ရသည်။ စစ်တပ်သည် ယင်းအမှုကို အရပ်ဘက်တရားရုံး၌ စုံစမ်းစစ်ဆေးခွင့်ပြုဖွယ် မရှိပေ။ လိုအပ်ပါက စစ်တပ်၏ ယုံကြည်စိတ်ချရမှုကို ကာကွယ်ရန် ၎င်း၏တပ်မှူးများကို တရားစွဲဆိုခြင်းသာ ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်”။


အရပ်ဘက်ကို ကြီးကြပ်မှုပေးခြင်းသည် အန္တရာယ်များမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာ၌ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိကြီးသုံးဦးသည် ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ကရင်တိုင်းရင်းသားတို့ကို ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားချင်းရာဇဝတ်မှုများနှင့် ဆက်နွှယ်နေကြောင်း အမည်တပ်ပြောကြားခဲ့သည်။


အသွင်ကူးပြောင်းရေး တရားစီရင်မှုသည် စစ်တပ်၏စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်မှုဖြစ်သည်။ ထို့ပြင် အတိတ်ကလည်း ယင်းကဲ့သို့ ခြိမ်းခြောက်မှုသည် အာဏာသိမ်းမှု မှန်ကန်ကြောင်း ကာကွယ်ရန်အတွက် နေရာတကျဖြစ်သည်။


ယနေ့အရေးသည် စစ်တပ်က အာဏာသိမ်းမည်လားဟု သိပ်အများကြီး စဉ်းစားရမည့်အရေး မဟုတ်ပေ။ အချိန်က ပြောင်းလဲသွားပြီဖြစ်သည်။ သို့သော်လည်း ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခန့်သာ လိုတော့ပြီး ပြည်သူလူထု၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရချိန်တွင် စစ်တပ်၏ကျဉ်းမြောင်းသော အကျိုးစီးပွားကို မည်ကဲ့သို့ကာကွယ်ရန်က ပိုအဓိကကျသည်။


ယင်း၏ဖြေရှင်းမှုနှင့် ပတ်သက်သော အခြားကိုက်တံတစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်သည်။ ၂ဝ၁၃ ခုနှစ် တစ်လျှောက်လုံး၌ ပါလီမန်ကခန့်ထားသော အထူးကော်မတီတစ်ရပ်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုးတက်မှုရှိမရှိနှင့် ယင်းကိုမည်သို့မည်ပုံ တိုးတက်အောင် ပြုလုပ်ရမည် ဆိုသည်တို့နှင့် ပတ်သက်၍ အများပြည်သူတို့ထံမှ သဘောထားအမြင်များ တောင်းခံခဲ့သည်။ သီးခြားအသနားခံစာ တစ်စောင်တွင် အဓိကအတိုက်အခံပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အပိုဒ်ကို ပြင်ဆင်ရန်အတွက် ပြည်သူလူထုထံမှ လက်မှတ်ပေါင်း ငါးသန်းကို စုဆောင်းခဲ့သည်။ ပြင်ဆင်ရေးအပိုဒ် အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကသဘောထားများကို ပြင်ဆင်ရန်အတွက် ပါလီမန်တွင် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုလိုအပ်သည်။ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားကိုယ်စားလှယ်များက ဥပဒေအရ ရယူထားသောကြောင့် စစ်တပ်ကို ဗီတိုအာဏာပေးထားသကဲ့သို့ ရှိသည်။ ၎င်းအပြင် ယင်းကဲ့သို့ ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲအများစုရရှိရန်လည်း လိုအပ်သည်။ ယင်းကဲ့သို့ သတ်မှတ်ချက် အလွန်အမင်း မြင့်မားခြင်းက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်အောင် ကြိုတင်ကန့်သတ်ထားခြင်းနှင့် အခွန်ကောက်ခံခြင်းအပေါ်နှင့် တိုင်းရင်းသားလူမျိုးစု ဒေသများတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ခန့်ထားခြင်းတို့အပေါ် လွှမ်းမိုးထားသော အပိုဒ်များကို ပြင်ဆင်ခြင်းအပါအဝင် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုမဆို ပိတ်ဆို့ထားသည်။


လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်တွင် ငြင်းခုံမှုများအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်မည်ဆိုသည့် အပိုဒ်ကို ယခင်အတိုင်း ဆက်လက်ထားရှိသင့်ကြောင်း ကြေညာခဲ့သည်။ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ပေးရန်အတွက် မည်သည့်အခါတွင်မှ စဉ်းစားမည်မဟုတ်ပေ။ သို့သော် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များအကြား ထောက်ခံမှုကို ရရှိပါက ယခုအချိန်တွင် တိုင်းရင်းသားလူမျိုးစု ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်ပေးရန် လိုလားနေပုံရသည်။ မကြာသေးမီက တိုင်းရင်းသားလူမျိုးစု အဖွဲ့များနှင့် အစေးမကပ်မှုသည် သိသာသော အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး ကြီးထွားလာနေသော မလုံခြုံမှု လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ စစ်တပ်၏ သဘောထားတင်းမာလာသော အန္တရာယ်များက ဦးသိန်းစိန်အစိုးရနှင့် သဘောထားကွဲလွဲမှုကို ဖြစ်စေသောကြောင့် ယင်းသည် အထူးသဖြင့် နိမိတ်မကောင်းသော အရာတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ဒီဇင်ဘာက စစ်အစိုးရဟောင်း၏ လက်ခွဲဖြစ်သော အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့်ပတ်သက်သော အပိုဒ်ကိုပြင်ဆင်ရန်အတွက် အခြေအနေအရ အတည်ပြုပေးရန် အာမခံကြောင်း ပြောကြားထားသည်။


လစ်ဘရယ်ကျအောင်ပြုလုပ်သည့် ကနဦးကာလအတွင်း စစ်တပ်သည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများနောက်သို့လိုက်ရန် ဂရုပြုခဲ့သည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ စီးပွားရေးဆိုင်ရာနှင့် နည်းဗျူဟာဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ခြင်းမှလွဲ၍ ကိုယ်တိုင်က စစ်တပ်ဗျူရိုကရက် တစ်ဦးဖြစ်ခဲ့သော သမ္မတ၏ နိုင်ငံရေးလုပ်ငန်းစဉ်ကို အာခံမှုနည်းပါးခဲ့သည်။ သို့သော် ဦးသိန်းစိန်အား အကူအညီပေးနေသည့် အကြီးတန်းအကြံပေးများစွာ၏ အဆိုအရ သမ္မတနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးသည် သဟဇာတဖြစ်မှု တိုး၍တိုး၍ ပျက်ယွင်းလာနေသည်ဟု သိရသည်။ သူတို့နှစ်ဦးစလုံးနှင့် နီးစပ်သော ရင်းမြစ်များစွာတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နောက်ပိုင်းတွင်ဖြစ်ပေါ်လာသော ပို၍တင်းမာသည့် နည်းဗျူဟာများသည် ၁၉၉၂ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ စစ်တပ်ခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စတိုင်နှင့် ဆင်တူယိုးမှား ဖြစ်နေသည်ဟု ဆိုသည်။ ယင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နောက်ကွယ်မှ ကြိုးကိုင်နေဆဲဖြစ်သည်ကို ထောက်ပြလျက်ရှိသည်။


နောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင်ပိုင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (N.D.S.C) ၏ အခန်းကဏ္ဍကို ချဲ့ထွင်ရန်အတွက် တောင်းဆိုလာသည်။ N.D.S.C သည် စစ်တပ်က လွှမ်းမိုးထားသော အဖွဲ့ဝင် ၁၁ ဦးပါသည့် အဖွဲ့ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခွင့် အပါအဝင် အတိုင်းအတာ ကျယ်ပြောလှသော အာဏာကို ရယူထားသည်။ လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်ငြင်းခုံမှုများအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံ လစ်လပ်ပါက N.D.S.C တွင် ပါလီမန်ကို ဖျက်သိမ်းပိုင်ခွင့်ရှိသင့်ကြောင်း အဆိုပြုခဲ့သည်။


ယင်းအဆိုပြုချက်သည် သီးခြားကိစ္စတစ်ရပ်ဖြစ်ပါက ယင်းသည် စစ်တပ်က သူ၏ဩဇာအရှိန်အဝါကို မြှင့်တင်ရန် လုပ်ဆောင်ချက်တစ်ရပ်မျှသာ ဖြစ်နိုင်သည်။ သို့သော် မကြာသေးမီက ယင်းကဲ့သို့သော ရွှေ့ကွက်များစွာထဲမှ တစ်ခုကဲ့သို့ သဘောထားပါက ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာထင်မြင်ချက်၊ မဲဆန္ဒရှင်များ၏ဆန္ဒနှင့် ဦးသိန်းစိန်နှင့် ဆက်ဆံရေးတို့ကိုပင် အထူးတလည် ထည့်မတွက်ဘဲ ၎င်းတို့၏ ရပ်တည်ချက်ကို မာမာထန်ထန် ပြသလိုက်ကြောင်း အထောက်အထားတစ်ရပ်ဖြစ်သည်။ ကတိကဝတ်များနှင့် အချိန်အခိုက်အတန့်လေးပြီးနောက် မြန်မာနိုင်ငံအသစ်သည် အဟောင်းနှင့်ပို၍ပို၍ ပြန်တူလာနေလေပြီ။


(နိုဝင်ဘာ ၁၇ ရက် The New York Times သတင်းစာ၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သော ဆောင်းပါးရှင်ဦးမင်းဇင်၏ Return of the Myanmar Military? ဆောင်းပါးကို ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။