Tuesday, November 4, 2014

တွေ့ဆုံဆွေးနွေးရေးကို ဘာကြောင့် ငြင်းပယ်နေရသလဲ



ထက်မြက် 4 November 2014

စစ် အာဏာရှင်များ သည် စစ်ဗိုလ်ချုပ်များ ပီပီ တွေ့ဆုံ ဆွေးနွေးပွဲများကို စစ်ရေး အမြင်ဖြင့်သာ ကြည့်၏။ ယခုမိမိတို့ အခြေအနေမှာ ခိုင်မာတောင့် တင်း နေသောကြောင့် တွေ့ ဆုံဆွေးနွေးရန် မလိုပေ … သူတို့အကျိုးစီးပွား ကာကွယ်ရေးကို အခြေခံပြီး မည်သူနှင့်မဆို တွေ့ဆုံ ချင်မှ တွေ့ဆုံပေမည်။ ထိုမဟာဗျူဟာမှာ ဗိုလ်သန်းရွှေ ချမှတ်ခဲ့သော မဟာဗျူဟာ ဖြစ်လေသည် . . . ~~~~~~...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


တွေ့ဆုံ ဆွေးနွေးရေးသည် “နတ်ကြီးသည်”ဟု ပြောရလေမလား မသိ။ တွေ့ဆုံ ဆွေးနွေးရေး အတော် များများမှာ အောင်မြင်သည် ကနည်းပြီး မအောင်မြင်သည်က များနေပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု သမိုင်းတွင် တန်းတူ ညီတူ တွေ့ဆုံဆွေးနွေးပွဲ မှန်သမျှ ပျက်သွားတာ ချည်းသာဖြစ်ပါ သည်။ တွေ့ဆုံ ဆွေးနွေးပွဲများ အတွက် တောင်းဆိုကြ သည်တွင်လည်း အင်အား ကောင်းသူများက သာ တောင်းဆို ကြသဖြင့် တွေ့ဆုံ ဆွေးနွေးပွဲများမှာ အင်အားနည်းသူက အင်အားကောင်းသူကို ရင်ဆိုင်နိုင်မှ ဖြစ်မြောက်လေ သည်။ ဂျက်ဖနာကျွန်းမှ တမီလ်ကျားအဖွဲ့ကို မနှိမ်နင်းနိုင်သည့် သီရိလင်္ကာ အစိုးရသည် တမီလ်ကျား အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုချက်ကို လိုက်လျောခဲ့ရလေ သည်။ နောက်ဆုံးကုန်းရော၊ ရေရော၊ လေရော အပြင်းအထန် ထိုးစစ်ဆင်ကာ အရပ်သား ပြည်သူထောင်နှင့်သောင်းနှင့် ချီပြီး အသက်ပေးပြီးမှ တမီလ်ကျားတို့ကို အပြတ်ချေမှုန်း လေတော့ သည်။ နီပေါပြည်တွင်းစစ်၌မူ ထိုသို့မဟုတ်။ နီပေါကွန်မြူနစ်ပါတီ မော်ဝါဒီတို့က အစိုးရစစ်တပ်နှင့် အင်အားသုံးချိုး တစ်ချိုးလောက် ရှိသလို ကျေးလက် ပြည်သူများ၏ ထောက်ခံ မှုလည်း ရှိသောကြောင့် အပစ်အခတ် ရပ်စဲရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးမှာ အဆင်ပြေချောမွေ့ခဲ့ သည်။ မော်ဝါဒီများဘက်မှလည်း လက်နက် စွန့်လွှတ်ရေးနှင့် မြေပေါ် တက်လာခွင့်ကို သဘောတူသလို အစိုးရ ဘက်မှလည်း ပါတီတည်ထောင်ခွင့်နှင့် ဘုရင်စနစ် ဖျက်သိမ်းရေးကို သဘောတူ ခဲ့လေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် တွေ့ဆုံဆွေးနွေးရေးကို အတိုက်အခံများက တောင်းဆိုပြီး အစိုးရနှင့် စစ်တပ်က ငြင်းဆိုခဲ့ပါသည်။ အတိုက်အခံများ၏ အင်အားက သူတို့ကို ခြိမ်းခြောက်ခြင်း မပြုနိုင် လေလေ အာဏာပိုင်များက လက်နက်ကိုင်များကို အပြုတ်တိုက်ရေးသာ ခေါင်းထဲရှိခဲ့သည်။ တွေ့ဆုံ ဆွေးနွေးရေးကို ဖဆပလ လက်ထက်ကလည်း လက်နက်နှင့် ဒီမိုကရေစီလဲပါဟု လက်နက်ချရေး လမ်းစဉ်ကိုသာ ဦးနု အစိုးရက တင်ပြီး ပြည်သူ့ရဲဘော်လို အဖွဲ့က လက်နက်သာ စွန့်ခဲ့ရပြီး အစိုးရက တောင်းဆိုချက်များကို လက်တွေ့ အကောင် အထည်ဖော်ခြင်းမရှိခဲ့ပေ။ ကိုယ်စားလှယ် အချင်းချင်းကျိတ်၍ ဆွေးနွေးသော ကျိတ်ဝိုင်းများသာ ရှိခဲ့လေသည်။ အာဏာသိမ်း စစ်အစိုးရလက်ထက် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ပွဲကား အောင်မြင်သည်၊ မအောင်မြင်သည်ထား။ မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးသော တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အစိုးရ အာဏာကို ခြိမ်းခြောက်နိုင်သော တပ်အင်အား ကြီးကြီးမားမားမရှိ၍ အစိုးရဘက်က တစ်ဖက်စီးနင်း တောင်းဆိုချက်များဖြင့် ငြိမ်းချမ်းရေးကို ဖျက်လိုက်သည်။ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။ ၁၉၈၀ က လားရှိုးတွင် ဗိုလ်ချုပ်အေးကိုနှင့် ဗကပ ဘက်မှ သခင်ဖေတင့်တို့ တွေ့ဆုံ ဆွေးနွေးပြန်သည်။ အစိုးရဘက်မှ တွေ့ဆုံ ဆွေးနွေးချင်သည်ထက် တရုတ် အစိုးရဘက်မှ ကြားဝင်ဖျန်ဖြေခြင်းကြောင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်၏။ ထိုစဉ်က ဗကပမှာ အထိုက် အလျောက် အင်အားရှိသော်လည်း မဆလ အစိုးရနှင့် စစ်တပ်ကို အာဏာ လက်လွှတ် လောက်အောင် အန္တရာယ် မပေးနိုင်သောကြောင့် ဗကပတို့၏ တောင်းဆိုချက်ကို လက်မခံခဲ့ပေ။ အတော်များများ ဆွေးနွေး သဘောတူပြီးမှ ပျက်သွားခြင်း မဟုတ်ပေ။ ဗကပ တောင်းဆိုသမျှ အားလုံး လက်မခံဘဲ မိမိတို့ တင်သွင်းသမျှ လက်ခံမှသာ ငြိမ်းချမ်းရေး တည်ဆောက်မည့်သဘော ဖြစ်သည်။ ထိုစဉ်က ဗကပ တင်ပြသည်မှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို မဆလပါတီက ကျင့်သုံးပေးရေးဖြစ်သည်။ ပါတီများ ထူထောင်ခွင့်ပေးပြီး ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပပေးရမည်။ ထိုသို့ဆိုလျှင် ဗကပမှာ မြေပေါ်တက်မည်။ လက်နက် စွန့်မည်ပါတီ တည်ထောင်မည် ဖြစ်သည်။ အလွန်ကျိုးကြောင်း ဆီလျော်သော တောင်းဆိုမှုဖြစ်၏။ သို့သော် စစ်တပ်ကို ကိုယ်စားပြုသော၊ အစိုးရကိုလည်း ကိုယ်စားပြုသော ဗိုလ်အေးကို တောင်းဆိုသည့် အချက်များမှာ (၁) ဗကပ ပါတီ လုံးဝဖျက်သိမ်းပေးရမည်။ (၂)ဗကပ၏ စစ်တပ်ဖြစ်သော ပြည်သူ့ တပ်မတော်ကို ဖျက်သိမ်းပေးရမည်။ (၃) ဗကပ စစ်တပ်၏ လက်နက်အားလုံးကို အစိုးရထံ အပ်ရမည်။ (၄) ဗကပ ယခုရှိနေသော နယ်မြေ အားလုံး သိမ်းပိုက်ထားသော နယ်မြေများ၊ သြဇာခံနယ်မြေများ အားလုံးကို အစိုးရနှင့် စစ်တပ် လက်အောက်တွင်ထား ရှိရမည်။ (၅) ပါတီစုံ ဒီမိုကရေစီစနစ်ကို အစိုးရနှင့် စစ်တပ်က လုံးဝလက်မခံ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီတစ်ခု တည်းသာ ရှိရမည်။ (၆) ဗကပ ခေါင်းဆောင်များ၊ ပါတီဝင်များ နိုင်ငံရေး လုပ်လိုလျှင် မဆလ ပါတီ ထဲဝင်ရောက်ကာ နိုင်ငံရေး လုပ်ခွင့်ရှိသည်။ (၇) အစိုးရ ပြဋ္ဌာန်းထားသော ဥပဒေများကို ဗကပ ခေါင်းဆောင် များနှင့် ပါတီဝင် အားလုံး လိုက်နာရမည်စသော တောင်းဆိုချက်များကြောင့် ထိုဆွေးနွေးပွဲမှာလည်း ပျက်သွား ရပါသည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကြိုးကြားကြိုးကြား ဆွေးနွေးခဲ့သော် လည်း ဖြစ်ဖြစ် မြောက်မြောက် မရှိခဲ့ပေ။ စစ်ထောက်လှမ်းရေးများ သြဇာကြီးသော ကာလက ဗိုလ်ခင်ညွန့်သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရလာသည်။ စီးပွားရေး လုပ်ပိုင်ခွင့်များ၊ လက်နက် ကိုင်ဆောင်ခွင့်များ ပေးခဲ့ သည်။ တချို့လက်နက်ကိုင် ခေါင်းဆောင်များမှာ ကိုယ်ကျိုးစီးပွားရှာကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် လာ၏။ သို့သော် စစ်အာဏာရှင်တို့ကို တော်လှန်သော တိုင်းရင်းသား ပြည်သူများနှင့် တော်လှန်ရေး သမားများမှာ တော်လှန်ရေး ဆက်လက် ဆင်နွှဲကာ တိုက်ပွဲများ ဆက်ရှိနေပြီး တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ညှိညှိနှိုင်းနှိုင်း လုပ်လာနိုင်သည်အထိ ဖြစ်ထွန်းခဲ့သည်ဟုဆိုရမည်။ တွေ့ဆုံ ဆွေးနွေးပွဲများသာ ဖြစ်သည်။ အောင်မြင်သော ငြိမ်းချမ်းရေးကိုကား မတည်ဆောက် နိုင်သေးပေ။ အင်အား တောင့်တင်းသော အစိုးရနှင့် စစ်တပ်က အဓိကကျဆုံးဖြစ်၏။ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်လျှင် မိမိတို့ဘက်က တောင်းဆိုချက်များကို အလျှော့ပေးရမည်။ မိမိတို့သာ မှန်သည်ဟု ဆိုလျှင် ငြိမ်းချမ်းရေးသည် ဝေးသထက် ဝေးနေတော့မည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် တွေ့ဆုံ ဆွေးနွေးရေးအတွက် အတိုက်အခံများက အခိုင်အမာ တောင်းဆိုခဲ့သည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံဆွေးနွေး ဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ၈၈ တိုက်ပွဲကြီးက ပြည်သူလူထု၏ အင်အားကို ပြသနိုင်သည်ကို စစ်အာဏာရှင်တို့ သိမြင် သွားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများ (NLD နှင့် ၈၈ ကျောင်းသားများကို ဆိုလိုသည်) နောက်တွင် ပြည်သူမှာ အုံနှင့်ကျင်းနှင့် ရှိနေ၏။ ထို့ကြောင့် စစ်အစိုးရသည် ၉၀ ပြည့် ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ရသည်။ သို့သော် သစ္စာမဲ့၊ ကတိဖျက်ကာ အာဏာကို မပေးခဲ့ပေ။ ထိုအခြေအနေမျိုး၌ အတိုက်အခံများက သူတို့အင်အားကို သူတို့ ပိုယုံကြည်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တောင်း ဆိုသော တွေ့ဆုံ ဆွေးနွေး ပွဲများကို လုံးဝမပယ်ခဲ့သော်လည်း စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်များဖြစ်သော ဗိုလ်သန်းရွှေ၊ ဗိုလ် မောင်အေး၊ ဗိုလ်ခင်ညွန့်တို့နှင့် တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံ ဆွေးနွေးပွဲကား မဖြစ်ခဲ့ပေ။ ထို့နောက် ၃ ပွင့်ဆိုင် တွေ့ဆုံရေးကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပြန်သည်။ တိုင်းရင်းသား ခေါင်းဆောင်များ၊ NLD နှင့် စစ်ခေါင်းဆောင်များ တွေ့ဆုံရေး ဖြစ်သည်။ ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပပေးရေးကို အဓိက ထားသော်လည်း ငြိမ်းချမ်းရေးအတွက်လည်း ဆွေးနွေးရန် ဖြစ်ပါသည်။ ထိုစဉ်က အတိုက်အခံများမှာ အပြင်းအထန် ချေမှုန်း ခံနေရသည်။ ၈၈ ကျောင်းသားများဆိုလျှင် ထောင်နှစ်ရှည် ကျခံနေရကာ တချို့မှာ နယ်စပ်နှင့် တခြားနိုင်ငံများတွင် ခိုလှုံနေကြရသည်။ အင်အားအရ စစ်အစိုးရမှာ အသာစီးတွင် ရှိနေပါသည်။ ပြည်သူကို သူတို့ထင်သလို ဖိနှိပ်ထားနိုင်သော အခြေအနေမျိုးနှင့် အတိုက်အခံများမှာမူ ၈၈ အရေးတော်ပုံ တုန်းကလို အခြေအနေမရှိဟု ယူဆထားသဖြင့် ၃ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ငြင်းပယ်ခဲ့၏။ စစ် အာဏာရှင် များသည် စစ်ဗိုလ်ချုပ်များပီပီ တွေ့ဆုံ ဆွေးနွေးပွဲများကို စစ်ရေးအမြင်ဖြင့်သာ ကြည့်၏။ ယခုမိမိတို့ အခြေ အနေမှာ ခိုင်မာ တောင့်တင်း နေသောကြောင့် တွေ့ဆုံ ဆွေးနွေးရန် မလိုပေ။ သူတို့အကျိုးစီးပွား ကာကွယ်ရေးကို အခြေခံပြီး မည်သူနှင့် မဆို တွေ့ဆုံချင်မှ တွေ့ဆုံပေမည်။ ထို မဟာဗျူဟာမှာ ဗိုလ်သန်းရွှေ ချမှတ်ခဲ့သော မဟာဗျူဟာ ဖြစ်လေသည်။ ဗိုလ်သန်းရွှေသည် သူမွေးထုတ်ထားသော လူများကို ကျိုးနွံအောင် မွေးထုတ်နိုင်စွမ်းရှိ၏။ ဗိုလ်နေ၀င်းလို အပေါ်စီးက ဟိန်းဟောက်ကာ မွေးမြူထားခြင်း မဟုတ်သောကြောင့် ဗိုလ်သန်းရွှေ၏ ငယ်မွေးခြံပေါက်များမှာ သူအနားယူသွားသော်လည်း သူ၏ လွှမ်းမိုးမှုက ရှိနေဆဲ၊ သူ၏ အမိန့်သည် တည်မြဲနေဆဲ ရှိပါသည်။ ထို့ကြောင့်လည်း ပြုပြင် ပြောင်းလဲပါမည်ဟု ဟိတ်တစ်လုံး ဟန်တစ်လုံးဖြင့် ကြွေးကြော်ခဲ့သော စစ်ဗိုလ် တစ်ဖြစ်လဲ အစိုးရ အဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည် တင်ပြ တောင်းဆိုသည့် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ငြင်းဆိုခဲ့ခြင်း ဖြစ် ပါသည်။ ထိုလမ်းကြောင်းမှာ ယခင်က ဗိုလ်သန်းရွှေ ကျင့်သုံးခဲ့သော လမ်းကြောင်း၊ ဗိုလ်သန်းရွှေ ချမှတ်ခဲ့သော မဟာဗျူဟာ ဖြစ်ပါသည်။ ပါတီပေါင်းစုံ တွေ့ဆုံလျှင် သဘာဝ ကျသည်ဟု အကြောင်းပြသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ငြင်းပယ်သည်မှာ တွေ့ဆုံ ဆွေးနွေးရမှာ ကြောက်လို့လား။ ဒီမိုကရေစီလမ်းကြောင်း လျှောက်ရမှာ မလိုလားဘူးလားဟု သံသယ ဖြစ်စရာ ရှိပါသည်။ စစ်တပ်က ပုဒ်မ ၄၃၆ မပြင်ပေးနိုင်ဟု လွှတ်တော် ကိုယ်စားလှယ် (လူထုက မရွေးသော စစ်တပ် ကိုယ်စားလှယ်များ) စစ်ဗိုလ်များမှ တစ်ဆင့် အဖြေပေးလိုက်၏။ ၅၉(စ)ကိုလည်း ပြည်ခိုင်ဖြိုးက ပြင်မပေးနိုင်ဟု အဖြေပေးပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄ ပွင့်ဆိုင် တွေ့ဆုံရေးမှာ မဖြစ်နိုင်တော့ပေ။ သူတို့၏ ညောင်နှစ်ပင် စီမံကိန်းအရ ထိုအချိန်က လွတ်ကျန် သွားသော PR စနစ် အတည်ပြုရေးကို ယခုလည်း လွှတ်တော်တွင် အသည်းအသန် အတည်ပြုချက်ရအောင် ကြိုးစားနေသည်။ အလံရှူး နိုင်ငံရေးသမားများ၊ အလံရှူး စာရေးဆရာများ၊ အလံရှူး အကြံပေးပုဂ္ဂိုလ် များဖြင့် ဆောင်ရွက်နေသောကြောင့် ငြိမ်းချမ်းရေး ဝေးသွားပြီလား ဟု အားလျော့နေသလို တွေ့ဆုံ ဆွေးနွေးပွဲ မှာလည်း မရေရာသောကြောင့် အချိန်ရှိတုန်း ပြည်သူကို အခိုင်အမာ စည်းရုံးဖို့သာ လိုပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald





No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။