Tuesday, March 26, 2013

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း


ဒေါက်တာလွဏ်းဆွေ
မတ်လ ၁၃ ရက်နေ့တွင် လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောပြမှုကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်ပြီးနောက် သိပ်မကြာမတင် မတ်လထဲမှာပင် တုန်လှုပ် ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီး ပေါ်ပေါက်လာသည်။

“ဦးပိုင်အကျိုးစီးပွား” အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံ တောင်းအစီရင်ခံစာဖြင့် အကာအကွယ်ပေးသည်ကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်သည့်အပေါ် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ ထိတ်လန့်တုန်လှုပ်သွားပုံပေါ်သည်။ အထူးသဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အကျိုးအမြတ်များ နင်းကန်ရယူထားပြီး စစ်တပ်ကိုလည်း ကြိုးကိုင်ထားနိုင်ဆဲဖြစ်သည့် စစ်ခေါင်းဆောင်ကြီးများ ရှော့ခ်ရသွားပုံပေါ်သည်။


ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပေးသည်ကိုပင် လူထုက လက်မခံ ငြင်းဆန်ပြီဆိုလျှင် သူတို့အကျိုးစီးပွားအတွက် လက်နက်အားကိုးပြီး ကာကွယ်ရန်မှတပါး အခြား နိုင်ငံတကာအမြင်ကောင်းစေမည့် အကာ အကွယ် မရှိတော့၊ မကြာမတင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆိုလာကြမည့် လူထုနှင့် သူတို့ ထိပ်တိုက် တွေ့လာရဖို့သာ ရှိတော့မည်ဟု ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်း ဆောင်ကြီးများ စိတ်ဂဏှာမငြိမ် ဖြစ်လာပုံပေါ်သည်။

- လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေးမှသည် ရခိုင်-ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဖျက်သိမ်းရေး ...

- ထိုမှသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ ဖျက်သိမ်းရေး ...

- ထိုမှသည် ဦးပိုင် ဖျက်သိမ်းရေး ... အထိ မီးခိုးကြွက်လျှောက် လာ တော့မည်ကို စစ်ခေါင်းဆောင်ကြီးများ တွေးလန့်လာပုံရသည်။

အထက်ပါ စိုးရိမ်ပူပန်မှုများကြောင့် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ စိတ်ဂဏှာမငြိမ် ဖြစ်လာပြီး သကာလ ..

- ကြောက်စိတ်နှင့်အတူ နိုင်ငံရေးမျက်လှည့်ပြ လမ်းလွှဲလိုစိတ်များ၊

- တိုင်းသူပြည်သားများ သွေးပျက်ချောက်ခြားအောင် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးပြီး စစ်တပ်အာဏာပြန်သိမ်းတော့မလို အရိပ်အယောင်ပြလိုစိတ်များ ... တဖွားဖွား ပေါ်ပေါက်လာကာ တုန် လှုပ်ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီးနှင့် နောက်ဆက်တွဲ နေရာအနှံ့ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုများကို ဆိုင်းမဆင့်ဗုံမဆင့် ဖန်တီးခဲ့၊ ဖန်တီးနေသည်ဟု နိုင်ငံရေးသတိဖြင့် ဆက်စပ်စဉ်းစား ကြည့်မိပေ၏။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။