Friday, March 1, 2013

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။             ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက်  ပါတယ်။

ဆက်လက်ပြီး အယ်ဒီတာအဖွဲ့ဟာ အငြိမ်းစားယူသွားတဲ့ တပ်မတော်က အရာရှိကြီးတစ်ဦးအား ဆက်လက် မေးမြန်းခဲ့ပါတယ်။ အဲဒီအရာရှိကြီး ဟာ တပ်မှာနေခဲ့စဉ်က သူ့ရဲ့အထက်အရာရှိနဲ့ တွေ့ဆုံခဲ့တုန်း ရှေး ဟောင်းနှောင်းဖြစ် တပ်မတော်ခေါင်းဆောင်များရဲ့ အတွင်းရေးဇာတ် လမ်းများကို သိခဲ့ရလို့ ယခုလို ပြန်ပြောပြပါတယ်။


“ဗိုလ်ချုပ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထပ်ပြီးခါစ ဇနီးမောင်နှံ ကို ဂါရဝပြု လေးစားသောအားဖြင့် သူလက်ရှိနေတဲ့ တာဝါလိန်း အိမ်ကြီး ကို ဖယ်ပေးပြီး အောက်နားမှာရှိတဲ့ အိမ်အစုတ်တစ်လုံးမှာ ဆင်းနေခဲ့ ပေးတယ်လို့ သိရပါတယ်။ မဆလညီလာခံမှာ ဗိုလ်ချုပ်နေဝင်းက တပ်မ တော်ရဲ့ဖခင် အစစ်အမှန်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး သူကတော့ မွေးစားဖခင်ဖြစ်တယ်လို့ ပြောခဲ့တယ်ဗျ။ ဆိုလိုတာက စီနီယာဆိုရင် အမြဲတမ်း ဦးစားပေးတတ်တဲ့ စစ်တပ်ရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာ ရှိတယ်ဗျ။”

အယ်ဒီတာအဖွဲ့။        ။ ဒါပေမဲ့ ဒေါ်ခင်ကြည်တို့ သားအမိကို စစ်အာ ဏာရှင်တွေ ပစ်ပယ်ထားတဲ့ အကြောင်းရင်းတော့ ရှိမယ်ထင်တယ်။ သိရသလောက် ပြောပြပေးပါဦး။

“ဒေါ်အောင်ဆန်းစုကြည် အရွယ်ရောက်လာလို့ သမီးကညာ အခါမလင့် မဖြစ်သင့်တာ မဖြစ်အောင် ဗိုလ်ချုပ်နေဝင်းတို့က တပ်မတော်မှ အရာရှိ တစ်ဦးနဲ့ နေရာချပေးဖို့ ဒေါ်ခင်ကြည်ကို ပြောခဲ့တယ်လို့ အဲဒီ ကျွန်တော့် အထက်အရာရှိက ပြောခဲ့ဖူးပါတယ်။”

အယ်ဒီတာအဖွဲ့။      ။ ဒါဆိုရင် အဘအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကအရာရှိနဲ့ လက်ထပ်ဖြစ်မယ်ဆိုရင် ခန့်မှန်း ဘယ်အပတ်စဉ် လောက်ကနဲ့ ဖြစ်နိုင်မယ်ထင်လဲ။

“ခန့်မှန်းတွက်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် အပျိုဘော် ဝင်ခါစနဲ့ နှိုင်းယှဉ်မယ်ဆိုပါက ဗိုလ်လောင်းအပတ်စဉ် DSA - 8/9 နဲ့ OTS - 33/36 ကျောင်းဆင်းအရာရှိတွေနဲ့ တန်းတူဖြစ်နိုင်ပြီး အဲဒီအချိန်တုန်း က ဗိုလ်နဲ့ဗိုလ်ကြီးအဆင့်လောက် ရှိမယ်ထင်တယ်။ ဆိုလိုတာက ဗိုလ် ချုပ် ခင်ညွန့် ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မိအုံးမှာပါ။ ဒေါ်အောင် ဆန်းစုကြည်ကို ညီမလေးတစ်ယောက်လို ခင်တယ်ဆိုတာလေ၊ ဗိုလ်ချုပ် ခင်ညွန့်က OTS - 25 ဆိုတော့ ပြောလို့ရတာပေါ့”

အယ်ဒီတာအဖွဲ့။          ။ ဒါဆိုရင် လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရွယ်တူလောက် ရှိမှာပေါ့၊ နောက်ထပ် ဇာတ် လမ်း ဘယ်လိုများ ဆက်ဖြစ်သွားသလဲဆိုတာ ဆက်ပြီး အမိန့်ရှိ ပါဦးအဘ။

“ဒေါ်ခင်ကြည်က သမီးရဲ့ကိုယ်ပိုင်ဆန္ဒအရသာ ဖြစ်သင့်တယ်။ သူ့ဘာ သာသူ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးလိုက်ပါ ပြောခဲ့လို့ ဗိုလ်ချုပ် နေဝင်း  နှာကစ်သွားတယ်လို့ ကျွန်တော့်အထက်အရာရှိက ပြောခဲ့ဖူးပါ တယ်။ ပိုဆိုးသွားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်လူမျိုး မစ္စတာအဲရစ်နဲ့ လက်ထပ်သွားတာ ဖြစ်ပြီးတော့ အခြားနိုင်ငံခြားသား လူမျိုးဆိုရင်တောင် သိပ်မပြောဖြစ်ဘူးလို့ ထင်တယ်”

အယ်ဒီတာအဖွဲ့။              ။ ဒီကိစ္စတစ်ခုလေးနဲ့တော့ ဒေါ်ခင်ကြည် တို့အပေါ် စိတ်မကွက်နိုင်သေးဘူး။ နောက် ဘာရှိနိုင်သေးလဲအဘ။

“ဒေါ်ခင်ကြည်နဲ့ဗိုလ်ချုပ်အောင်ဆန်း ဆေးရုံမှာ ဖူးစာဆုံတာကို ဗိုလ်ချုပ် နေဝင်းတို့က သိပ်သဘောမကျဘူးလို့ ထင်တယ်။ တပ်မတော်သား အချို့က ဗိုလ်ချုပ်ကို လွတ်လပ်ရေးတောင် မရသေးဘူး၊ အိမ်ထောင်ပြု တာ ကို ဘဝင်မကျဘူးလို့ အသံထွက်လာတယ်။ ကျွန်တော့်အထင်တော့ ဒါဗိုလ်ချုပ်နေဝင်းစကားဘဲ ဖြစ်မယ်။ တပ်မတော်သားတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းချစ်တယ်၊ မပြောပါဘူးဗျာ။ ဂဠုန်ဦးစောနဲ့ အင်္ဂလိပ်လူမျိုး Captain ဗီဗီယမ်းတို့က ဗိုလ်ချုပ်အားသတ်ခဲ့လို့ ရဲဘော် တွေက သူတို့ကို အစိမ်းလိုက်ဝါးစားကာ အမှုန့်ကြိတ်ချင်နေတာမို့ အင်းစိန် ထောင် လုံခြုံရေးကို ရဲတွေနဲ့သာ တင်းတင်းကြပ်ကြပ် ချထား ခဲ့ရတယ်'

အယ်ဒီတာအဖွဲ့။             ။ ဒါဆိုရင် ဗိုလ်ချုပ်နေဝင်းက ဘာလို့သဘော မကျတာလို့ ထင်သလဲ။

“ကျွန်တော့်အထင်တော့ အမကြီးဒေါ်ခင်ကြည်ဟာ သခင်သန်းထွန်း အမျိုးသမီးနဲ့ ညီအမအရင်း ဖြစ်နေတာမို့ မကြိုက်တာလို့ထင်တယ်။ သခင်သန်းထွန်းဟာ ကွန်မြူနစ်ဖြစ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်တုန်းက လက်တွဲခဲ့ဖူးတယ်။ ကျောင်းသားတွေလက်ထဲမှာ လီနင်စာအုပ်ကိုင်ရင်ဘဲ အဲဒီကျောင်းသားကို အထင်ကြီးကြတာမို့ ကျောင်းသားတိုင်း ကွန်မြူနစ်ဝါဒကို လေ့လာကြတယ်။ ပိုဆိုးသွားတာ ကတော့ ဒေါ်ခင်ကြည်က တရုတ်နိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ပါတီက သခင် ဘသိန်းတင်နဲ့ စာအဆက်အသွယ်ရှိတာကို ဗိုလ်ချုပ်နေဝင်းတို့ ထောက် လှမ်းရေးအဖွဲ့က သိသွားလို့ဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းက ဘယ်လိုဘဲ သူမကို ပစ်ပယ်ထားပေမယ့် အမကြီးဒေါ်ခင်ကြည်အနေနဲ့  အာဇာနည် နေ့ အခမ်းအနားတိုင်း ရန်ကုန်မှာ တက်ရောက်ခဲ့တာမို့ ချီးကျူးပါတယ်။ အာဇာနည်ဗိမာန် ဗုံးခွဲခံရလို့ အမကြီးဒေါ်ခင်ကြည် စိတ်ထိခိုက်ခဲ့ရ တယ်လို့ သိရပါတယ်။ ပြန်လည်ပြုပြင်တဲ့ အချိန်မှာ ဒေါ်ခင်ကြည်ကို သဘောထားမတောင်းဘဲ ဗိုလ်ချုပ်နေဝင်းက သူ့သဘောနဲ့သူ ပြန်ပြင် တာတော့ မှားတာပေါ့ဗျာ”

အယ်ဒီတာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားများရဲ့ အမြင်အား ခြုံငုံပြီး တပ်မတော်အရာရှိကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို မေးမြန်း ခဲ့ပါတော့တယ်။

"ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားမှာ ပြောသွားတဲ့ သတ္တိရှိ သော တပ်မတော်သားများဆိုတဲ့ စကားလုံး အသုံးအနှုန်းဟာ ပြင်းထန် လွန်းပါတယ်။ သံတမန်ရေးရာမှာ ပရိယာယ်ကြွယ်ဝတဲ့ စကားလုံးကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။ တပ်မတော်သားအချို့ ပြောသလို ဒေါ် အောင်ဆန်းစုကြည်ဟာ ရှေ့နောက်စကားတွေမညီလို့ တပ်မတော်အပေါ် မေတ္တာရှိတယ်ဆိုတာကို သံသယ ရှိနေကြပါတယ်။ လက်တွေ့ကျကျ တပ်မတော်သားများနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် အခြေအနေနဲ့ အခွင့် အလမ်း ဖန်တီးပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ရဲ့ဘော်တွေရဲ့ သဘာဝဟာ လက်ရည်တစ်ပြေတည်း အေးအတူ ပူအမျှ ပဲနဲ့ငပိရေ အတူစား လာတဲ့အပေါ် သံယောဇဉ် ကြီးမားတတ်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် ကောင်းတွေလို  ချစ်ကြောက်ရိုသေ လေးစားပြီး မျှော်လင့်တောင့်တနေ သလို အဲဒီ ခေါင်းဆောင်တွေရဲ့ လိုလားချက်အတိုင်း တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက် အသက်ကို ပဓာနမထားပဲ ရှေ့တန်းက ပါဝင်စွန့်လွှတ် အနစ်နာခံဖို့ အသင့်ဘဲဆိုတာကို သိစေလိုပါတယ်။  တကယ်တမ်း သတ္တိရှိဖို့ဆိုတာက တပ်မတော်သားတွေကို ပြောရမယ့်အစား ဒေါ်အောင် ဆန်းစုကြည်ကိုဘဲ တပ်မတော်သားများနှင့် ထိတွေ့ဆက်ဆံ နိုင်ရဲတဲ့ သတ္တိတွေ ပိုရှိဖို့ပြောချင်တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် ရှိတာမို့ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုး အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ထက်စာရင် ပိုသိပါတယ်။
တိုင်းပြည်မပြိုကွဲရေးအတွက် တိုင်းရင်းသားတွေကို လက်တွဲ ခေါ်ယူဖို့ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ကျောချင်းကပ်ပြီး စည်းရုံးလှုပ် ရှားကာ ဒီမိုကရေစီနိုင်ငံ ထူထောင်ကြရပါမယ်။ ရှင်ကြီးဝမ်းကော ရှင်ငယ် ဝမ်းပါ ဝင်ခဲ့ဖူးတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးကို တိုးတက်အောင် မလုပ်တတ် တဲ့ တပ်မတော်ဟာ နိုင်ငံရေးလုပ်ဖို့ပါ စိတ်ကုန်နေပြီး နိုင်ငံတည်ငြိမ် အေး ချမ်းအောင် လုပ်ဆောင်ပြီးပါက ဒေါ်အောင်ဆန်းစုကြည် တားချိန်တောင် မရပဲ တပ်ဘားတိုက်ကို ကျောပိုးအိတ်ပိုးပြီး ပြန်သွားမှာ သေချာတယ်ဗျ”

ကဲ ….ဒါတွေကတော့ တပ်မတော်သားတချို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေပါ။

စာဖတ်ပရိသတ်တွေကရော အပြုသဘော ဘယ်လိုများ သုံးသပ်ချင် ကြပါသလဲ…..ကျနော်တို့ဝက်ဘ်ဆိုဒ်ကို ဆက်သွယ် ပေးပို့နိုင်ကြပါ တယ်ခင်ဗျား။
(www.photayokeking.org)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။