Tuesday, March 5, 2013

ရိုက်နှက် စစ်ဆေးခဲ့ရာမှ စစ်သည် တစ်ဦး လက်လွန်ပြီး သေဆုံး

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် အမှတ် (၉၂) ခြေလျင်တပ်ရင်းမှ တပ်သားထွန်းမင်းဇော် (အဖ) ဦးအေးသိန်းဟာ တပ်ရင်းရှေ့တန်းကို ထွက်ခွာတော့မယ့်အချိန်မှာ အချိန်မှီ ပြန်မရောက် လာတဲ့အတွက် သူ့ကို စစ်ဆေးရာမှ လက်လွန်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ သေဆုံးသွားကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက် (၅) နာရီခွဲခန့်က ခလရ (၉၂) တပ်ရင်းဟာ ရှေ့တန်း စစ်မြေပြင်အနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ကရင်ပြည်နယ်ကို စစ်ဆင်ရေးရှေ့တန်း သွားရမှာဖြစ်ပြီး ရှေ့တန်းတိုက် ခိုက်ရေး စာရင်းမှာ တပ်သားထွန်းမင်းဇော်လည်း ပါဝင်ပါတယ်။
ရှေ့တန်းမထွက်ခွာမှီ ဒီဇင်ဘာလ (၂၈) ရက်နေ့ညက တပ်သားထွန်း မင်းဇော်ဟာ အဲဒီတပ်အနီးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အရက် သောက်ခဲ့ကြောင်း သိရပါတယ်။


ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက်ငါးနာရီခွဲခန့်က ရှေ့တန်းကို ထွက်ဖို့ လူစစ်တန်းစီချိန်မှာ တပ်သားထွန်းမင်းဇော် မရှိကြောင်း သိရပြီး ပျောက် ဆုံးနေကြောင်း သတင်းပို့ပါတယ်။ တပ်မှတာဝန်ရှိသူများက အဲဒီစစ် သည်ကို လိုက်လံရှာဖွေဖမ်းဆီးကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ 
အဲဒီနောက် ကြမ်းတမ်းစွာ စစ်ကြောခဲ့တဲ့အတွက် နာရီပိုင်းအတွင်းမှာပဲ အဲဒီစစ်သည် ကွယ်လွန်သွားကြောင်း ဗဟိုကင်းတဲမှ တာဝန်ကျ ရဲဘော် များက တပ်တွင်းမိသားစုဝင်များကို ပြောပြခဲ့ကြောင်း သိရပါတယ်။

မသေဆုံးခင် တပ်သားထွန်းမင်းဇော်အား ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့သေးကြောင်း တပ်ကြပ်ကြီး တစ်ဦးမှ စည်းလုံး ခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org ကို ပြောပြပါ တယ်။

ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ် ခင်မေအုပ် ပြောကြားရာမှာတော့ ဆေးရုံ မရောက်ခင်ကတည်းက သေ ဆုံးနေကြောင်းနဲ့ အသည်းကြီးနေကြောင်းနဲ့ နှလုံးမကောင်းကြောင်း လည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ တပ်သားထွန်းမင်းဇော်ကို သေဆုံးတဲ့နေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာပဲ တပ်တွင်းမှာ မီးသင်္ဂြိုလ်လိုက်ပြီး မိသားစုဝင်များကို ယနေ့ အထိ တရားဝင်အသိပေး ပြောကြားထားတာ မရှိကြောင်း သိရပါတယ်။

မိသားစုဝင်များအနေနဲ့ မီးသင်္ဂြိုလ်မှု မပြုလုပ်ခင် နောက်ဆုံးအချိန်မှာ လည်း တွေ့ခွင့်မရကြောင်း၊ အခုထိလည်း တရားဝင်အသိပေး အကြောင်း ကြားတာမျိုး မရှိသေးသလို တပ်တွင်းမှ မိသားစုဝင်တချို့က ဆက်သွယ် ပြီး ပြောပြမှ သေဆုံးခဲ့တဲ့သတင်းအား  သိရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ တပ်တွင်းမှာတော့ တပ်သား ထွန်းမင်းဇော် သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းရင်း လက်လွန်သွားတယ်လို့ သိရပါတယ်။ တပ်မှ တာဝန်ရှိသူများကို မေးမြန်းချိန်မှာလည်း တစ်ယောက် တစ်မျိုး ပြောဆိုနေလို့ သံသယဖြစ်ကြောင်း ခလရ (၉၂) တပ်ရင်းကို ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက အခုလို ပြောပါတယ်။
“ကျွန်မရဲ့မောင်လေးက အပြစ်ကျူးလွန်တယ်ဆိုရင် ဥပဒေအတိုင်း ဆုံးမ ပေါ့။ အခုဟာက သူတို့ဘက်က လက်လွန်တာ မဟုတ်ဘူးဆိုရင် ထွန်းမင်း ဇော်ရဲ့ နောက်ဆုံးခရီးကိုတော့ မိသားစုဝင်တွေ လာပို့နိုင်အောင် စီစဉ်ပေးသင့်တယ်။ ဆရာဝန်ကြီးကပြောတော့ အသဲကြီး၊ နှလုံးမကောင်း ဘူးတဲ့၊ အဲဒီလို ကျန်းမာရေး မကောင်းတဲ့ လူတစ်ယောက်ကို ရှေ့တန်းပို့ တယ်ဆိုတာ တော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲလို့ ကျမမြင်တယ်။ နောက် ပြီး ဓါတ်ပုံတွေနဲ့  ဆေးစစ်ချက်တွေ တောင်းတော့လည်း ဆေးရုံ က စစ်တပ်ကို မပို့သေးဘူးလို့ ပြောတယ်။ ဆေးရုံကလည်း စစ်တပ်ကို ပို့လိုက်ပြီလို့ ဆေးရုံအုပ်ကြီးကိုယ်တိုင်က ပြောပြန်တယ်”
တပ်မိသားစုဝင်များရဲ့ လူမှုရေးအရ ဆက်သွယ် အကြောင်းကြားမှု ကြောင့် သေဆုံးကြောင်း သိရသလို တာဝန်ရှိသူများ အနေနဲ့ ဘယ်လို သေဆုံးကြောင်း၊  နောက်ဆုံးလစာ၊ ပင်စင်ကိစ္စများမှအဆုံး ယခုအချိန်ထိ တစုံတရာပြောဆိုမှု မရှိတာကိုလည်း တပ်သား ထွန်မင်းဇော်ရဲ့အမက ဆက်ပြောပါတယ်။

“ပန်းတောင်းမီးသင်္ဂြိုလ်စက်မှာ မီးသင်္ဂြိုလ်တယ်လို့ သူတို့ပြောတယ်။ ပန်းတောင်းမှာ မီးသင်္ဂြိုလ်စက် မရှိဘူးဆိုတာ ကျွန်မတို့သိတယ်။ တပ်ထဲ မှာပဲ ထင်းပုံပေါ်တင်ပြီး မီးသင်္ဂြိုလ်လိုက်တာလို့ တပ်ထဲက ထွန်းမင်းဇော် သူငယ်ချင်းတွေက ပြောတယ်။ သေတဲ့နေ့မှာပဲ ဖုတ်ပူမီးတိုက် မီးသင်္ဂြိုလ် တာ လုပ်လိုက်တယ်လို့ သိရတယ်။ ဆေးရုံကြီးက ဆေးစာရွက်မပါပဲ လုပ်ချင်သလို လုပ်နေပါတယ်။ လူနာ သေ၊ မသေ၊ မသိရသေးပဲ မီး သင်္ဂြိုလ်တယ်ဆိုတာ လိမ်ညာပြီး ထင်းပုံပေါ် မီတင်ရှို့တာက တကယ် တော့ တိရိစ္ဆာန်တစ်ကောင်လို အလုပ်ခံရတဲ့သဘော ဖြစ်နေလို့ ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မမောင်လေးရဲ့ ရွှေ လက်စွပ်လည်း ပြန်မရတော့ဘူး။ ဘာဆိုဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူး၊ တာဝန်ရှိတဲ့ အရာရှိတွေကိုယ်တိုင် တစ်ယောက်တစ်မျိုးစီ ပြောကြတယ်။

ခလရ (၉၂) တပ်မှာ ယာယီတပ်ရင်းမှူးအဖြစ် ဗိုလ်မှူး မျိုးမင်းထွန်းမှ တာဝန်ယူထားကြောင်း သိရပါတယ်။ အခုလို တပ်သားထွန်းမင်းဇော် သေဆုံးမှုနဲ့ ပတ်သက်ပြီး ခလရ (၉၂) တပ်ရင်းမှ တာဝန်ရှိသူများကို စည်း လုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က သတင်းယူ မေးမြန်းခဲ့ပေမဲ့ သူတို့အနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြောင်း၊ တပ်မတော်အတွင်း ဖိနှိပ် ညှင်းပန်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် စစ်သည် များရဲ့မိသားစု မှီခိုအခွင့်အရေး ဆုံးရှုံး နစ်နာနေကြောင်း သတင်းပေးပို့ သွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။