Monday, March 11, 2013

တပ်တွင်း ပြဿနာ မဖြေရှင်း ပေးလို့ အဆင့်ဆင့် တိုင်ကြားသူအား တပ်ထဲမှ နှင်ထုတ်

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၉၂) ခြေလျင်တပ်ရင်းအတွင်း နေထိုင်သူ တပ်ကြပ်ထွန်းဝင်းရဲ့ နေအိမ်လိုင်းခန်းမှာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ အိမ်ပိုင်နက်ကျော်နင်းမှု (သို့) ပိုင်နက်ကျူးလွန်မှုကို အရေးယူပေးဖို့ အကြိမ်ကြိမ်တိုင်ကြားသူ တပ်ကြပ်ထွန်းဝင်းရဲ့သား မောင်ဇင်ဝင်းထွန်းကို တပ်တွင်း မလာဖို့နဲ့ တပ်အပြင်ဘက်ရှိ ဈေးတန်းမှဆိုင်ရှင်များကို ၎င်းအား ဈေးမရောင်းဖို့ (ယာယီ) တပ်ရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းမှ အမိန့်ပေးထားတဲ့သတင်းအား တပ်တွင်း မိသားစုများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။

(၁၀.၆.၂၀၁၁) ရက်နေ့ ည (၁၀) နာရီကျော်ခန့်အချိန်မှာ ခလရ (၉၂) တပ်အတွင်း တပ်ကြပ်ထွန်းဝင်း (ကပ-၅၃၁၀၅၉) နေထိုင်ရာ စစ်သည်လိုင်းခန်းနေအိမ်တွင် သမီးဖြစ်သူ (၉) တန်းကျောင်းသူ မအေးဇင်ထွေးတစ်ဦးတည်းနေချိန် ခလရ (၉၂) မှ တပ်သားဇော်နိုင်ဝင်း ကိုယ်ပိုင်အမှတ် (ကပ-တ/၃၅၅၀၇၇)ဟာ အိမ်နောက် ဘေးတံခါးကို ဖျက်ဆီးကာ ဝင်ရောက်လာနေစဉ် မအေးဇင်ထွေးမှ အိမ်နီးနားချင်း များကို အော်ဟစ်အကူအညီတောင်းရာ တပ်သားဇော်နိုင်ဝင်းအား ဝိုင်းဝန်းဖမ်းဆီး ခဲ့ပါတယ်။


မိသားစုဝင်များမှ မကျေနပ်လို့ အဲဒီအချိန်က တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဗိုလ်ကြီးအောင်ပိုင်ငြိမ်း (ကြည်း / ၄၀၆၀၉) ထံ အရေးယူပေးဖို့ တိုင်ကြားခဲ့ရာ တရားခံတပ်သားဇော်နိုင်ဝင်းမှ အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ပြစ်ဒဏ်အဖြစ် အချုပ် (၅) ရက်ချကာ ရှေ့တန်းအင်အားဖြည့်တာဝန်အဖြစ်သာ ပြစ်ဒဏ်ပေးအပ် ခဲ့ပါတယ်။ အဲ့ဒီပြစ်ဒဏ်အပေါ် မိသားစုများမှ မကျေနပ်လို့ ထိထိရောက်ရောက် အရေးယူပေးဖို့ အကိုဖြစ်သူ မောင်ဇင်ဝင်းထွန်းက အကြိမ်ကြိမ်တိုင်ကြားခဲ့မှုအပေါ် လက်ရှိတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူးမျိုးမင်းထွန်း (ကြည်း/ ၃၆၁၃၇)က တိုင်ချင်ရင် တပ်မှာမနေနဲ့လို့ပြောကြားပြီး တပ်ကြပ်ထွန်းဝင်းရဲ့သားဖြစ်သူ မောင်ဇင်ဝင်းထွန်းအား တပ်တွင်းမှ နှင်ထုတ်ခဲ့ပါတယ်။

ဒီအမှုကို ထိထိရောက်ရောက်ပြစ်ဒဏ်ပေးရန် တပ်အတွင်းတာဝန်ရှိသူများကို အကြိမ်ကြိမ်တိုင်ကြားခဲ့ရာမှာ ၁၁.၀၆.၂၀၁၁ ရက်နေ့က ဗိုလ်ကြီးအောင်ပိုင်ငြိမ်း (ကြည်း /၄၀၆၀၉)ကို ပထမဆုံးတိုင်ကြားခဲ့တယ်။ ဒုတိယအနေနှင့် ၂၀.၁၁.၂၀၁၁ ရက်နေ့မှာ ဗိုလ်မှူးအောင်ဇော်လေး (ကြည်း / ၂၈၄၁၂ ) ထံ တိုင်ကြားခဲ့တယ်။

၁၁. ၀၆. ၂၀၁၂ နေ့တွင် တတိယအကြိမ်အဖြစ် ဗိုလ်မှူးမျိုးမင်းထွန်း (ကြည်း/ ၃၆၁၃၇) ကို တိုင်ကြားခဲ့ကြောင်းနဲ့ နောက်ဆုံးအနေနှင့် ၂.၀၁.၂၀၁၃ ရက်နေ့က တိုင်ကြား စဉ်တွင် တိုင်ချင်ရင် တပ်ထဲမှာမနေနဲ့ဟု ဗိုလ်မှူးမျိုးမင်းထွန်းမှ ပြောဆိုပြီး တပ်တွင်းမှ နှင်ထုတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org ကို ရင်ဖွင့် လာရာမှာ “ကျွန်တော့် အဖေ လုပ်သက်က ၃၈ နှစ် ရှိပြီ၊ ကျွန်တော်မွေးတာလဲ အဲဒီ ခလရ (၉၂)မှာပဲ မွေးတာ၊ ငယ်ငယ်ကတည်းက တပ်ထဲမှာပဲ ကြီးပြင်းလာတာ။ ကျွန်တော်တိုင်လို့ဆိုပြီး တပ်ထဲမှာမနေခိုင်းဘူး။ အခုကျွန်တော် အပြင်အဆောင် တစ်ခုမှာ ငှားနေရတယ်။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးယူပေးဖို့ ဗိုလ်မှူးမျိုးမင်းထွန်းကို ခဏခဏပြောတယ်။ အဲဒီမတိုင်ခင်က တပ်ရေးဗိုလ်ကြီး တွေကိုလည်းပြောပါတယ်။ သူတို့ကအရေးမယူတာကြောင့် ကျွန်တော်က သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို တိုင်စာပို့လို့ အရေးယူမှုလုပ်လာတယ်။ စစ်ဆေးရေးအဖွဲ့ တွေလာတော့မှ ကျွန်တော့်ကိုလိုက်ရှာပြီး တပ်ထဲမှာ ပြန်နေခိုင်း တယ်။ အဲဒီအဖွဲ့တွေလည်း ပြန်သွားရော ပြန်နှင်ထုတ်တယ်ဗျာ။ ကျွန်တော့်အဖေကို လည်း တပ်ထဲကနေ အပြင်ကို လုံးဝထွက်ခွင့်မပေးဘူး။ ခြေချုပ်ချထားတာလည်း မဟုတ်ဘူး။ ကျွန်တော့်ကို တပ်ထဲမပြောနဲ့ တပ်အပြင်က ဈေးဆိုင်တွေတောင် လက်မခံဖို့ ဆိုင်ရှင်တွေကို ခေါ်ပြောထားတယ်” လို့ မောင်ဇင်ဝင်းထွန်းက ပြောပါတယ်။

တပ်ကြပ်ထွန်းဝင်းမိသားစုဝင်တွေကို တပ်စည်းကမ်းဖေါက်ဖျက်သူများအဖြစ် သတ်မှတ် ထားကြောင်းနဲ့ တပ်အတွင်းအသွားအလာများကိုလည်း စောင့်ကြည့်ထားရန် လုံခြုံရေး တာဝန်ကျသူများကို ပြောကြားထားကြောင်းနဲ့ တပ်ကြပ်ထွန်းဝင်းအား ရှေ့တန်း စစ်မြေပြင်သို့ ပို့လိုက်ကြောင်း သိရပါတယ်။

“တကယ်ဆို တပ်တစ်တပ်တည်း အတူနေတာ ကိုယ့်နှမလို အမလို စောင့်ရှောက် ရမဲ့အစား အခုလို ဇာတ်တူသားစားတဲ့ကောင်တွေကို ကာကွယ်ပေးနေတာ လုံးဝ နားမလည်နိုင်ဘူး။ ဗိုလ်မှူး မျိုးမင်းထွန်းက ကျွန်တော့်ကို မေးတယ်။ မင်းကို ဘယ်သူက ထမင်းကျွေးထားတာလဲတဲ့။ တပ်မတော်ကို ဂုဏ်သိက္ခာကျအောင် မလုပ်မိစေနဲ့တဲ့။ ကျွန်တော့်ကို နိုင်ငံတော်ကကျွေးထားတာ တပ်မတော်က ကျွေးတာမဟုတ်ဘူးလို့ ပြောလို့ တပ်စည်းကမ်း ဖောက်တယ်ဆိုပြီး နှင်ထုတ်တာတဲ့ဗျာ” ဟု မောင်ဇင်ဝင်းထွန်းက ဆက်လက်ပြောပါတယ်။

တရားခံ တပ်သားဇော်နိုင်ဝင်းမှာ အိမ်ထောင်သည်ဖြစ်ပြီး သူနှင့်ဇနီးမှာ ဗိုလ်မှူး မျိုးမင်းထွန်း၏နေအိမ်တွင် နေ့စဉ်ကိုယ်ရေးကိုယ်တာ ဝေယျာဝစ္စများကို သွားရောက် လုပ်ကိုင်ပေးနေသူများဖြစ်ပြီး ယင်းအမှုအတွက် ငွေလျော်ကြေးနှင့်သာ ကျေနပ်ဖို့ မအေးဇင်ထွေးနှင့် မိသားစုဝင်များကို စည်းရုံးပြောဆိုနေကြောင်း ထပ်မံသတင်း ရရှိပါတယ်။ အဲဒီသတင်းအား ခလရ (၉၂)ရှိ တာဝန်မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားပါတယ်။ ခလရ (၉၂)နဲ့ စစ်ဖက်နီးစပ်သူများက တပ်ရင်းစည်းရုံးရေးကော်မတီ ရဲ့လုပ်ဆောင်ချက်များ ညံ့ဖျင်းမှုရှိပြီး တပ်ရင်းမှူးရဲ့ တပည့်လက်သားအပေါ် ဘက်လိုက်မှုများဟာ ကျောသားရင်သားမခြား အုပ်ချုပ်ရမယ်ဆိုတဲ့ ခေါင်းဆောင်မှုအင်္ဂါရပ်များနဲ့ ညီညွတ်မှုမရှိကြောင်း ဝေဖန်သုံးသပ်သွားကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။